ကရုဏာရှင်မိသားစု ဆရာ၀န်များအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကွန်ယက်ချိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
ကရုဏာရှင်မိသားစု ဆရာ၀န်များအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကွန်ယက်ချိတ်ဆက် ပွဲအခမ်းအနားအား မြန်မာနိုင်ငံဆရာ၀န်များအသင်း (ရန်ကုန်)တွင် ကျင်းပခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ဟာစလိုက်တာကတော့ 500/40 နဲ့စခဲ့တာပါ။ 500/40 ဆိုတာ နိုင်ငံရေးအကျဉ်းသား 500 ကို မိသားစုဆရာ၀န် 40 က ကျန်းမာရေးစောင့်ရှောက်မှုပေးတာပါ။ ယနေ့ကာလမှာတော့ လုပ်ငန်းစဉ်ဟာ 540 လို့ခေါ်ပေမယ့် နိုင်ငံရေးအကျဉ်းသားပေါင်း 600 နဲ့ မိသားစု ဆရာ၀န်က 61 ယောက်ဖြစ်လို့ 661 လုပ်ငန်းစဉ်ဖြစ်သွားပါပြီ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သူတို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နိုးကြားဖို့အတွက် မျှော်မှန်းထားတာပါ။” ဟု ၀င်းမိသားစု ကျန်းမာရေးဆေးကုခန်းမှ ဒေါက်တာမြင့်ဦးမှရှင်းပြခဲ့ပါသည်။
88 မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီးမှလည်း “နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဒီမှာစုံညီတက်ရောက်ကြပြီး သူတို့ကိုကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှုပေးခဲ့တဲ့ ကရုဏာရှင်မိသားစုဆရာ၀န်များနဲ့ တွေ့ဆုံတဲ့ပွဲ၊ သူတို့ဆောင်ရွက်ခဲ့တဲ့လုပ်ငန်း အောင်မြင်မှု အခမ်းအနားကို တက်ရောက်ခွင့်ရလို့၀မ်းသာပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အဲ့ဒီ့အကျဉ်းသားတွေအပေါ် တစ်လျောက်လုံးပံ့ပိုးနေတဲ့ မိသားစုတွေ၊ အဲ့ဒီ့သူတွေရဲ့အခန်းကဏ္႑ကို တခုတ်တရ အသိအမှတ်ပြုပြီး အကူအညီပေးမယ့် Compassionate Family Doctors များအဖွဲ့ ပေါ်လာတဲ့အချိန်မှာ ငွေကြေးတန်ဖိုးနဲ့မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာတန်ဖိုးအရ ကျွန်တော်တို့လေးလေး နက်နက် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ Compassionate Family Doctors (ကရုဏာရှင်မိသားစုဆရာ၀န်များ) အသင်းသည် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များ၊ လူသားဝါဒဆေးပညာနှင့် သမားကျင့်၀တ်ဘာသာရပ်များကို လေ့လာသင်ယူခဲ့ကာ Trauma ဖြစ်စဉ်မှတ်တမ်းတင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊ ရောဂါအမည်ဖော်ထုတ်ခြင်း၊ ပြုစုကုသခြင်းများအားလေ့ကျင့်ခဲ့ကြပြီးဖြစ်ကြောင်း၊ ကမ္ဘာတစ်၀ှမ်း Trauma ဒဏ်ရာ ခံစားနေရသူ 1 ဘီလျံအနက်မှ မြန်မာနိုင်ငံရှိနိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်မှု ပေးနေကြောင်းသိရသည်။
Chit Chit Khaing















