ပြည်သူ့ဆေးရုံကြီး 3 ခုသို့ သွေးစစ်ပြွန် 1 သိန်း မက္ကာအို-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်း
ရန်ကုန်တိုင်းအတွင်းရှိပြည်သူ့ဆေးရုံကြီး 3 ခုတွင်အသုံးပြုနိုင်ရန်အတွက် သွေးစစ်ပြွန် (Disposable Vacuum blood Collection Tubes) အရေအတွက် 1 သိန်းအား မက္ကာအို-မြန်မာချစ်ကြည်ရေး အသင်းမှ ဆေးရုံကြီးများသို့လှူဒါန်းခြင်းကို အောက်တိုဘာ 31 ရက်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး ရန်ကုန်၌ပြုလုပ်ခဲ့သည်။
မက္ကာအို-မြန်မာချစ်ကြည်ရေးအသင်းသည် မြန်မာနိုင်ငံအတွင်းရှိ အချို့သော ပရဟိတများပြုလုပ်နေသည့် အသင်းဖြစ်ပြီး ပညာရေးအထောက်အပံ့များလည်းပြုလုပ်ပေးနေကာ ယခုအခါကျန်းမာရေးအထောက်အပံ့တစ်ခု အနေဖြင့် အများပြည်သူများအားထားရာ ဆေးရုံကြီးများဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနှင့် မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးများသို့ သွေးစစ်ပြွန်အရေအတွက် 1 သိန်းကိုလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မက္ကာအိုအသင်းမှသိရသည်။
“သွေးစစ်ပြွန်က ဆေးဝါးကုသဖို့အတွက်အခြေခံအနေနဲ့မဖြစ်မနေလိုအပ်ပါတယ်။ သွေးအတွက်လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေမှာအသုံးပြုနေတာဖြစ်ပါတယ်။ အရေးပေါ်လာရောက်ကုသတဲ့လူနာတွေနဲ့ အတွင်းမှာ တက်ရောက်ကုသမှုခံနေတဲ့လူနာတွေအတွက်ရော ဓာတ်ခွဲစမ်းသပ်မှုအခမဲ့လုပ်ပေးခြင်းတွေမှာ အသုံးပြုတော့ ဒီအမျိုးသမီးဆေးရုံကြီးမှာဆိုရင် လူနာတစ်ဦးကိုဖန်ပြွန်ချောင်းတစ်ခု ဒါမှမဟုတ်လည်း နှစ်ခုလောက် အသုံးပြုတာဖြစ်တဲ့အတွက် တစ်နေ့ကိုဖန်ပြွန်ချောင်းအရေအတွက် 100 ကျော် အသုံးပြုနေရ ပါတယ်။ ဆေးကုသတဲ့နေရာမှာလိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်မှုကို အသုံးပြုတဲ့ပစ္စည်းလှူဒါန်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်’’ ဟု ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ ဆေးရုံအုပ်ဒေါက်တာဒေါ်ပပ ကပြောသည်။
သွေးစစ်ပြွန်ချောင်းထည့်သွင်းထားသောပုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပုံး 20၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ပုံး 20 နှင့် မြောက်ဥက္ကလာဆေးရုံကြီးသို့ ပုံး 20 စီဖြင့် စုစုပေါင်းပုံး 60 ( အရေအတွက် 1 သိန်းကျော်)ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
May Su Hlaing






























