/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/၀က်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး-ကာကွယ်ဆေးကြောင့်

၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေးကြောင့် အော်တစ်ဇင် ဖြစ်သည်ဆိုသည့်သတင်း မှန်ကန်မှုမရှိ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        လတ်တလော ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာသည့် ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေး (MMR) ကြောင့် အော်တစ်ဇင်ကလေး ဖြစ်နိုင်သည်ဆိုသည့် သတင်း မှန်ကန်မှုမရှိသည့်အကြောင်း အသိပေးပြောကြားပွဲတစ်ခုကို 21.8.2017 နေ့က မြန်မာနိုင်ငံ အော်တစ်ဇင်အသင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

         ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေး (MMR) ကြောင့် အော်တစ်ဇင်ဖြစ်နိုင်သည် ဆိုသည့် အဆိုပါသတင်းကြောင့် ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးမှုအပေါ် မိဘများထိတ်လန့်ပြီး မထိုးဖြစ်ပါက ကလေးများ၏ အသက်အန္တရာယ်ပါ ရှိလာနိုင်ကြောင်းကို အမျိုးသားကျန်းမာရေး ကာကွယ်ဆေးထိုး အကြံပေးကော်မတီ ဒုတိယဥက္ကဌအဖြစ် တာ၀န်ထမ်းဆောင်နေသလို အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကာကွယ်ဆေးထိုး အကြံပေးကော်မတီ အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည့် ကလေးအထူးကု ဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာဦးစော၀င်းမှ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
         ပါမောက္ခ ဒေါက်တာဦးစော၀င်းက "အခုတလော ကျန်းမာရေးအသိပညာပေးတွေ တင်နေပြီး လူကြည့်များတဲ့ ဖေ့ဘုတ်စာမျက်နှာတစ်ခုမှာ သတင်းတစ်ခု တက်လာတယ်။ အဲဒါက 2015 ခုနှစ်တုန်းက အမေရိကန် အောက်လွှတ်တော်မှာ ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေးထိုးတဲ့ ကလေးတွေက အော်တစ်ဇင် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်တဲ့ Video ဖိုင်လေးပါ။ အမှန်က ဒီ Video ဖိုင်ရဲ့ နောက်ပိုင်းမှာမှ ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေးကြောင့် အော်တစ်ဇင်ဖြစ်တာ မရှိကြောင်း အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေး CDC နဲ့ တခြားဌာနတွေက သက်သေပြပြီးသားပါ။ အခု ဒီလိုမျိုး ဖေ့ဘုတ်မှာ သတင်း ပြန်တက်လာတဲ့အခါကျတော့ "ဟာ၊ ဒါဆို ဒီ၀က်သက်ကာကွယ်ဆေးကို မထိုးတော့ဘူး" ဆိုပြီး ကွန်မန့်တွေ ၀င်ရေးထားကြတာ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့က ၀က်သက်ဖြစ်ပွားမှုနှုန်းက ရှိနေသေးတယ်။ သိပ်မကြာသေးခင်က နာဂဒေသမှာ ဖြစ်ပွားခဲ့တာကလည်း ၀က်သက်ပဲလေ။ အခု ဒီဖေ့ဘုတ်ကသတင်းကို လူတွေက ယုံကြည်သွားပြီး ကာကွယ်ဆေးထိုးတဲ့နှုန်း ကျသွားရင် ကလေးတွေအတွက် အများကြီး အန္တရာယ်ရှိလို့ ဒီရှင်းလင်းပွဲလေး လုပ်ရတာပါ" ဟု ပြောသည်။
        လက်ရှိဖေ့ဘုတ်တွင် ပြန်လည်ပျံ့နှံ့လာသော ၀က်သက်ကာကွယ်ဆေးနှင့် အော်တစ်ဇင် ဆက်စပ်မှုသတင်းမှာ 1998 ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သုတေသီ ဒေါက်တာတစ်ဦးက ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေးထိုးခြင်းဖြင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိိုင်ကြောင်း နာမည်ကြီးဂျာနယ်တစ်ခုတွင် သုတေသန အချက်အလက်များနှင့် ဖော်ပြခဲ့ရာမှ စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါသတင်း နာမည်ကြီးသွားသောအခါ အဆိုပါသုတေသီ ပြုလုပ်ခဲ့သော သုတေသနစာတမ်းတွင် ကာကွယ်ဆေးထိုးထားသော ကလေးငယ် 12 ဦးသာ ပါ၀င်ခဲ့ပြီး အဆိုပါကလေး 12 ယောက်တွင် 8 ယောက်က အော်တစ်ဇင် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါသည်။

           နောက်ပိုင်းတွင် ဂျာနယ်မှ ပြန်လည်သုံးသပ်ပြီး အဆိုပါသတင်း မှားယွင်းသည်ဟု ယူဆသဖြင့် ပြန်လည်ဖြုတ်သွားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်ပြီး သုတေသနစာတမ်း ပြုလုပ်ခဲ့သည့် ဆရာ၀န်ကို စစ်ဆေးရာတွင်လည်း အော်တစ်ဇင်ကလေးများဘက်မှ ဆေးကုမ္ပဏီကို တရားစွဲရန် ပြင်ဆင်နေသော ရှေ့နေအဖွဲ့နှင့် ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိခဲ့ကြပါသည်။
           "ကာကွယ်ဆေးကြောင့် အော်တစ်ဇင် ဖြစ်တယ်လို့ သတင်းထွက်လာပြီး နောက်ပိုင်းမှာ ဒီ MMR လို့ခေါ်တဲ့ ကာကွယ်ဆေးက အော်တစ်ဇင်နဲ့ တကယ်ပဲ ဆက်စပ်မှုရှိနေသလား ဆိုတာကို သုတေသနတွေ အများကြီး လုပ်ခဲ့ပါတယ်။ CDC ကလည်း ပြန်လုပ်တယ်။ တခြားဌာနတွေကလည်း လုပ်တယ်။ Journals of America Medical Association ဆိုရင်လည်း သုတေသနလုပ်တယ်။ သူတို့လုပ်တဲ့ သုတေသနမှာဆိုရင် ကလေးပေါင်း 9 သောင်းကျော် ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်အရဆိုရင် ကာကွယ်ဆေးထိုးတာက အော်တစ်ဇင်နဲ့ ဆက်စပ်မှုမရှိဘူးဆိုတာက ပိုပြီးခိုင်မာလာတယ်" ဟုလည်း ပါမောက္ခ ဒေါက်တာဦးစော၀င်းက ရှင်းပြပါသည်။
          လတ်တလော ပြန်လည်ပျံ့နှံ့လာရသည့် အကြောင်းရင်းမှာမူ CDC ၏ သုတေသနလုပ်ငန်းစဉ်များတွင် အတူပါ၀င်ခဲ့သည့် ဒေါက်တာသွန်မဆင်ဆိုသူက အော်တစ်ဇင် ဆန့်ကျင်ရေးအသင်းမှ ဆရာ၀န်တစ်ဦးနှင့် ဆက်သွယ်မိပြီး အဆိုပါသုတေသနတွင် CDC က အချက်အလက်တချို့ ထိ်န်ချန်ထားခဲ့ကြောင်း ပြောကြားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
          "CDC ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကားမှာရှိတဲ့ လူမည်းကလေးတွေမှာ MMR ကာကွယ်ဆေးထိုးလို့ အော်တစ်ဇင် ဖြစ်ရတဲ့အချက်ကို ထိန်ချန်ထားတယ်လို့ စွပ်စွဲထားတာပါ။ သူတို့စွပ်စွဲထားသလို စာရွက်စာတမ်း ဖျောက်ဖျက်တယ်ဆိုတာက သက်သေမရှိသလို ဘယ်သူကမှလည်း လက်မခံခဲ့ပါဘူး" ဟု ပါမောက္ခ ဒေါက်တာဦးစော၀င်းက အဆိုပါ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
            ပါမောက္ခ ဒေါက်တာဦးစော၀င်းကပဲ "အခုဆိုရင် နိုင်ငံတိုင်းလိုလိုက ၀က်သက်ကင်းစင်ရေး လုပ်ဆောင်နေတာပါ။ အမေရိကားဆိုရင် ၀က်သက်ကင်းစင်နိုင်ငံ ဖြစ်ပြီးသွားပြီ။ မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတချို့ကတော့ ၀က်သက်ကင်းစင်နိုင်ငံဖြစ်ဖို့ ကြိုးစားဆဲပဲ ရှိသေးတယ်။ ဒါကြောင့် အခုလိုမျိုး ၀က်သက်ရောဂါတွေ ဖြစ်ပွားမှုရှိနေဆဲ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ကာကွယ်ဆေးမထိုးမိလို့ ၀က်သက်လိုရောဂါ ဖြစ်ပွားပြီး အသက်ဆုံးရှုံးရတဲ့အထိပါ ဖြစ်လာခဲ့ရင် အရမ်းကို နစ်နာပါတယ်။ ကမ်ဘာမှာသုံးနေတဲ့ ကာကွယ်ဆေးတွေ အကုန်လုံးက တကယ်ကို အဆင့်ဆင့် စမ်းသပ်ပြီးသားပါ။ WHO ကလည်း ၀က်သက် ပါးချိတ်ရောင် ဂျိုက်သိုး ကာကွယ်ဆေး (MMR) ထိုးတာက အော်တစ်ဇင်နဲ့ ဆက်စပ်မှုမရှိဘူး ဆိုတာကို ထုတ်ပြန်ခဲ့ပြီးပါပြီ" ဟု ဆိုပါသည်။
လက်ရှိတွင် အော်တစ်ဇင်ဖြစ်ရသည့် အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြသေးဘဲ လက်ရှိသတ်မှတ်ထားချက်အရ မျိုးရိုးဗီဇနှင့် ပတ်၀န်းကျင် သက်ရောက်မှုက အဓိကအနေအထားတွင် ပါ၀င်နေကြောင်း သိရပါသည်။ အမေရိကားတွင် 100 တွင် 1 ယောက် အော်တစ်ဇင် ဖြစ်ပွားမှုနှုန်း ရှိနေပြီး ပြည်တွင်းတွင်မူ အဆိုပါနှုန်းလောက် မများသေးကြောင်း မြန်မာနို်င်ငံ အော်တစ်ဇင်အသင်းမှ တာ၀န်ရှိသူက ပြောကြားခဲ့ပါသည်။
၀က်သက်ရောဂါနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်မှုပိုင်းတွင်မူ မြန်မာနိုင်ငံအနေဖြင့် 80% ၀န်းကျင်သာ ထိန်းချုပ်မှု ပြုလုပ်နိုင်ပါသေးသည်။ ကာကွယ်ဆေးများသည် တစ်နှစ်လျှင် ကလေးငယ် 2 သန်းမှ 3 သန်းအထိ ကာကွယ်ပေးနိုင်ပြီး ယခုထက်ပိုပြီး ထိရောက်အောင် ပြုလုပ်နိုင်မည်ဆိုပါက နောက်ထပ် ကလေးငယ် 1.5 သန်းနီးပါးကို ရောဂါအန္တရာယ်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Ye Lin Lin Than (www.drmyanmar)