လက်ရှိထိုးနှံနေသော အစုလိုက်၀က်သက်ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း
ပြီးခဲ့သည့် 2016 ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးတွင် ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားခြင်းများရှိခဲ့ပါသည်။ ဝက်သက်ရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်၍ရသောရောဂါ အမျိုးအစားဖြစ်သော်လည်း ကာကွယ်ဆေးထိုးနှံရမည့်သူများအနေဖြင့် အခြေအနေအရပ်ရပ်တို့ကြောင့် ပျက်ကွက်ခြင်းများရှိလာ၍ ရောဂါဖြစ်ပွားခဲ့သော လှိုင်သာယာမြို့နယ်အပါအဝင် ထိစပ်မှုရှိနေသော မြို့နယ်နှင့် အခြားမြို့နယ်များဖြစ်သော အင်းစိန်မြို့နယ်၊ ကြည်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်နှင့် သာကေတမြို့နယ် စသည့်မြို့နယ်ကြီး 5 ခုတွင် အသက် 9 လ မှ 15 နှစ်အရွယ်များအား စီမံချက်အနေဖြင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှ ဝက်သက်ရောဂါကာကွယ်ဆေး (Measles Viccine) ကို ဖေဖော်ဝါရီလ 6 ရက်နေ့မှ 20 ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် ဝက်သက်ကာကွယ်ဆေးထိုးရာတွင် ပါဝင်သည့်မြို့နယ်တစ်ခုဖြစ်သော အင်းစိန်မြို့နယ် ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးမှူးဖြစ်သူ ဒေါက်တာ နော်သန္တာဆွေ အား ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့်အကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး ။ ။ အင်းစိန်မြို့နယ်မှာ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ်လေး သိပါရစေ ဆရာမ။
ဖြေ ။ ။ ဝက်သက်ကာကွယ်ဆေးက ပုံမှန်တော့ တစ်နှစ်အောက်ကလေးတွေကို စထိုးပေးနေတာပါ။ အရင်တုန်းကတော့ တစ်ကြိမ်ပဲ 9 လမှာထိုးတာပေါ့။ အခုကတော့ 9 လမှာ ဝက်သက်နဲ့ ဂျိုက်သိုးထိုးတယ်။ ဒုတိယအကြိမ်ပြန်ပြီးတော့ ဝက်သက်ကာကွယ်ဆေးကို တစ်နှစ်ခွဲမှာတစ်ကြိမ် ပြန်ပြီးထိုးတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်သက်ကာကွယ်ဆေးက တစ်ခါထိုးထားလို့ရှိရင် ရာနှုန်းပြည့်မကာကွယ်နိုင်ဘူး။ 85 ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်။ နောက်တော့ ဝက်သက်က ကြီးတဲ့လူတွေကြတော့မထိုးခဲ့ဖူးဘူး။ အခုကလေးတွေကလည်း အပြည့်မထိုးဖြစ်ဘူးပေါ့နော်။ အကြောင်းကြောင်းကြောင့် မထိုးဖြစ်လိုက်ဖူး နေမကောင်းလို့ပဲဖြစ်စေ သွားလာ၍ဟိုသွားဒီသွားနဲ့ကြတော့ လွတ်သွားတာလေးရှိတယ်လေ။ အကြောင်းကြောင့် ရွေ့ရှားတဲ့အုပ်စုတွေကများတယ်။ လွတ်သွားတဲ့ကလေးတွေကနေပဲ ရောဂါရှိတဲ့ ကလေးတွေစုပြီးတော့မှ ကပ်ရောဂါအသွင်ဖြစ်သွားတာပေါ့နော်။
ဖေဖော်ဝါရီ 6 ရက်နေ့ကစတယ်ဆိုပေမယ့်လည်း စုရပ်တွေမှာ ရပ်ကွက်ထဲမှာပဲ အချို့ထိုးတယ်ပေါ့။ ဒီအင်းစိန်ကျန်းမာရေးဌာနမှာက 11 ရက်နေ့ကစထိုးမယ်။ 10 ရက်နေ့အထိက ပုံမှန်ကာကွယ်ဆေးထိုး မှာဖြစ်လို့ 11 ရက်နေ့ကစပြီးတော့မှ အစုလိုက်ကာကွယ်ဆေး camping စီမံချက်ကိုစထိုးမယ်။ 11 ရက်နေ့ကနေ 15 ရက်အထိထိုးမယ်။ 20 ရက်နေ့မှာအပြီးထိုးပေးမယ်။ ရပ်ကွက်တွေထဲမှာကျတော့ 6 ရက်နေ့ကနေ 15 ရက်ထိုးမယ်။ 20 ရက်နေ့အတွင်း လိုအပ်တဲ့နေရာတွေမှာ လိုက်လံထိုးပေးမယ်လို့စီစဉ်ထားပါတယ်။
မေး ။ ။ ဝက်သက်ရောဂါကာကွယ်ဆေးကို တစ်နှစ်အောက် 9 လအရွယ်နဲ့ တစ်နှစ်အထက် 18 လမှာ ပုံမှန်ကာကွယ်ဆေး 2 ကြိမ်ကို ထိုးပေးနေတဲ့အထဲကမှ အထူးစီမံချက်အနေနဲ့ အပိုဆောင်းကာကွယ်ဆေးထပ်မံထိုးပေးတဲ့အစီအစဉ်ကို မြို့နယ် 5 ခုမှာ ဒီလအတွင်း ဘာကြောင့်ဆောင်ရွက်ဖြစ်တာလဲရှင့်။
ဖြေ ။ ။ အဲ့ဒါကကျတော့ လွန်ခဲ့တဲ့ 2016 သြဂုတ်လကနေ ဒီဇင်ဘာအတွင်းမှာ လှိုင်သာယာမှာ ဝက်သက်က ကပ်ရောဂါလိုဖြစ်သွားတာပေါ့နော်။ ကပ်ရောဂါက ခုနပြောသလိုပေါ့ မထိုးဖြစ်တဲ့ကလေးတွေ စုလာစုလာရင်းနဲ့ဖြစ်တာမျိုးပါ။ ဆရာမတို့ ဝက်သက်ကာကွယ်ဆေးထိုးတာလည်း အရင်တုန်းက တစ်နှစ်အောက်ကလေးတွေပဲထိုးခဲ့တာ အခုကျတော့ ဒီနောက်ပိုင်းတွေကျတော့ လူကြီးတွေပါ ဝက်သက်ပေါက်သွားတာဆိုတော့ မထိုးရသေးတဲ့သူတွေများလာတယ်။ တစ်ခါထိုးပြီးတဲ့လူကလည်း ရာနှုန်းပြည့်မကာကွယ်ဘူးဆိုတော့ ဖြစ်ဖို့အလားအလာတွေကရှိတယ် အဲ့ကြားထဲမှာ ခုနပြောသလို ဒီဝက်သက်အစုလိုက်ဖြစ်သွားတဲ့အခါကျတော့ ချိတ်ဆက်နေတဲ့မြို့နယ်တွေပေါ့။ နောက်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ ဆရာမတို့မြို့နယ်ဆို နှစ်ယောက်လောက်ဝက်သက်ဖြစ်တယ်ပေါ့။ ဖျားတယ်၊ အနီအပိန့်ထွက်တယ်ဆိုတော့ ဝက်သက်လိုမျိုး သံသယဖြစ်စရာပေါ့နော်။ ဆေးရုံတွေရောက်သွားတော့ ဆရာဝန်တွေက ဝက်သက်လို့ယူဆတယ်။ ဘာလို့လည်းဆိုတော့ သူတို့ကိုမေးလိုက်တော့လည်း သူတို့က ဝက်သက်ကာကွယ်ဆေးမထိုးဖူးဘူး။ ကလေးကတစ်ယောက်။ နောက်တစ်ယောက်ကတော့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပဲ။ အသက် 25 လောက်ရှိတယ်။ သူလည်းဆေးမထိုးဖူးဘူး။ ငယ်ငယ်တုန်းက အဲ့လိုမထိုးခဲ့တဲ့အတွက်ကြောင့်မို့ ဝက်သက်ရောဂါတွေက အစုလိုက်ဖြစ်ပွားနိုင်တယ်။ သူတို့ခန့်မှန်းတာက 2018 မှ ဖြစ်မယ်လို့ခန့်မှန်းပေမယ့် အခုကစောသွားတယ်။ စောဖြစ်သွားတဲ့အခါကျတော့ ထက်ပြီးတော့ မပြန့်ပွားအောင်ပေါ့။ ဟိုတလောကလည်း နာဂမှာဖြစ်သွားတာ အဲ့လိုမျိုးမဖြစ်ရလေအောင်ပါ။ နာဂတုန်းက သူကကန့်သတ်ထားတဲ့နေရာလေး သွားရလာရခက်တယ်။ ဒီရန်ကုန်မှာက သိပ်လွယ်တယ်။ လူအများဝင်လိုက်ထွက်လိုက်ဆိုတော့ ကူးစက်မှုကအရမ်းမြန်တယ်။ အဲ့အခါကျတော့ နေရာအနှံအပြား ကို ပြန့်နှံ့သွားမှာစိုးရိမ်တယ်ပေါ့။ နောက်တစ်ခုက ကိုယ်ခံအားနည်းတဲ့သူဆို အသက်အန္တရာယ်ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ အဲ့ဒါလေးကိုကာကွယ်တဲ့အနေနဲ့ပေါ့ ဆရာမတို့နယ်မြေထိစပ်နေတဲ့မြို့နယ်တွေမှာ အဲ့လိုပျောက်ကြားပျောက်ကြားဖြစ်နေတဲ့မြို့နယ်တွေမှာ ကာကွယ်တဲ့အနေနဲ့ 5 မြို့နယ်ထိုးလိုက်တာ။ နောက်ထပ် 4 မြို့နယ်က တွံတေး၊ ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ သာကေတမြို့နယ်တွေပါ။ သူကလူနာပေါ်တဲ့အပေါ်မှာရယ် နောက်တစ်ခုက နယ်မြေခြင်းထိစပ်တဲ့အပေါ်မှာမူတည်ပြီးတော့ 5 မြို့နယ်ကို ရွေးချယ်လိုက်တာပေါ့နော်။
မေး ။ ။ ဝက်သက်ရောဂါကာကွယ်ဆေးကို အခုလိုအထူးစီမံချက်အနေနဲ့က ဒီနှစ်မှစပြီးလုပ်ပေးဖြစ်တာလား အရင်ကရောရှိခဲ့ဖူးလားရှင့်။
ဖြေ ။ ။ ဒီနှစ်မှရယ်လို့မဟုတ်ပါဘူး။ 2012 ခုနှစ်လောက်တုန်းကလည်း အထူးစီမံချက်တွေရှိခဲ့ဖူးပါတယ်။ သူကရောဂါရဲ့သဘာဝကိုကြည့်ပြီးတော့ ဖြစ်ပွားမှုအနေအထားကို ပညာရှင်တွေကတွက်ချက်ပြီးတော့ လုပ်နိုင်မယ့်စွမ်းအားရယ် ဒီလောက်လောက်လုပ်ရင်တော့ ဒီလောက်တော့စိတ်ချမယ် အဲ့လိုမျိုးတိုင်း တာပြီးတော့ ညွှန်ကြားချက်နဲ့အညီ ဆရာမတို့ကလုပ်ရတာပေါ့နော်။ အထူးစီမံချက်ပြောရမှာပေါ့ ကျန်တဲ့နေရာတွေမှာလည်း လိုအပ်တဲ့ပုံမှန်ကာကွယ်ဆေးကိုလည်း မပျက်အောင် ရာနှုန်းပြည့်အောင်ထိုး။ ဒီမှာလည်းအရေးကြီးတဲ့နေရာတွေနဲ့ ပတ်ဝန်းကျင်ပေါ့။ ဖြစ်တဲ့နေရာဆိုတာ သူဖြစ်တဲ့နေရာတော့ ကွက်ဖြစ်တာဖြစ်မှာပါ။ ဒါပေမယ့် တစ်မြို့နယ်လုံးအတွက်ကို ကြိုတင်ပြီးတော့ လူတွေက အဝင်အထွက်တွေ များတာကို ကာကွယ်တဲ့အနေနဲ့ထိုးလိုက်တာပါ။
မေး ။ ။ ဝက်သက်ရောဂါက ဘာကြောင့်ဖြစ်ပွားပြီး ဘယ်လိုရောဂါလက္ခဏာတွေဖြစ်နိုင် ပါသလဲရှင့်။
ဖြေ ။ ။ ဝက်သက်ရောဂါကတော့ ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ သူကကူးစက်မြန်တယ်။ လွယ်လွယ်လည်းကူးစက်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ချောင်းဆိုးနှာစီးဖြစ်ပွားပြီး ကူးကြတယ်။ သူ့လက္ခဏာထဲမှာလည်းပါတယ် ဖျားတယ်၊ နှာရည်ကျတယ်။ ချောင်းဆိုးတယ်၊ အနီကွက်လေးတွေထွက်တယ်ပေါ့နော်။ အဲ့ဒီတော့ အသက်ရှူလမ်းကြောင်းကနေကူးတဲ့ရောဂါတွေက အကူးလွယ်တယ်အမြန်ဆုံးပဲ ဘာကြောင့်လည်းဆိုတော့ လူတိုင်းက အသက်ရှူနေတာကို တီဘီရောဂါလည်းအဲ့လိုပဲ အသက်ရှူလမ်းကြောင်းကနေစကူးတယ်။ တုပ်ကွေးဆိုရင်လည်း နှာစီးရင်းကနေကူးသွားတာပဲ အဲ့ဒါကြောင့်မို့ အသက်ရှူနေသ၍တော့ လွယ်လွယ်ကူကူနဲ့ ကူးစက်နိုင်တဲ့ရောဂါထဲမှာ ဝက်သက်လည်းပါတယ်။
မေး ။ ။ ဝက်သက်ရောဂါက နောက်ဆက်တွဲဖြစ်ပွား တတ်တဲ့ ရောဂါလက္ခဏာတွေရော ရှိနိုင်ပါသလား။
ဖြေ ။ ။ ဘာကြောင့်ဝက်သက်ကိုကြောက်ရလဲဆိုတော အဲ့ဒါက အဓိကပဲ နောက်ဆက်တွဲပြဿနာဆိုတာ ဝမ်းလျောတာတို့၊ နမိုးနီယားအဆုတ်ရောင်တာတို့ပေါ့။ အဆုတ်ဆိုတာ အသက်ရှူတဲ့အင်္ဂါဖြစ်တယ်။ အဲ့ဒီတော့ဝက်သက်ရောဂါက အထူးအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သွားပြီးတော့ နောက်ဆက်တွဲပြဿနာပေးတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်။ မျက်စိဆိုလည်း အရေးကြီးတဲ့အလွှာပဲ အဲ့မှာသူကအနီစက်တွေဖြစ်စေပြီး ရောင်ရန်းစေမယ်ဆိုရင်လည်း သေချာမကုသနိုင်ရင် အန္တရာယ်များတဲ့အတွက် အရေးကြီးပါတယ်။ ဝက်သက်ရောဂါဖြစ်ပွားပြီးတဲ့နောက်မှာ အဆုတ်ရောင်ခြင်း (နမိုးနီးယား)၊ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စသည့်နောက်ဆက်တွဲရောဂါများဖြစ်ပွားပြီး အသက်သေဆုံးသည်အထိဖြစ်စေနိုင်တယ်။
မေး ။ ။ ဝက်သက်ရောဂါဖြစ်ပွားပြီဆိုရင် ကုသတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးသိပါရစေ။
ဖြေ ။ ။ ဝက်သက်ရောဂါက ဥပမာအားဖြင့် ဖျားတယ်။ ဖျားတယ်ဆိုတာက အမျိုးမျိုးဖြစ်တတ်တယ်။ ဥပမာ- သွေးလွန်တုပ်ကွေးဆိုလည်း အစက်ထွက်တတ်တယ်။ အမြဲတမ်းတော့မဟုတ်ဖူးပေါ့နော်။ ဝက်သက်ကတော့ အပြင်လူလည်းသိတယ်။ ဖျားပြီးတော့ အကုန်လုံးနီလာတယ်။ ဒါဆိုဝက်သက်ပေါ့နော်။ ဂျိုက်သိုးဖြစ်ချင်လည်းဖြစ်မယ် သွေးစစ်ကြည့်ရင်သိနိုင်တယ်။ အဲ့ဒီတော့ဘာလုပ်လည်းဆိုတော့ ဝက်သက်ရောဂါကို စောစောစီးစီးသိရှိပြီး ထောက်လှမ်းတော့ သူများကိုမကူးစက်အောင်လုပ်လို့ရတယ်ပေါ့။ သဘောတစ်ခုက ဖျားပြီးတော့ အနီတွေထွက်တဲ့လူတွေကိုသိလို့ရှိရင် သတင်းပို့ပေါ့။ အဲဒီ့လူတွေကို သွေးစစ်ကြည့်မယ်။ သွေးစစ်ကြည့်တော့မှပိုသေချာတယ်။ သူကတုန့်ပြန်ချက်ရှိတယ်ဆိုတာက ဝက်သက်ဟုတ်တယ်/မဟုတ်ဘူး တခြားဟာလားဆိုပြီး အဲ့လိုခွဲလို့ရတယ်။ တစ်ယောက်သိတာနဲ့ မြန်မြန်လေးထောက်လှမ်းပြီးတော့ သူ့ကိုလည်းလိုအပ်တဲ့ပံ့ပိုးမှုပေးရတယ်။ သူက Virus ကြောင့်ဖြစ်တယ်ဆိုတော့ သီးသန့်ဆေးဆိုတာမရှိဘူး Virus ကြောင့်ဖြစ်တဲ့ဟာတွေက နားရတယ်။ ရေများများသောက်ရတယ် အားရှိတဲ့အစာတွေစားရတယ်။ အဲ့လိုမျိုးသက်သက်လေးငြိမ်ငြိမ်နေရတာတို့ ဘာတို့ပြန်ပြီးအားရှိအောင်အားမွေးရတာပါ။ ဝက်သက်ဖြစ်တယ်ဆိုရင် ဗီတာမင်အားဆေးလည်းတိုက်တယ်။ သူများကိုမကူးအောင် ဘယ်လိုနေ ဘယ်လိုထိုင်ပေါ့ နောက်ထပ်ဖြစ်သေးလား ဖြစ်ရင်သိတော့ကုလို့ရတာပေါ့နော်။ ဒါပေမယ့် Virus ဖြစ်တဲ့အတွက် တိကျတဲ့ကုထုံးတော့မရှိဘူးပေါ့ နောက်ဆက်တွဲမဖြစ်အောင် support လုပ်ရတာတော့ရှိတယ်။ မြန်မြန်သိလို့ မြန်မြန်တားနိုင်တယ်ဆိုရင် မပြန့်တော့ဘူး။ အဲ့ဒါကြောင့် ဟုတ်/မဟုတ်လည်း စစ်ဆေးတယ် ခုလိုကာကွယ်ဆေးတွေ တကယ်တမ်းကျတော့ ဒီလိုဖြစ်သွားတယ်ဆိုတာကလည်း ကာကွယ်ဆေးကို တစ်နှစ်အောက်ကလေးတွေမှာ အပြည့်အဝထိုးမယ်ဆိုရင် အဲ့လိုရောဂါအစုလိုက်မဖြစ်နိုင်ဘူး။ အစုလိုက်အပြုံလိုက်ဖြစ်တာဆိုတာ နည်းသွားနိုင်တယ် စောစောသိမှ ကင်းဝေးရေးလုပ်နိုင်မှာပါ။
မေး ။ ။ ဝက်သက်ရောဂါကာကွယ်ရေးအတွက် ဆရာမအနေနဲ့ဖြည့်စွက်ပြောလို တာလေး ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ဝက်သက်က ကာကွယ်ဆေးရှိတော့ ဆေးကိုအခွင့်ရေးရရင်ရသလို ထိုးဖို့လိုတယ်။ တစ်နှစ်မပြည့်ခင်ကလည်း စီမံချက်ထဲမှာနှစ်ကြိမ်ထိုးဖို့ပါတယ်လေ။ ဂျိုက်သိုးနဲ့တစ်ကြိမ်တွဲထိုးတာရယ် အဲ့တာကိုအပြည့်အဝထိုးစေချင်တယ်။ အရင်ထဲကလည်း ကာကွယ်ဆေးတွေအပြည့်အဝထိုးခဲ့လို့ရှိရင် ဒီလိုတော့လည်း အပူတပြင်းသိပ်လုပ်စရာအကြောင်းမရှိဘူးလေ။ အန္တရာယ်လည်းနည်းနိုင်တယ်လေ။ ကာကွယ်ဆေးမှန်သမျှကို ထိုးရမယ့်အချိန်မှာ ကျန်းမာရေးဌာနနဲ့ဆက်သွယ်ပြီးတော့ ပြည့်ပြည့်ဝဝ ထိုးပေးဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက ထူးခြားတဲ့ကျန်းမာရေးသတင်းရှိရင်လည်း ကျန်းမာရေးဌာနကိုအသိပေးပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘယ်ရောဂါမဆိုကတော့ အန္တရာယ်ကင်းနိုင်ပါတယ်။
အင်းစိန်မြို့နယ်တွင် ယခုအထူးစီမံချက်အနေနဲ့ အပိုဆောင်းဝက်သက်ကာကွယ်ဆေးကို 9 လ မှ 15 နှစ် အထိ ထိုးနှံပေးခြင်းသည် တစ်မြို့နယ်လုံးအနေဖြင့် လူဦးရေ 5 သောင်းကို ကာကွယ်ရန် ရည်ရွယ်ရာရောက်ကြောင်းသိရသည်။
May Su Hlaing






























