မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ဥပဒေများနှင့် ကျင့်ဝတ်ဆိုင်ရာများအကြောင်း ဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ဥပဒေများနှင့် ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်များ အကြောင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ 16 ရက်နေ့က ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ 3MDG နှင့် jhpiego an affiliate of johns hopkins university တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
“ဒီနေ့အခမ်းအနားကတော့ မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားကောင်စီရဲ့ ဥပဒေအသစ်ကိုဆွေးနွေးခြင်းပေါ့။ အရင်တုန်းက ဥပဒေက 1922 ခုနှစ်ထဲက သူနာပြုတွေအတွက် ဥပဒေဆိုတာရှိတယ်။ အဲ့ဒါကိုတဖြည်းဖြည်းနဲ့ 90 ခုနှစ်မှာ တစ်ခါပြင်တယ်။ 2002 ခုနှစ်မှာ တစ်ခါပြင်တယ်။ အခုခေတ်နဲ့လျော်ညီအောင် မြန်မာနိုင်ငံ ကလည်း အာဆီယံနိုင်ငံမှာတစ်နိုင်ငံအဖြစ်ပါဝင်လို့ အာဆီယံမှာ natural regulation agreement ဆိုတာရှိတယ်။ Nursing Service နဲ့ပတ်သက်တဲ့ ကျွန်မတို့တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်အသိအမှတ်ပြုရေးကိစ္စမှာ လိုအပ်ချက်တွေရှိတယ်။ ဒါကြောင့်မို့ ခေတ်နဲ့လျော်ညီအောင် ကျွန်မတို့ ဒီသူနာပြုနဲ့ သားဖွားကောင်စီရဲ့ဥပဒေကို ကျွန်မတို့အသစ်ပြန်လုပ်ပြီးရေးဆွဲတင်ပြခဲ့တယ်။ အဲ့ဒါကတော့ 2015 ခုနှစ်၊ မေလ 19 ရက်နေ့မှာ ပြည်ထောင်စုလွှတ််တော်ကနေ အတည်ပြုခဲ့တယ်။ ဥပဒေဆိုတာလည်း သားဖွားတွေ၊ သူနာပြုတွေကို ဥပဒေဘောင်အတွင်းက ကာကွယ်ဖို့ရယ်၊ ပြည်သူလူထုကိုလည်း မဟုတ်တာမဖြစ်ရအောင်၊ ပြုစုစောင့်ရှောက်မှုလည်း တရားမဝင်မလုပ်နိုင်အောင် အဲ့လိုကာကွယ်စောင့်ရှောက် ထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဲ့ဒီတော့ ဆရာမတွေအတွက်ကော ပြည်သူ့အတွက်ကော ဆောင်ရွက်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ သားဖွားတွေလုပ်ငန်းကိုကျွမ်းကျင်စွာ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရတဲ့ လုပ်ငန်းအတွက်လည်းပါ ပါတယ်။ ဥပဒေကတော့ အာဆီယံ standard နဲ့အညီ မှတ်ပုံတင်ရှိရမယ်။ လိုင်စင်ရှိရမယ့် ကျင့်ဝတ်တွေ၊ ဝတ်တရားတွေလည်းရှိရမယ်ပေါ့။ အခုလုပ်တဲ့ပွဲကတော့ ဥပဒေပါတယ်။ နောက် ကျွန်မတို့မှာ သူနာပြုနဲ့ သားဖွားတွေရဲ့ ကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တာရှိတယ်။ အဲဒါကတော့ စာအုပ်ထုတ်ထားတာရှိတယ်။ ပြီးရင် နောက်တစ်ခုကတော့ မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားကောင်စီမှာ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသူနာပြုသားဖွားတွေအတွက် သူတို့မှာတကယ်ရှိရမယ့် အဓိကအရည်အချင်းလုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးတွေကို မြန်မာကသူနာပြုတွေ အတွက် ရေးထားတာရှိတယ်။ အဲ့ 3 မျိုးပေါ့။ ဥပဒေရယ်၊ code of ethic နဲ့ professional ပိုင်းသတ်မှတ်ချက်ရယ်။ မြန်မာသူနာပြုတွေအတွက် စာအုပ် 3 အုပ်ကိုရေးဆွဲပြီးတော့ ထုတ်လုပ်ထားတယ်။ ဒါတွေလည်း ဝေဌထားတယ်။ ဒါကိုကျယ်ကျယ်ပြန့်ပြန့်ပေါ့နော် ကျွန်မတို့ပိုပြီးသိရှိနားလည်အောင်ဆိုပြီး ရှင်းလင်းပြီးတော့ အသိပေးရတဲ့ပွဲဖြစ်ပါတယ်။ ဒါကတော့ တတိယအကြိမ် ကျွန်မတို့လုပ်တဲ့ပွဲပဲဖြစ်ပါတယ်။” ဟု ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဌ ဒေါ်ဖြူဖြူကပြောသည်။
မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားကောင်စီအနေနဲ့ ပြုစုထားတဲ့စာအုပ် 3 အုပ်ကို တစ်ပြည်လုံးမှာရှိတဲ့ သူနာပြုအကြီးအကဲများကလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လုပ်ဆောင်ကြနိုင်ရန်နှင့် ပြည်သူ့ဆေးရုံဌာန များအောက်ရှိ သူနာပြုသားဖွားတွေကို ကျယ်ကျယ်ပြန့်ပြန့်လိုက်နာကျင့်သုံးနိုင်ပြီး ကျင့်ဝတ်နဲ့ အညီဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံသားဖွားကောင်စီက ဆောင်ရွက်ထားသည့်ဥပဒေကို လိုက်နာကျင့်သုံးနိုင်အောင် ရည်ရွယ်ချက်တွေနှင့် လုပ်ဆောင်ခြင်းဖြစ်ကာ ပြည်သူလူထုကို ပြုစုစောင့်ရှောက် မှုပေးချိန်တွင် လုံခြုံစိတ်ချရမှုနှင့် Quality care များရဖို့ ရည်ရွယ်ကြောင်း သိရသည်။
May Su Hlaing






























