/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/2018-ဇန်နဝါရီလမှစပြီး-အသက်-9-လ-ကလေးငယ်များအား

2018 ဇန်နဝါရီလမှစပြီး အသက် 9 လ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးပေးမည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

       လာမည့် 2018 ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး အသက် 9 လအရွယ် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ကလေးအထူးကု ဆရာ၀န်ကြီး ပါမောက္ခ ဆရာဦးစော၀င်းက "ကျွန်တော်တို့နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကိုလည်း လာမယ့်နှစ် ဇန်နဝါရီ 1 ရက်နေ့ကစပြီး အသက် 9 လကလေးတွေ အကုန်လုံးကို ထိုးပေးတော့မှာပါ။ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေး 10 မျိုးကနေ 11 မျိုး ဖြစ်သွားတာပေါ့။ နောက်တစ်ခုက ဘာလဲဆိုရင် အဲဒီဆေးထိုးတဲ့အချိန်မှာလည်း အရှေ့ပိုင်းက မထိုးဖြစ်ထားတဲ့ ကလေးတွေကိုလည်း ထိုးပေးဦးမှာပါ။ နို၀င်ဘာလထဲမှာ အသက် 5 နှစ်ကနေ 15 နှစ်ကလေးတွေ၊ ဒီဇင်ဘာလထဲမှာတော့ အသက် 9 လကနေ 5 နှစ်အထိ ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး တစ်ပြည်လုံး အတိုင်းအတာနဲ့ ထိုးပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ပြောပါသည်။

          ကာကွယ်ဆေးများနှင့် ပတ်သက်ပြီး လူထုထဲတွင် အမြင်မှားမှုများ၊ သံသယဖြစ်ခြင်းများ မရှိသင့်ကြောင်း၊ ကာကွယ်ဆေး အားလုံးအနေဖြင့် ကူးစက်ရောဂါ အတော်များများ ခုခံနိုင်သည်ကို ယုံကြည်မှုရှိရန် လိုအပ်ကြောင်း ဆရာ၀န်အများစုက ဆိုကြပါသည်။

          "ဒီလိုမျိုးကာကွယ်ဆေးတွေ ထိုးပေးဖို့ဆိုတာ လွယ်လွယ်နဲ့ရတာ မဟုတ်ပါဘူး။ နို်င်ငံတော်ကလည်း ကုန်ကျစရိတ် ပေးရတယ်။ အခုဆိုရင် ကာကွယ်ဆေး အကုန်လုံးကို ကလေးတစ်ယောက် ထိုးပေးဖို့အတွက် အမေရိကန်ဒေါ်လာ 50 နီးပါး မြန်မာငွေ 6 သောင်းနီးပါး ကုန်ကျစရိတ် ရှိတယ်။ မြန်မာပြည်အစိုးရက ကုန်ကျစရိတ်ရဲ့ 10% ပေးရပါတယ်။ ကျန်တာကတော့ WHO, UNICEF နဲ့ တခြားအလှူရှင် အဖွဲ့အစည်းတွေက ပေးတာပါ။ ကျွန်တော်တို့နိုင်ငံက မထည့်ရင် သူတို့ကလည်း မပေးပါဘူး။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရနေတာကို ယူတတ်ဖို့ လိုတယ်။ မိဘတွေအနေနဲ့လည်း ဒီအခွင့်အရေးတွေကို လက်မလွှတ်စေချင်ပါဘူး။ လတ်တလော သတင်းထွက်နေတဲ့ ၀က်သက်ကာကွယ်ဆေးကြောင့် အော်တစ်ဇင် ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေကို ယုံပြီး ဆေးမထိုးလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မလိုလားပါဘူး" ဟု ကလေးအထူးကု ဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာဦးစော၀င်းက ရှင်းပြပါသည်။

 

Ye Lin Lin Than (www.drmyanmar.com)