လူကြီးလူငယ်မရွေးဖြစ်ပွားနိုင်သည့် မှိုအရေပြားရောဂါအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ
မှိုအရေပြားရောဂါသည် မိုးရာသီတွင်လူကြီးလူငယ်မရွေး ဖြစ်ပွားလေ့ရှိကာ အဆိုပါအရေပြားရောဂါ အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးဟောပြောပွဲကို သြဂုတ်လ 14 ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ သူနာပြုတက္ကသိုလ်ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အရေပြားတွင်ဖြစ်ပွားတတ်သော မှိုရောဂါသည် fungi ခေါ်မှိုတစ်မျိုးကြောင့်ဖြစ်သောရောဂါဖြစ်ပြီး ယင်းမှိုများသည် လေထုထံတွင်ပြန့်နှံ့နေလေ့ရှိကာ လူ၏ခန္ဓာကိုယ်နှင့်ထိတွေ့မိက အခန့်မသင့်လျှင် မှိုအရေပြားရောဂါဖြစ်ပွားနိုင်ကာ တစ်နည်းအားဖြင့် လူ 4 ဦးလျှင် တစ်ဦး၌ ယင်းရောဂါခံစားနေကြရသည်။
''ဒီရောဂါက ကုသဖို့ခက်ခဲတဲ့ရောဂါတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်ပွားတဲ့နှုန်းကများတယ်။ မိသားစုတစ်ခုမှာ တစ်ယောက်စ နှစ်ယောက်စဖြစ်တတ်တာမျိုးရှိတယ်။ ဖြစ်လာရင်လည်း အရေပြားမှာ စွဲနေပြီး တော်တော်နဲ့မပျောက်မှာ စိုးရိမ်ကြတယ်။ ဗမာလိုက ပွေးလို့ခေါ်တဲ့ရောဂါမျိုး အပွေးတတ်တယ်ဆိုတာ အဖတ်အဖတ်လေးတွေ တတ်လာတယ်။ အကြေးခွံလေးတွေတတ်လာတယ်။ သနပ်ခါတုံး အပွေးတတ်သလိုမျိုး အထပ်အထပ်အကွက်အကွက်လေးတွေဖြစ်နေတယ်။ ပွေးက ပုံသဏ္႑ာန် ဝိုင်းဝိုင်းလေးတွေရှိတယ်။ ဗိုက်၊ ကျော၊ ရင်ဘတ်၊ ပေါင်ခြံ၊ လည်ပင်း၊ ချိုင်း စတဲ့နေရာတွေမှာ ပေါ်လေ့ပေါ်ထ ရှိပြီး အဲ့လိုနေရာတွေမှာအတွေ့များတာကို ပွေးလို့ခေါ်ပါတယ်။ အရေပြားမှာဖြစ်တဲ့မှိုရောဂါတွေကဆိုရင် အများခေါ်နေတဲ့ ပွေး၊ ညင်း၊ ခေါင်းမှာဖြစ်တတ်တဲ့ ဒတ်ရောဂါတွေရှိမယ်။ ခြေသည်းလက်သည်းတွေမှာ မှိုစွဲတယ်ဆိုတာ လက်သည်းတွေကပွပြီး အောက်ကနေကွာလာတာလည်း တွေ့ရတာရှိတယ်။ ပါးစပ်တွင်းမှာဖြစ်တဲ့ မှတ်ခရုရောဂါ၊ ခြေချောင်းလက်ချောင်းတွေမှာ ရေထိလို့ဖြစ်တဲ့ ရေဝဲရောဂါနဲ့ ခေါင်းတွေ မှာဖြစ်တဲ့ အဖတ်အဖတ်တွေနဲ့ အခုလိုမိုးတွင်းဆို ဘောက်ကတော်တော်လေးဖြစ်တယ်။ ဒါတွေက ပုံမှန်အားဖြင့် လူတိုင်းသိပြီးသား အရေပြားမှိုစွဲရောဂါတွေဖြစ်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားရောဂါအထူးကုဌာန ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော် ကပြောကြားခဲ့သည်။
မှိုအရေပြားရောဂါသည် ပူနွေးစိုစွတ်သောအခြေအနေများ၌ ပိုမိုဖြစ်ပွားလေ့ရှိကြကာ ကလေးလူကြီး မရွေးနှင့် ကိုယ်ခံအားနည်းသူများ၊ သံဓာတ်နှင့်ဇင့်ဓာတ်ချို့တဲ့သူများ စသည့်လူပုဂ္ဂိုလ်များတွင် အဖြစ်များလေ့ရှိသည်။
ရောဂါလက္ခဏာများအနေဖြင့် အင်ပျင်ကဲ့သို့ အနီကွက်များထွက်ခြင်း၊ အနီစက်များ ထွက်ခြင်း၊ ယောင်ရမ်းခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ အရေပြားကွဲအက်ခြင်း၊ ပါးစပ်ထဲ၌ အဖြူရောင်အဖတ်များတွေ့ရှိရတတ်ခြင်းတို့ဖြစ်ကာ ဖြစ်ပွားပါက နီးစပ်ရာအရေးပြားဆရာဝန်နှင့် စောလျှင်စွာ တိုင်ပင်ကာ ကုသမှုခံယူနိုင်ပြီး ဆရာဝန်မှညွှန်ကြားသော လိမ်းဆေးများအားလိမ်း၍ ပျောက်ကင်းအောင် ကုသနိုင်သောရောဂါဖြစ်ရာ ယင်းမှိုအရေပြားရောဂါမဖြစ်အောင် ကာကွယ်ရာတွင် ခြောက်သွေ့သန့်ရှင်းသော အဝတ်အစားဝတ်ဆင်ခြင်း၊ ဂျိုင်း၊ ပေါင်ခြံနှင့်လက်ချောင်း၊ ခြေချောင်းကြားကို အစဉ်သန့်ရှင်းခြောက်သွေ့အောင် ထားရန်လိုအပ်ပြီး ခြေအိတ်နှင့်အတွင်းခံများကို ပုံမှန်လဲလှယ်ဝတ်ဆင်ခြင်းနှင့် ချောင်ချိသော အတွင်းခံအကျႌ၊ ဘောင်းဘီများဝတ်ဆင်ခြင်းဖြင့် မှိုရောဂါမဖြစ်အောင်ကာကွယ်နိုင်သည်။
မှိုအရေပြားရောဂါအားမကုသပါက အခြားနေရာများသို့ ပျံ့နှံ့နိုင်ရာ အထူးသဖြင့် အစာရေမျိုပြွန်၊ နှလုံးအဆို့ရှင်၊ အဆုတ်၊ အူ၊ အသည်းတို့အထိပျံ့နှံ့ကာ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။
May Su Hlaing






























