/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ကမ္ဘာ့အရေပြားလေးဖက်နာနေ့-အထိမ်းအမှတ်-အသိပညာပေး-ဟောပြောပွဲ

ကမ္ဘာ့အရေပြားလေးဖက်နာနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          မြန်မာနိုင်ငံတွင် လေးဖက်နာေ၀ဒနာရှင် (၅) သန်းပမာဏရှိကြောင်းကို အရိုးအကြော အဆစ်ဆေးပညာအဖွဲ့ (မြန်မာနိုင်ငံ ဆရာ၀န်အသင်း) မှ ကြီးမှူးပြီး သူနာပြုတက္ကသိုလ်ခန်းမတွင် မေလ (၁) ရက်နေ့က ကျင်းပခဲ့သည့် စတုတၳအကြိမ်မြောက် ကမ္ဘာ့အရေပြားလေးဖက်နာနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲမှ သိရှိခဲ့ရသည်။

          အရေပြားလေးဖက်နာရောဂါသည် လေးဖက်နာရောဂါ အမျိုးအစားအုပ်စုများထဲမှ တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အနှံအပြား မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ကာ အနေအထိုင် အစားအသောက်အပေါ် မူတည်၍ ရောဂါကို ထိန်းညှိကာကွယ်ရသော၊ အရှင်းမပျောက်ကင်းနိုင်သော ရောဂါအမျိုးအစားဖြစ်သည်။

          "အရိုးအကြောအဆစ်ေ၀ဒနာသည်တွေက ကမ္ဘာပေါ်မှာ (၅) သန်းလောက် ရှိပါတယ်။ လူဦးရေအနေနဲ့ တွက်မယ်ဆိုရင်တော့ လူဦးရေ ၁,၀၀၀ မှာ ၂ ယောက်နှုန်း ရှိပါတယ်။ မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ မှာ အနည်းဆုံးတော့ (၅) သန်းလောက်တော့ ရှိနိုင်တယ်။ အဲဒီတော့ ဒီလူဦးရေအရဆိုရင် မြန်မာနိုင်ငံမှာ လေးဖက်နာရောဂါေ၀ဒနာသည်က (၅၀) သန်းလောက် ရှိမယ်။ အခုဆေးကုသပေနေတဲ့ အရိုးအကြောဆစ်ဆေးရုံက တစ်ခုပဲရှိတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ (၅) သန်း ကုသဖို့ လိုအပ်တဲ့နေရာမှာ ကုတင် (၅၀) ပဲ ရှိတယ်။ လူတစ်သိန်းမှာလည်း အရိုးအကြောဆစ် ဆရာ၀န်တစ်ယောက်နှုန်း သူတို့က ခန့်ထားပေးတယ် ဆိုလို့ရှိရင် ေ၀ဒနာသည်များအတွက် လိုအပ်ချက်တွေ အများကြီး ရှိတယ်။ လေးဖက်နာေ၀ဒနာသည်တွေက အချင်းချင်း သူတို့ရောဂါတွေကို ဘယ်လိုကုသတယ်၊ ဘယ်လိုထိန်းညှိ နေထိုင်လဲဆိုတာကို မျှေ၀အသိပညာပေးကြမယ်။ အသိပညာတွေ ဖလှယ်နေထိုင်နိုင်ဖို့အတွက် ယခုလို အသိပညာပေး ဟောပြောရခြင်းတွေကနေ နည်းလမ်းတွေပေးနိုင်ဖို့ ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါတယ်" ဟု အရိုးအကြောအဆစ်ဆရာ၀န်ကြီး ပါမောက္ခဒေါက်တာချစ်စိုးက ပြောကြားသည်။

          "အရေပြားလေးဖက်နာက များသောအားဖြင့် မျက်နှာပေါ်မှာဖြစ်တာ တွေ့ရပါတယ်။ ဒါပေမဲ့ အရေပြားလေးဖက်နာလို့ ပြောပေမယ့် အရေပြားမပါဘဲနဲ့ လေးဖက်နာပဲ ဖြစ်တာလည်း ရှိတတ်ပါတယ်။ တကယ်လို့သာ အရေပြားမှာ အနီရောင်အကွက်တွေ ရှိလာမယ်။ လေးဖက်နာဖြစ်လာရင်တော့ ပိုပြီးမြန်မြန်လေး အရေပြားလေးဖက်နာဆိုတာ သိရှိမယ်လို့ ကျွန်မ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မျက်နှာဆိုတာ အမြဲတမ်း ဂရုစိုက်တယ်လေ။ ထင်ထင်ရှားရှားဆိုလည်း သိနိုင်တယ်။ အနီစက်တွေ ထွက်လာမယ်။ အဖုတွေက တဖြည်းဖြည်း ကြီးလာမယ်။ ဒါမှမဟုတ် နေပူထဲသွားတဲ့ အခါတွေမှာ ရောင်လာမယ်၊ နီရဲလာမယ် သိသာထင်ရှားလာမယ်။ အဲဒီ့နောက်ပိုင်းနေလိုက်ရင် လက္ခဏာလေးတွေက ပြန်ပြီးပျောက်သွားမယ်၊ အရေပြားလေးဖက်နာကို အဲ့လိုမျိုး စတင်ကြတာတော့ တွေ့ရတယ်။ ဒါကြောင့်မို့ ကိုယ့်မှာ ရိုးရိုးပဲ မျက်နှာနီတာလား ဒါမှမဟုတ် ရောဂါကြောင့် ဖြစ်တာလားဆိုတာ ကျန်းမာရေးစစ်ဆေးမှု သေချာလုပ်လိုက်လို့ ရောဂါကို စောစော ရှာတွေ့မယ်လို့ ထင်ပါတယ်။ သူက အဓိကတော့ စပြီးပြောင်းလဲမှုဖြစ်လာရင် နေရောင်နဲ့ ထိတွေ့ရင် ပိုဆိုးလာတယ်။ ပိုပြီးသိသာထင်ရှားလာတယ်။ အရေပြားလေးဖက်နာလက္ခဏာက နေရောင်ကြောင့် ပိုနီလာမယ်။ ပိုကြီးလာမယ်။ နေရောင်ကြောင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ပြင်းထန်တဲ့ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ စပြီးတွေ့ထဲက သေချာဂရုစိုက်မယ်ဆိုရင်တော့ ဖြစ်ပွားတာတွေ လျော့ကျပြီး ရပ်တန်သွားနိုင်ပါတယ်" ဟု အရေပြားရောဂါအထူးကု ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောသည်။

          "World SLE Day" အထိမ်းအမှတ် အခမ်းအနားတွင် SLE အရေပြားလေးဖက်နာရောဂါ ဖြစ်ပွားမှုများနှင့် ရောဂါရှာဖွေကုသမှု၊ ရောဂါလက္ခဏာများနှင့် ရောဂါ၏ဘေးထွက် ဆိုးကျိုးများ၊ အရေပြားလေးဖက်နာရောဂါ ပိုမိုမဆိုးရွားစေရန် နေ့စဉ်လိုက်နာသင့်သည့် နေထိုင်မှုပုံစံ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း ပုံများဖြင့် စိတ်၀င်စားဖွယ် ပြသပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

 

May Su Hlaing

www.drmyanmar.com