မလေးရှားနိုင်ငံ၏ TMC Fertility Centre နှင့် ဝိတိုရိယဆေးရုံတို့ ဖန်ပြွန်သနေ္ဓသားဝန်ဆောင်မှုဆိုင်ရာ MOU ရေးထိုး
မြန်မာနိုင်ငံရှိ သားသမီးမရရှိသေးသော ဇနီးမောင်နှံများအတွက် သားသမီးရယူရန် အမြင့်မားဆုံးကျွမ်းကျင်ကုသမှုများ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဝိတိုရိယအထွေထွေရောဂါကုဆေးရုံကြီးနှင့် ဖန်ပြွန်သနေ္ဓသားနည်းပညာကျွမ်းကျင်ကုသမှုပေးသော မလေးရှားနိုင်ငံမှ TMC Fertility Centre တို့သည် သြဂုတ်လ၊ 18 ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ 9 မိုင်ရှိ ဝိတိုရိယဆေးရုံကြီး၌ ပူးပေါင်းဆောင်ရွက်မှု အတွက် MOU (နားလည်မှုစာချွန်လွှာ) ရေးထိုးခဲ့ကြသည်။
အဆိုပါပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး မိုဟာမက်ဟာနဖ်ဘင်အဗ္ဗဒူလာရာမန်၊ မလေးရှားနိုင်ငံကျန်းမာရေးခရီးသွားလာရေးကောင်စီ၏ အမှုဆောင်အရာရှိချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်မလေးရှားသံရုံးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ TMC Fertility Centre သည် ဝိတိုရိယဆေးရုံကြီးနှင့်အတူ သားသမီးရရှိအောင်ကုသပေးခြင်းများ၊ အသိပညာဗဟုသုတများ ဖြန့်ေ၀ပေးခြင်းနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးခြင်းတို့ကို ပြုလုပ်ပေးသွား မည် ဖြစ်ကြောင်းသိရသည်။
“ဖြန်ပြွန်သနေ္ဓသားရယူခြင်းက Option 3 ခုရှိတယ်။ နံပါတ် 1 ကတော့ ၀ိတိုရိယမှာလာတယ်။ ဒီကနေအစီအစဉ်ကိုပြောပြီး အမတို့ကနေ ဟိုဘက်က ဆရာ၀န်ကြီးတွေနဲ့ကြိုတင်ချိတ်ဆက်ပေးပြီး ဟိုဘက်မှာပဲ အစီအစဉ်အစအဆုံး အကုန်လုံးလုပ်မယ်ဆိုရင် အဲ့ဒါဆိုအနည်းဆုံး 3 ခေါက်ဟိုကို သွားပေးရမယ်။ ဆရာ၀န်နဲ့ညှိနှိုင်းဆွေးနွေးတာ။ ဆရာ၀န်က သားဥကြွေတာကို ဘယ်အချိန်ယူမလဲဆိုတာ အချိန်သတ်မှတ်ပေးတာ။ သုတ်ပိုး (Sperm) ယူတာနဲ့ အမျိုးသမီးရဲ့သားအိမ်ထဲ သနေ္ဓသား (embryo) လေးကိုထည့်ပေးဖို့အတွက် အစအဆုံးဟိုမှာပဲနေပြီး ဆေးရုံကိုသွားလိုက်ပြန်လိုက် လုပ်လို့ရတာမျိုးနဲ့ နောက်တစ်ခုက အလုပ်မအားတဲ့ လူတွေအတွက်ကတော့ အမတို့က၀ိတိုရိယမှာပဲ အစောပိုင်းလုပ်စရာရှိတာကို အကုန်လုပ်မယ်။ ပြီးရင် sperm ယူမယ့်အချိန်ပဲသွားရမယ်။ အဲ့ဒီမှာနေပြီး sperm ကို ခဲအောင်လုပ်ပြီး ရပြီဆိုပြန်လာပြီးရင် ဟိုဘက်ကနေ transfer ပြန်လုပ်ပြီး မိန်းကလေးရဲ့သားအိမ်ထဲထည့်ပြီးရင် ပြန်သွားစစ်ဆေးတာကတော့ အနည်းဆုံး 2 ခေါက်တော့ သွားရမယ်။ နောက်တစ်ခုကတော့ Short Term အနည်းဆုံးက ဒီမှာဆရာ၀န်နဲ့ဆွေးနွေး၊ စစ်ဆေးစရာရှိတာစစ်ဆေး၊ ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့လိုပဲ သားဥကြွေတာယူတာနဲ့ sperm ယူတာအားလုံးအတွက် သူလည်း 2 ခေါက်အနည်းဆုံးသွားပြီးရင် ပြန်လာ၊ ဒီမှာပဲ transfer လုပ် အမျိုးသမီးသားအိမ်ထဲတည့်တာနဲ့ ကိုယ်၀န်ရရှိမှုအောင်မြင်မှုရှိ/မရှိ အပိုင်းတွေကို ဒီမှာပဲစစ်ဆေးတာစတဲ့ Option 3 ခုနဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၀ိတိုရိယဆေးရုံ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာအေးအေးစန်း ကရှင်းလင်းပြောပြသည်။
TMC သည် သားသမီးရရှိအောင်စွမ်းဆောင်ပေးသော နည်းပညာသစ်များဖြင့် ကိုယ်ဝန်ဆောင်စေခြင်း အဆင့်မှစ၍ ကလေးပေါင်း 4,000 ကျော်နီးပါး မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရပြီး ယခု 2016 ခုနှစ်၊ ဒီဇင်ဘာလအထိလည်း အထူး ဝန်ဆောင်မှုအနေဖြင့် ဒေါ်လာ 5,000 ဖြင့်ဆောင်ရွက်နိုင်ရန် စီစဉ်ပေး ထားကြောင်း သိရသည်။
May Su Hlaing






























