အရေပြားပေါ်က အသားဖုလေးတွေ
အရေပြားကနေ ထွက်လာတဲ့ အသားဖုလေးတွေက အရမ်းအဖြစ်များပြီးတော့ အန္တရာယ် မပေးတတ်ပါဘူး။ ဒါလေးတွေက ခန္ဓာကိုယ်အနှံ့မှာ ဖြစ်တတ်ပေမယ့်လည်း ပွတ်တိုက်မှုများတဲ့ လည်ပင်း၊ ချိုင်း၊ ရင်သားအောက်နဲ့ ပေါင်ခြံတွေမှာ အဖြစ်များပါတယ်။ ပြီးတော့ အဝလွန််တဲ့သူတွေမှာ အဖြစ်များပါတယ်။ ကြီးထွားစေတဲ့ဟော်မုန်းတွေ မြင့်မားတဲ့အချိန် (ကိုယ်ဝန်ဆောင်စဉ်)၊ ဆီးချိုသမားတွေမှာ အဖြစ်များတဲ့ အင်ဆူလင် တုံ့ပြန်မှုမရှိတာနဲ့ မျိုးရိုးဗီဇတွေကလည်း အရေးကြီးတဲ့အပိုင်းက ပါဝင်နေပါတယ်။
ဒီအသားဖုလေးတွေရှိနေတာက ကြည့်ရတာ ရုပ်ဆိုးသလိုဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်စေရုံက လွဲပြီးတော့ သူတို့ကို ခွဲစိတ်ပြီး ဖယ်ရှားရမယ့် အကြောင်းအရင်းရယ်လို့တော့ များများစားစား မရှိပါဘူး။ အဝတ်အစားတွေ၊ ဇစ်တွေနဲ့ ငြိမယ့်နေရာတွေမှာ ရှိနေရင်တော့ နာကျင်တာတွေ၊ သွေးထွက်တာတွေ မဖြစ်အောင်လို့ ဖယ်ရှားချင်ရင်တော့ ရပါတယ်။ နောက်ပြီး မျက်လုံးနားမှာဖြစ်ရင်လည်း ဖယ်ထုတ်ချင်မှာပါပဲ။ တစ်ခါတလေဆိုရင် ဒီမျက်လုံးနားက အသားသီးတွေက အရမ်းကြီးလာပြီးတော့ မြင်ကွင်းမှာ အနှောင့်အယှက်ပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒီတော့ အသားဖုလေးတွေကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်ထားရင် ဆရာဝန်နဲ့ပြပြီး ဖယ်လို့ရသလို သေးရင်တော့ ကိုယ့်ဟာကိုယ် ဖယ်လိုက်လို့ ရပါတယ်။ အသားသီး သေးသေးလေးတွေကို သန့်ရှင်းပြီးတော့ ချွန်ထက်တဲ့ကပ်ကြေးနဲ့ ညှပ်ပြီး ဖယ်လို့ရသလို အသားသီးရဲ့အခြေလေးကို အပ်ချည်ကြိုး (သို့) သွားပွတ်ကြိုးမျှင်မျှင်လေးနဲ့ ချည်ပြီးတော့ အသားသီး ကြွေကျသွားတဲ့အထိ ချည်ထားပေးပါ။
အသားသီးကြီးကြီးတွေကိုတော့ ဆေးခန်းမှာ ဖယ်တာက အကောင်းဆုံးပါ။ ဆရာဝန်က ထုံဆေး ထိုးပေးပြီးတော့ သွေးထွက်မများအောင် ထိန်းပြီး ဖယ်ပေးပါလိမ့်မယ်။ အသားသီးကို အေးခဲစေတဲ့နည်းလမး်နဲ့လည်း ဖယ်လို့ရပါတယ်။
အသားသီးတွေကို ဖယ်လိုက်ပြီဆိုရင် နောက်ထပ် ထပ်ပေါက်လေ့ မရှိပါဘူး။ တခြားနေရာတွေမှာတော့ ပေါက်နိုင်တာပေါ့လေ။ အများအားဖြင့်တော့ ကြည့်ရဆိုးတာ တစ်ခုကလွဲပြီးတော့ ဒါတွေက ပြဿနာ သိပ်ပေးလေ့မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့အရာတွေ ပေါက်လာပြီးတော့ ဒါတွေရဲ့ အရွယ်အစား၊ အရောင်တွေ ပြောင်းလာတာကို သတိထားမိရင်တော့ ဆရာဝန်ဆီ သွားပြပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























