/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/နှာခေါင်းသွေးနဲ့-ကျန်းမာရေး

နှာခေါင်းသွေးနဲ့ ကျန်းမာရေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးလွင်သန့် (ဆေး - ၂)

        နှာခေါင်းသွေးလျှံခြင်းကို လူတိုင်းလိုလိုဖြစ်ဖူးကြမယ်။ ကလေးဘ၀များမှာကစားရင် မတော်တဆ ထိခိုက်မိရင်း နှာခေါင်းသွေးလျှံတတ်ကြတယ်။ နှာခေါင်းကို လက်နဲ့နှိုက်နေတဲ့အကျင့် ကလည်း နှာခေါင်းသွေးလျှံစေတယ်။ အပြင်း အထန် နှာချေခြင်း၊ လက်ေ၀့ှအားကစား၊ ဘတ်စကက်ဘော၊ ဘောလုံးအားကစားနည်းများမှာ နှာခေါင်းထိခိုက်မိပြီး နှာခေါင်းသွေးလျှံတတ်ကြတယ်။ ရံဖန်ရံခါ နှာခေါင်းသွေးလျှံခြင်းမှသည် ကျန်းမာရေးမကောင်းခြင်း၊ ကိုယ်တွင်းထိခိုက်နေခြင်း ရောဂါများ၊ အဆုတ်တီဘီရောဂါမှ သွေးအန်ခြင်း၊ အစာအိမ်ရောဂါမှ သွေးအန်ခြင်းများ ရောထွေးနိုင် ပါတယ်။ နှာခေါင်းမှ သွေးထွက်ခြင်းဖြစ်ပါက ပြုစုကုသရန် နည်းလမ်း 5 ခု တင်ပြလိုပါတယ်။

 

(1)   နှာခေါင်းသွေးလျှံသူကို ခပ်ကိုင်းကိုင်းထိုင်ချခိုင်းပြီး ဦးခေါင်းငိုက်ကာ တစ်သျှူးနဲ့ ဖိထားသင့်တယ်။

         နှာခေါင်းသွေးလျှံနေသူကို ရှေ့ခေါင်းစိုက်ပြီး ခပ်ကိုင်းကိုင်း ထိုင်ခိုင်းရမယ်။ ခေါင်းနောက်လှန် ထားရင် သွေးများ နှာခေါင်းထဲကတစ်ဆင့် လည်ချောင်းထဲဆင်းသွားနိုင်ပါတယ်။ ခေါင်းစိုက်ပြီး ထိုင်ပါမှ နှာခေါင်းပေါက်ကနေ အပြင်ကို သွေးများထွက်သွားမယ်။

 

(2)   နှာခေါင်းပိတ်ထားသင့်တယ်

        ပြုစုသူဟာ ဖြစ်နိုင်ရင် လက်အိပ်စွပ်ထားသင့်တယ်။ လူနာရဲ့ နှာခေါင်းကိုပိတ်လိုက်ရမှာဖြစ်လို့ လက်မသန့်ရင် လက်ထဲကနေ လူနာရဲ့ခေါင်းထဲရောဂါပိုး ၀င်သွားနိုင်သလို၊ ပြုစုသူလက်မှာ ရှနာရှိရင် နှာခေါင်းကသွေးက တစ်ဆင့် ရောဂါပိုးကူးစက်၀င်ရောက်နိုင်လို့ လက်အိတ်စွပ်ပြီး ကိုင်သင့်ပါတယ်။

          နှာခေါင်းကိုလက်နဲ့ညှစ်ပြီး ပိတ်ထားသင့်တယ်။ ပါးစပ်ဟပြီး အသက်ရှူခိုင်းရမယ်။ နှာခေါင်း ပိတ်ထားမှ သွေးလျှံတာ လျော့သွားနိုင်တယ်။ လက်ဆေးခွက် သို့မဟုတ် ရေထည့်ထားတဲ့ ဇလုံတစ်လုံး အပေါ် ခေါင်းငိုက်ထားပြီး၊ ထွက်လာတဲ့ သွေးတွေကို ဖြည်းဖြည်းချင်း သပ်ချခိုင်းရမယ်။ ခေါင်းလှန် ထားရင် သွေးများမျိုချမိကာ ကျန်းမာရေးထိ ခိုက်နိုင်ပါတယ်။ နှာမချေမိအောင်၊ သွေးတွေမျို မချမိအောင်၊ ချောင်းမဆိုးမိအောင် တတ်နိုင်သမျှထိန်းထားရမယ်။ နှာခေါင်းထဲသွေးခဲပြီး၊ တိတ်သွားတဲ့ဖြစ်စဉ် အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်ရလို့ ပါးစပ်ဟပြီး အသက်ရှူကာ နှာခေါင်းပိတ်ထားရမယ်။

 

(3)  နှာခေါင်းကို စစ်ဆေးကြည့်သင့်တယ်

        နှာခေါင်းကို လက်နဲ့ညှပ်ပိတ်ကိုင်ထားကာ ဆယ်မိနစ်လောက်ရှိရင် လွှတ်လိုက်ပြီး သွေးထပ်လျှံ၊ မလျှံခဏ စောင့်ကြည့်သင့်တယ်။ သွေးလျှံနေတုန်းဆိုရင် နောက်ထပ်ဆယ်မိနစ်လောက် လက်နဲ့ညှပ်ကိုင် ထားရမယ်။ သည် အချိန်မှာလည်း ကိုင်ထားသူရဲ့ လက်မှတစ်ဆင့် ရောဂါပိုးမ၀င်ရောက်နိုင်ဖို့၊ လက်အိတ်စွပ်ပြီးမှ နှာခေါင်းကို စစ်ဆေးသင့်ပါတယ်။

          ခဏစောင့်ကြည့်ချိန်မှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ပြင်းပြင်းရှူခြင်း မပြုလုပ်သင့်ပါဘူး။ သွေးမထွက်တော့ဘူးဆိုရင် ရေနဲ့သေချာဆေးကြောပြီး ရေငွေ့ရှူပေးသင့်ပါတယ်။ ရေနဲ့ဆေးကြော သန့်စင်တဲ့အချိန်မှာ နှာခေါင်းအတွင်းပိုင်းက သွေးကြောငယ်များ ထပ်ပြီးဒဏ်ရာမရစေဖို့တော့ အထူးဂရုစိုက်သင့်ပါတယ်။

 

(4)  ရေအေးနဲ့ ဖိပေးသင့်တယ်

        လူနာကို ရေခဲ သို့မဟုတ် အအေးတုံးတစ်ခုခုဖြင့် နှာရိုးတစ်လျှောက်ပွတ်သပ်ခြင်း က နှာခေါင်းအတွင်း သွေး မြန်မြန်ခဲသွားအောင် ကူညီပေးနိုင်ပါတယ်။ ရေခဲမရနိုင်ရင်လည်း ရေအေးအေး နဲ့ ရေပတ်၀တ်တင်ပြီး အုပ်ပေးထားနိုင်တယ်။ ရေခဲသေတ္တာထဲက အအေးဖန်ခွက်စသဖြင့် အေးတဲ့ပစ္စည်း တစ်ခုခုရရင်ပဲ နှာခေါင်းရိုးတစ်လျှောက် ပွတ်သပ်ပေးရင် သွေးလျှံတာ ရပ်သွားနိုင်ပါတယ်။

          နှာခေါင်းက သွေးတိတ်သွားပြီဆိုရင် ရေစို၀တ်နဲ့ လူနာနှာခေါင်းကို ပွတ်တိုက်သန့်ရှင်းပေးသင့်တယ်။ သန့်ရှင်း တဲ့ အ၀တ်နဲ့ ညင်ညင်သာသာ ဆေးပစ်၊ သုတ်ပစ်သင့်တယ်။ နောက် 12 နာရီလောက် အတွင်းမှာ နှပ်မညှစ်ဖို့၊ နှာပြင်းပြင်းထန်ထန်မချေဖို့၊ ချောင်းပြင်းပြင်းထန်ထန် မဆိုးဖို့သတိပေးထား ရမယ်။ နှာခေါင်းအတွင်း အကျိတ်ငယ်၊ မှဲ့၊ အသားပိုများမှ သွေးထွက်ခြင်း ရှိ/မရှိ သေချာကြည့်ပေးသင့်ပါတယ်။

 

မိသားစုဆရာ၀န်နဲ့ ပြသင့်တယ်

(1)   တစ်ပတ်တစ်ခါမက နှာခေါင်းသွေးလျှံနေရင် မိသားစုဆရာ၀န်နဲ့ ပြသင့်ပါတယ်။ ဆရာ၀န်က သွေးတိုး ရှိ/မရှိ စမ်းသပ်ပေးပါလိမ့်မယ်။

(2)   သွေးပျစ်လူနာများမှ သွေးကျဲဆေးသောက်နေရတဲ့အတွက် မကြာခဏ နှာခေါင်းသွေးလျှံလာတတ်တယ်။ ဆရာ၀န်နဲ့ တိုင်ပင်ပြီး သွေးကျဲဆေးရပ်သင့်/မသင့် ဆွေးနွေးလိုက်နာသင့်တယ်။

(3)   နှာခေါင်းထဲ ဆစ်ခနဲဖြစ်သွားပြီး သွေးရည်နည်းနည်းပါတဲ့ အရည်ကြည်များ နှာခေါင်းကကျလာရင် ဆိုင်ကယ် မှောက်လို့ ဦးခေါင်းခွံအက်နေခြင်းကြောင့် ဖြစ်နိုင်သလို၊ အခြား ထိခိုက်ဒဏ်ရာ ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာ၀န်နဲ့ ပြသစစ်ဆေးဖို့လိုပါတယ်။

(4)   အကြောင်းမရှိဘဲ မကြာမကြာ နှာခေါင်းသွေးလျှံတတ်လျှင် တစ်ခုရှိတာက သွားဖုံးတွေက သွေးယိုတာဖြစ်နိုင်တယ်။ ဒါကြောင့် သွားနဲ့ခံတွင်းဆရာ၀န်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(5)   အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရလို့ နှာခေါင်းသွေးလျှံလာရင် နှာခေါင်းရိုးကျိုးသလား၊ နှာခေါင်း အမြှေးပါး ထိခိုက်သွေးယိုစိမ့်သလား ခွဲခြားသိဖို့လိုပါတယ်။ လက်ေ၀့ှပွဲများမှာ နှာခေါင်းသွေးလျှံတာ မကြာခဏတွေ့ရပြီး မတိတ်ဘဲ ဆက်တိုက်ကျနေရင်တော့ ဆေးစစ်ချက်အရ နှာခေါင်း တစ်ခုခုဖြစ်သွားလို့ ဆေးကျအဖြစ် သတ်မှတ်ခံရကာ ပြိုင်ဘက်က အနိုင်ယူသွားမှာပဲဖြစ်တယ်။

          “နှာခေါင်းသွေးနဲ့ ကျန်းမာရေး” ကို လျှော့မတွက်သင့်ဘဲ ရောဂါတစ်ခုခုရဲ့ လက္ခဏာအဖြစ် စဉ်းစားမိကာ စနစ်တကျ တတ်ကျွမ်းသူ (မိသားစုဆရာ၀န်) နဲ့ ပြသကာ ကုသမှုခံယူသင့်ပါတယ်။

 

 

 

Credit; ဒေါက်တာလွင်သန့် (ဆေး-2)

Health Digest Journal

Vol: 13, No: 24, 9-3-2016