နှလုံးသွေးကြောပိတ်ရောဂါဆိုင်ရာအရေးပေါ်ကုသရေးဝန်ဆောင်မှု သင်တန်းဆင်းပွဲကျင်းပ
အရေးပေါ်နှလုံးသွေးကြောပိတ်ရောဂါများအား သွေးကြောပြန်ဖွင့်ပေး၍ ကုသပေးနိုင်သော ကုထုံးကို မြန်မာနိုင်ငံရှိဆရာဝန်နှင့်သူနာပြုကျန်းမာရေးဝန်ထမ်းများအား စင်္ကာပူအခြေစိုက် Tan Tock Seng ဆေးရုံမှ နည်းပညာသင်ကြားပေးကာ Temasek Foundation မှ ရန်ပုံငွေထောက်ပံ့ပေးခဲ့သော Project ပြီးဆုံးခြင်းအခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ သြဂုတ်လ1ရက်နေ့တွင် ကျင်းပခဲ့သည်။
"Primary Angioplasty For Acute Heart Attack Patients in Myanmar" အမည်ရ Project သည် စင်္ကာပူ အခြေစိုက်အဖွဲ့အစည်းဖြစ်သောTemasek Foundation မှ ငွေကြေးထောက်ပံ့ပေးပြီး 2014 ခုနှစ်၊ မတ်လမှ 2016 ခုနှစ်၊ မတ်လ အထိ 2နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရှိ ဆရာဝန်နှင့်သူနာပြုများအား နှလုံးသွေးကြောပိတ်ရောဂါ အရေးပေါ်ကုသမှုနည်းပညာများကို စင်္ကာပူနိုင်ငံရှိ ဆေးရုံတစ်ခုဖြစ်သောTan Tock Seng ဆေးရုံမှ နည်းပညာများပို့ချပေးခဲ့ကြောင်း သိရသည်။
"ဒီ Project က 2နှစ် ကြာပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးသွေးကြော ပိတ်ရောဂါသွေးကြောပြန်ဖွင့်ခြင်းကို အရေးပေါ် လုပ်ဆောင်နိုင်ရန်အတွက် လေ့ကျင့်ပေးခြင်းသာဖြစ်ပါတယ်။ Tan Tock Seng ဆေးရုံကနေပြီး ရန်ကုန်ဆေးရုံကြီးကို support လုပ်ပေးတာပါ။ အဓိကတော့ Techinal Transfer လုပ်တာပါ။ ဆရာဝန်တွေနဲ့သူနာပြုတွေကို Training လုပ်ပေးပါတယ်"ဟု Tan Tock Sengဆေးရုံ၏ Assistant Professor နှလုံးရောဂါဌာနဌာနမှူးဖြစ်သူ Dr.David Foo Chee Gun က ပြောသည်။
ရန်ကုန်ဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်ရောဂါများအတွက် လူနာများအရေးပေါ်ရောက်ရှိလာပါက ကုသပေးမည့်ဝန်ဆောင်မှုကို 24နာရီ/7ရက် ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး Project Training ပေးသည့် 2နှစ်တာကာလအတွင်း၌ နှလုံးရောဂါအထူးကုဆရာဝန် 3 ဦး၊ သူနာပြုနှင့် ဓါတ်မှန်ကျွမ်းကျင်သူများ စုစုပေါင်း 27 ဦးကို သင်ကြားပေးခဲ့ပြီး နှလုံးသွေးကြောပိတ်လူနာ 231 ဦးကို အရေးပေါ်ကုသပေးနိုင်ခဲ့သည်။
"သင်တန်းပေးတာမှာ သူက Technical နည်းစနစ်ပဲကူတာ၊ သင်ကြားပေးတာပဲရှိတယ်။ ကုသတဲ့ပစ္စည်းတွေကတော့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနက ပစ္စည်းတွေနဲ့ ကုသတယ်။ ရန်ကုန်ဆေးရုံကြီးဆီ နှလုံးသွေးကြောရုတ်တရက်ပိတ်၍ အရေးပေါ်ရောက်ရှိလာသော လူနာများကို ကုသပေးခြင်း ဖြစ်ပါတယ်။ ဒီ Training ကတော့ အရေးပေါ်လူနာတွေအတွက် ကုသပေးဖို့ပဲ အာရုံစိုက်ထားတာပေါ့။ ဒီနှလုံးသွေးကြောပိတ်ရောဂါကုသတဲ့ Project ကနေပြီး နှလုံးသွေးကြောချက်ခြင်းပိတ်တဲ့လူတွေကို ပြန်လည်ကုသပေးနိုင်တဲ့အတွက်ကြောင့် ရုတ်တရက်သေဆုံးနိုင်မှုနှုန်းတွေ ကျဆင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရရှိပါတယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာနွယ်နွယ်က ပြောသည်။
May Su Hlaing






























