ဆွံ့အနားမကြား ကလေးများကို ခွဲစိတ်ကုသပေးသည့် သောတပြည့်စုံဖောင်ဒေးရှင်းသို့ အလှူငွေပေးအပ်ပွဲ ပြုလုပ်
မွန်မြတ်လှသော အလှူတစ်မျိုးဖြစ်သည့် အကြားအာရုံ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် သောတပြည့်စုံဖောင်ဒေးရှင်းသို့ ဆွံအနားမကြား ကလေးများ၏ ခွဲစိတ်ကုသရေး ပြုလုပ်ရန် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ 28 ရက်နေ့က ရန်ကုန်မြို့ရှိ၊ ဝိတိုရိယဆေးရုံ၌ ကျင်းပခဲ့သည်။
ဆွံအနားမကြား ကလေးငယ်များ၏ အကြားအာရုံကို နှိုးဆွပေးသည့်ကိရိယာကို တပ်ဆင်ပေးကာ သောတအာရုံကို ရရှိအောင် သောတပြည့်စုံဖောင်ဒေးရှင်းမှ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကလေးငယ်များကို ခွဲစိတ်မှုကို အခမဲ့ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
''မြန်မာပြည်မှာ နားမကြားတဲ့လူတွေက 100 မှာ 10% လောက် ရှိတယ်။ ကလေးအယောက် 1000 အရှင်မွေးတိုင်း 6 ယောက် သို့မဟုတ် 8 ယောက်က နားမကြားတဲ့ကလေး ပါတတ်ပါတယ်။ ဟိုတုန်းကတော့ ဆရာတို့ ဘာမှလုပ်လို့မရဘူး။ ကလေးမွေးတဲ့အခါ မွေးရာပါ နားမကြားကလေး ပါလာလို့ရှိရင် ဘာမှလုပ်လို့ မရခဲ့ဘူး။ အခုခေတ်ကျတော့ ဆရာတို့အနေနဲ့ ပြန်ကြားဖို့အတွက် အာရုံနှိုးဆွတဲ့စက် ပေါ်လာတယ်။ ဒါကို ဆရာ့အနေနဲ့ လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက အိပ်မက်,မက်ခဲ့တာပါ။ အဲ့ဒါက အင်မတန် တန်ဖိုးလည်း ကြီးတယ်။ လူတိုင်းလည်း လုပ်လို့မရတဲ့ အရာလေးပါ။ ဆရာက 2014 ခုနှစ်မှာ သောတပြည့်စုံဖောင်ဒေးရှင်းကို စတည်ထောင်ခဲ့ပါတယ်။ ပထမဆုံး ဆရာကိုယ်တိုင်ပဲ မ,တည်ထည့်ဝင်ပြီး ဒီဝိတိုရိယဆေးရုံနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး ဖောင်ဒေးရှင်း တည်ထောင်ခဲ့တယ်။ ဆွံ့အနားမကြား ကလေးတွေကို အကြားအာရုံ နှိုးဆွကိရိယာ တပ်ပေးတဲ့အခါမှာ ဆရာတို့သုံးတဲ့စက်က အမေရိကားကထုတ်တဲ့စက် အင်မတန်မှ ကောင်းပါတယ်။ အကြားလည်း ကောင်းတယ်။ အဲ့ဒါတစ်ခုကို ဒေါ်လာ 8500 ပေးရပါတယ်။ ဆရာ့အနေနဲ့ ပထမဆုံးအကြိမ်မှာ ဆရာကိုယ်တိုင်ပဲ ဒေါ်လာ 8500 နဲ့ လှူပြီး စမ်းထည့်ပေးကြည့်တယ်။ အောင်မြင်တယ်။ နောက်ပိုင်း အဲ့လိုပဲ လှူဖို့ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ စည်းရုံးခဲ့တာ 2 နှစ်တင်းတင်း ရှိတဲ့အချိန်မှာ ကလေး 68 ယောက် ခွဲပြီးပါပြီ။ ခွဲပြီးတဲ့လူနာ အကုန်လုံး အကုန်ကောင်းတယ်။ အကြားအားလည်း ကောင်းတယ်။ ခွဲတဲ့ဆရာဝန်ကြီးကလည်း မလေးရှားကလာတဲ့ ဆရာဝန်ပါ။ ခွဲပြီးတော့ ဆရာတို့က စကားပြော သင်ပေးရတယ်။ စကားပြောသင်ဖို့က အခက်အခဲ ရှိပါတယ်။ ရိုးရိုးကလေးတစ်ယောက်ကို သင်ရင်တောင်မှ အခက်အခဲရှိတာ၊ အခုလို ဆွံ့အနားမကြား ကလေးကို နားကြားအောင် ပြန်လုပ်ပြီးတော့ သင်ရတာဟာ ပိုခဲရင်းတယ်။ သူတို့အနေနဲ့ အကြားအာရုံ ကောင်းလာပြီ ဆိုပေမယ့် ပြောတဲ့နေရာမှာ ပြောတဲ့အသံကိုကြားတာ ဘာမှန်းမသိဘူး၊ အဲ့ဒီ့အတွက် စကားကို ပြန်သင်ပေးတယ်။ ခွဲစိတ်ပြီးတဲ့ကလေးတွေက အခုဆိုရင် ကျောင်းတွေတောင် တက်နေပြီ။ ကျောင်းနေတယ် ဆိုကတည်းက စကားပြောတတ်၊ နားလည်တတ်ပြီ၊ စာရေးတတ်၊ ဖတ်တတ်ပြီ၊ ဒါ့အပြင် အကုန်လုံး လုပ်တတ်ပြီ။ အဲ့လိုဖြစ်ခြင်းအားဖြင့် ကျွန်တော်တို့ အားရဖွယ်ပါ။ ဆွံ့အနားမကြား ဖြစ်တဲ့ဘဝတွေကို ကျွန်တော်တို့က လူရာဝင်တဲ့ဘဝ၊ ပညာသင်နိုင်တဲ့ဘဝ ဖြစ်စေခဲ့ပါပြီ။ အခုဆိုရင် ဝေးလံတဲ့ ချင်းတို့၊ တမူးတို့ကနေလည်း ရောက်လာပြီး ခွဲဖို့လာကြပါတယ်။ အလှူရှင်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ ခွဲစိတ်ဖို့စောင့်နေတဲ့ လူနာတွေအတွက် လှူပေးကြဖို့ ပြောလိုပါတယ်" ဟု ပါမောက္ခ ဒေါက်တာစိုးတင့်က ပြောသည်။
လက်ရှိတွင် မွေးရာပါ ဆွံ့အနားမကြား ကလေး 68 ယောက်ကို ခွဲစိတ်ပြီးပြီဖြစ်ရာ ထပ်မံ၍ အယောက် 40 ကို ခွဲစိတ်ရန် ကျန်ရှိနေကြောင်းနှင့် အသက် 6 နှစ်အောက်ကလေးများကို သတ်မှတ်ရွေးချယ်ထားပြီး ကျောင်းနေရန် နီးကပ်လာသည့် အသတ်အရွယ်များကို ဦးစားပေး၍ အကြားအာရုံ နှိုးဆွကိရိယာ ထည့်သွင်းရန် ခွဲစိတ်ပေးမည်ဟု သိရသည်။
May Su Hlaing (www.drmyanmar.com)