/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သက်စွန့်ဆံဖျားမှုခင်းဆရာ၀န်များ

သက်စွန့်ဆံဖျားမှုခင်းဆရာ၀န်များ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမောင်မောင်ညို

အကုသိုလ်များ သေးသေးကလေးနှင့်၀င် အသက်မရှင်

        1996 ခုနှစ်၊  သြဂုတ်လ 14 ရက်နေ့တွင် ပါမောက္ခ ကရင်၀က်တာဟန်း (Karen Wetterhahn) သည် ပြဒါးပါသောဆေး (Dimethyl Mercury) ကို ဆေးထိုးအပ်ဖြင့် စုပ်ရာ သူမ၏၀ဲဘက်လက်ပေါ်သို့ တစ်စက် ကျသွားသည်။ သူမသည် ပြဒါးအပါအ၀င် သတ္တုဓာတ်များ၏အန္တရာယ်ကို သိသူဖြစ်သည်။ ယင်းတို့သည် ကင်ဆာဖြစ်နိုင်သည်။ သို့သော် ချက်ချင်းသေနိုင်ကြောင်းမသိ။ သူမမှာ လက်အိတ်များစွပ်ထား၏။ သို့သော် ငါးလကြာသောအခါ ပါမောက္ခမှာ သတိမေ့မြော (Coma ဖြစ်ကာ) သေဆုံးသွားသည်။ မှုခင်းဆရာ၀န်များမှာ သက်စွန့်ဆံဖျား လုပ်ကိုင်နေကြသည်။

        ပါမောက္ခ ကရင်၀က်တာဟန်းမှာ အသက် 48 နှစ်၊ ကလေးတစ်ယောက်မိခင်၊ ရင်ခွဲစစ်ဆေးရာ၌ ပြဒါး ဓာတ်ငွေ့က သူမ၏ဦးနှောက်ကို စားသွားခဲ့သည်။ သူမမှာ နာကျင်မှုမရှိဘဲ သေဆုံးသွားရသည်ဟု သူမလုပ်ဖော် ကိုင်ဖက်ဆရာ၀န်ကြီးက ပြောသည်။

        “ခြငေ်္သ့တွေကို ယဉ်အောင်လေ့ကျင့်တဲ့သူဟာ ခြငေ်္သ့ကိုက်လို့သေကြရတာပဲ” ဟု သူမ၏ပါရဂူဘွဲ့ရပြီး လက်ထောက်ကင်ဆပ်ဂ်ဒန် (Kent Sugdan) ကပြောလေသည်။

 

အဆိပ်ပေါင်းများစွာ

        ပြဒါးသာမက အခြားအဆိပ်များလည်းများစွာရှိသည်။ စိန် (Arsenic) မှာ လူတိုင်းသိ၊ သမိုင်း၀င် အဆိပ် ဖြစ်သည်။ နပိုလီယံ (Nagoleon) မှာ စိန်ဆိပ်ကို တဖြည်းဖြည်းကျေွးအသတ်ခံရသည်။ မသေမီသူက “ငါအဆိပ်မိနေပြီ” ဟုပြောသည်။ အဆိပ်မိပေမပေါ့။ သူသည် သူ့ကိုစောင့်ကြပ်သော ထောင်မှူ း ဇနီးနှင့် ဖောက်ပြန်ခဲ့ပေသကိုး။ ထိုမိန်းမမှာ သူနှင့်သားတစ်ယောက်ရခဲ့သည်ဟု အဆိုရှိသည်။

          ဤကမ်ဘာမှာ အဆိပ်တွေပေါလှသည်။ တောထဲတောင်ထဲမှာ၊ ရေထဲမြေထဲမှာ၊ ပင်လယ်သမုဒ္ဒရာထဲမှာအစုံ။ ပင်လယ်အဆိပ်ပေါင်း 1200 ကျော်၊ အဆိပ်ဖြစ်စေနိုင်သော ငါး 700 ကျော်၊ အဆိပ်ပြင်းသော မြွေ 400 ကျော်၊ ဖြုတ် 60၊ အဆိပ်ပြင်းသည့် ကင်းမြီးကောက် 70၊ ပင့်ကူမျိုးစိတ် 200၊ သစ်ပင်ပေါင်း 1000 ကျော်မှာ အဆိပ်ပေါင်း 750၊ ထိလိုက်လျှင်ပင် အဆိပ်ဖြစ်သော ငှက်ပေါင်းများစွာရှိသည်။

 

အဆိပ်တွေက တစ်ခါတစ်ရံလူ့အသက်ကိုကယ်

        မိုက်ဂဲလို (Mike Gallo) သည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီကင်ဆာဌာန (New Jersy Cancer Institute) မှ တွဲဖက်ညွှန်ကြားရေးမှူးဖြစ်သည်။ 2014 ခုနှစ်၊ ဖေဖော်ဝါရီလက အသက် 64 နှစ်၊ လူဖလံကလေး အလုပ်နှင့် လက်နှင့်မပြတ်လုပ်သူ။ ထိုနေ့တွင် သူ့မှာ သားနံရည်အကျိတ်ကင်ဆာ (Non-HodgkinLymphoma) ရနေသည်ဟု ဆရာ၀န်များက ပြောသည်။ လုပ်ငန်းနှင့်ဆက်စပ်နေ၏။ 4 လမျှ ကင်ဆာကုဆေးများ သွေးကြောထဲ အထိုးခံရမယ်။

          ကင်ဆာကုဆေးများမှာလည်း အဆိပ်ပင်။ သူ့အတွက် အောက်ပါဆေးများပေါင်းပေးသည် -

(1)     Cytoxan (ဆိုင်တိုဇန်)

(2)     Adramycin ( အက်ဒြီယာမိုင်စင်)

(3)     Vincristine (ဗင်ခရစ်စတင်း)

(4)     Prednisone (ပရက်နီဆုံး)

(5)     Retuxan (ရီတပ်က်ဆင်)

 

ဤဆေးများ၏ ဆိုးကျိုးများ

(1)     ပျို့ခြင်း

(2)     အန်ခြင်း

(3)     ၀မ်းလျှောခြင်း

(4)     ပိန်လာခြင်း

(5)     အသည်းထိခိုက်ခြင်း

(6)     နှလုံးထိခိုက်ခြင်း

(7)     ဆီးအိမ်ထိခိုက်ခြင်း

(8)     သွေးဖြူဥကျရောဂါပိုး၀င်ခြင်း

(9)     သေဆုံးခြင်း

          တစ်ခုမဟုတ်တစ်ခု၊ သို့မဟုတ် အားလုံးဖြစ်နိုင်သည်။ သို့သော် ဂဲလိုမှာ ဘာမျှမဖြစ်။ 6 လ ကြာသောအခါ သူ့ကင်ဆာမှာ ပျောက်သွားသည်။ အားလုံးက အံ့သြ၀မ်းသာကြသည်။

          “ကျွန်တော့်သွေးကြောထဲကို သူတို့ဆေးတွေစသွင်းကတည်းက ကျွန်တော်နေလို့ကောင်းသွား တယ်။ ရောဂါပျောက်မယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်” ဟု ဂဲလိုက၀မ်းသာအားရပြောပြ သည်။ ရောဂါစုံထောက်များသည် မီးနှင့်ကစားနေသူများဖြစ်သည်။ မီးကတစ်ခါတစ်ရံ သူတို့ကို အသက်ရှင်အောင် အစာချက်ကျေွးပါသည်။

 

အသက်စွန့်၍ မြွေကိုဖမ်း အဆိပ်ထုတ်သူ

        ဘရုစ်မင်း (Bruce Means) သည် မြွေပညာရှင် (Herpetologist) တစ်ဦးဖြစ်သည်။ မြွေများစွာကို ဖမ်း၍ မြွေဆိပ်ကိုထုတ်ယူ၊ အချို့ကို ဓာတုဗေဒစစ်၊ အချို့ကို ယုန်၊ ပူး၊ မြင်းများထဲထည့်ကာ မြွေဆိပ် ကာကွယ်ဆေးဖော်ယူသည်။

          တစ်ရက်တွင် သူသည် ဖလော်ရီဒါပြည်နယ် ကျွန်းငယ်ကလေးတစ်ခုပေါ်တွင် မြွေဖမ်းလျက်ရှိသည်။ သူ့မှာ လက်နက်ဆို၍ တုတ်တစ်ချောင်းသာပါ၏။ တုတ်နှင့်မြွေကို တို့ရာ မြွေကသူ့ကိုပေါက်သည်။ ခန္ဓာကိုယ်ထဲက မြွေဆိပ်မပျံ့ခင် သူဆေးရုံရောက်ဖို့လိုသည်။ သူသည်ဖုန်းဖြင့် ဟယ်လီကော့ပတာခေါ် ကာ ဆေးရုံသွားခဲ့သည်။ ဆေးရုံရောက်တော့ သူသတိရတစ်ချက်၊ မရတစ်ချက်။ သူ၏မြွေကိုက်ဒဏ်ရာကိုတော့ ဆရာ၀န်တွေကို ပြနိုင်ခဲ့သည်။

          သူကံကောင်းပါသည်။ သူ၏မြွေဆိပ်ကို ဆန့်ကျင်သော မြွေဆိပ်ဖြေဆေးရှိ၍ ချက်ချင်းသွေးကြောထဲ ထိုးထည့်နိုင်ခဲ့သည်။ မြွေကိုက်ဒဏ်ရာကို ပိုးသန့်စင်အောင် အသားများမပျက်စီးခင် ဆေးပေးသန့်စင်နိုင်ခဲ့သည်။ အချိန်မီ ဆေးရုံမရောက်က သူသေမည်မှာမုချ။

          “ဒီလောက်အန္တရာယ်ကြီးတာမို့ မြွေတွေကိုကျွန်တော်လိုက်ဖမ်းနေတာပါ။ သူတို့အဆိပ်တွေရမှ အဆိပ်ဖြေဆေး (Antivenin) ကို ထုတ်ယူလို့ရမယ်လေ” ဟု သူက စိတ်အားထက်သန်စွာပြောပါသည်။

 

ချက်ချင်းမသေနိုင်သော အဆိပ်က လူ့အလှကိုဖော်ဆောင်

        ဗော်ကျူလိုင်းနားအဆိပ် (Botulinum Toxin) မှာ ရုတ်တရက် စားမိက ချက်ချင်းသေသည်။ Clostridium botulinum က  ရောဂါပိုးက ထုတ်လုပ်ပေးသော အဆိပ်ဖြစ်၏။ အသားပါသောအစာများချက်ရာ၌ ယင်းပိုးပါလျှင် ယင်းရောဂါပိုးက အဆိပ်ထုတ်သည်။ အစာမှာ ဘာမျှပုံမပျက်ဘဲ စား၍ရ၏။ သို့ဖြင့် လူတွေစားကြရာ ချက်ချင်း သေကုန်ကြသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မကြာမီက ဖြစ်ပွားခဲ့သည်။ ကြောက်စရာ အစာအဆိပ်သင့်ခြင်း၊ လူသေစေသော ညစာစားပွဲဟု ဆရာ၀န်ကြီးက အမည်ပေးခဲ့သည်။ Deadly Dinner တဲ့။ တစ်ခါက မြန်မာနိုင်ငံ၊ မင်္ဂလာဒုံမြို့က လူတချို့၀မ်းလျောခဲ့သည်။ လူ 20 ကျော်ထိရာ လူ 5 ယောက်သေဆုံးခဲ့သည်။ အချိန်မီ ဆေးရုံရောက်ပါက အသက်မသေအောင်ကု၍ရပါသည်။ ယင်းအဆိပ်မှ ထုတ်ယူရရှိသော ဘိုတောက်စ် (Botox) ကို လူများအလှပြင်ဖို့ အရေပြားထဲထိုးထည့်ပေးကြသည်။ အသက်ကြီးသော အဆိုတော်၊ ပြဇာတ်မင်းသား၊ မင်းသမီး၊ ရုပ်ရှင်မင်းသား၊ မင်းသမီးများထိုးကြသည်။ အဲလိဇဘက်တေလာ၊ အော့ဒရီဟေဗန်းတို့ ထိုးကြသည်ဟုသိရ၏။

 

စန္ဒရားဆရာ၏လက် ဘိုတော့စ်ထိုး၍ ဆက်တီးခတ်နိုင်

        လီယွန်ဖလက်ရှာ (Leon Flesher) မှာ အလွန်တော်သော စန္ဒရားဆရာဖြစ်သည်။ သို့သော် အသက် 37 နှစ်အရွယ်၌ သူ့လက်တွေမှာ ကောက်ကွေးတွန့်လိမ်နေသည်။ လက်မနှင့် လက်ညှိုးမှာ လိုသလိုကွေး၍မရ။ သို့ဖြစ်၍ စန္ဒရားကိုမတီးနိုင်၊ အထူးသဖြင့် ဘေသိုဘင်းတီးစုံအသံများ (Beethoven Symphonies) ဤတွင် ဆရာ၀န်က သူ၏လက်နှစ်ဖက်မှာ စန္ဒရားမတီးမီ နာရီ၀က်၊ တစ်နာရီကြို၍ ထိုးပေးသည်။ လက်မနှင့်လက်ညှိုးများ ပြန်သန်မာလာသည်။ ပျော့လာသည်။ လိုသလိုဖြောင့်ကွေး၍ရလာသည်။ ဤတွင် စန္ဒာရားပြန်တီး၍ရသည်။ ယခုတိုင် တီးဆဲ၊ ယခု အသက် 40 ကျော်ပါပြီ။

 

အဆိပ်ပြင်းသော ငါးဖောင်းငါး (Fugu or Puffer Fish)

        ပါးဖောင်းငါး သို့မဟုတ် ဖူဂူး (Fugu) ငါးသည် ဂျပန်မှာ အကျော်ကြားဆုံးငါးဖြစ်သည်။ သူက အလွန်ပြင်းသော အဆိပ် (Tetradotoxin) ကိုထုတ်ရာ မကျွမ်းကျင်သောသူများ ဖမ်းချက်စားပါက စားသူများမှာ ငါးအသား ကိုလျှာပေါ်တင်လိုက်သည်နှင့် တုံးခနဲလဲကျသေဆုံးသွားသည်။ သူ၏အဆိပ်သည် ဆိုင်ယာနိုက် (Cyanide) အဆိပ်ထက် အဆများစွာပိုပြင်းသည်။

        သို့သော် ထိုငါးကို (Takifugurubripes) ကို ကျွမ်းကျင်သူများက အသည်း၊ မျိုးဥ၊ မျိုးပွားအင်္ဂါ၊ အူ၊ အရေပြားတို့ကိုထုတ်ကာ အသားချည်းချက်ကျေွးပါက အလွန်အရသာရှိသည်။ လျှာပေါ်မှာတင်၍ အရသာခံစား ကြသည်။ တစ်ပန်ကန်စာကို အမေရိကန်ဒေါ်လာ 500 တန်သည်။ သေဆေးကို မြုံ့အရသာခံစားနေသူများဟု ဆိုနိုင်သည်။ သို့သော် မကြောက်ပါနှင့်။  လိုင်စင်ရ ဖူဂူးငါးသတ်ကျေွးသူများမှာ စားသူတွေ အဆိပ်လုံး၀မထိအောင် ငါးကိုချက်ကျေွးနိုင်ကြပါသည်။

 

အဆိပ်ကြောင့် သေခြင်း၏လက္ခဏာများ

        လူတစ်ယောက် အဆိပ်ကြောင့်သေ၊ မသေ ဥပဒေရေးရာ ဆေးပညာရှင်များ (Medico Legal Experts)က သိပါသည်။

(1)     ရုတ်တရက်သေဆုံးခြင်း

(2)     မသေမီ အဆိပ်မိလက္ခဏာပြခြင်း ဥပမာ -

          (1)    အော့အန်ခြင်း (Nausea and Vomiting)

          (2)     ဗိုက်နာခြင်း (Stomach Cramps/ Pain)

          (3)     ၀မ်းလျှောခြင်း (Diarrhoea)

          (4)     မူးမေ့ခြင်း (Coma)

          (5)     ရုတ်တရက်လဲကျခြင်း (Syncope)

(3)     ယင်းလက္ခဏာများသည် ယခင်ကရှိသောလူနှင့် ဘာမျှမဆိုင်

(4)     အဆိပ်တစ်ခုစီ၏ ထူးခြားချက်များပြခြင်း၊ ဥပမာ -

          (1)    ဘိန်းမိပါက မျက်လုံးသူငယ်အိမ်ကျဉ်းခြင်း

          (2)     ဓာတ်ငွေ့မိပါက သွေးနီနေခြင်း

          (3)     အိုင်ယာနိုက်မိပါက တစ်ကိုယ်လုံးမွှေးနေခြင်း

          (4)    အသက်ရှူမ၀ပါက သေသူမှာ ပြာနေခြင်း

          (5)     မူးယစ်ဆေးမိပါက လူမှာရှင်နေသည့်ပုံနှင့် သေဆုံးခြင်း၊

(5)     အလောင်းထဲမှ သွေးကိုယူ၍ ဓာတ်များကို စစ်ကြည့်ခြင်း

 

ဇီ၀လက်နက်ဆန်းများ (Biological Weapons)

        ခေါမသူရဲကောင်း ဟာကျူလီ (Hercule) သည် မြွေတစ်ရာပါ ဦးခေါင်းပိုင်ရှင် ဟိုင်ဒရာ (Hydra) ကို သတ်ဆိုသောအခါ ယင်း၏ အဆိပ်ထဲသူ၏ မြားခေါင်းများကို နှစ်သည်။ ထိုမြားများဖြင့် ရန်သူကိုပစ်ရာ ရန်သူမှာ မြားဒဏ်ရာနှင့်အဆိပ်ဒဏ်ကြောင့် အသက်မရှင်နိုင်တော့ပေ။ ထို့ကြောင့် ဟာကျူလီကို ဇီ၀လက်နက် စတင် တီထွင်သူဟု ခေါ်ကြသည်။

          အေဒီ 199 ခုနှစ်က ရောမစစ်တပ်သည်  ယခုခေတ်အီရတ်နိုင်ငံရှိ ဟက်ထနာ (Hatra) မြို့ကို လုပ်ကြံကြသည်။ ယင်းမြို့သားများက ကင်းမြီးကောက်များကို အိုးထဲထည့်ကာ ပြန်ပစ်ကြသည်။ သူ့အရင်နှစ် 400 လောက် ကဟန်နီဘောလ် (Hannibal) သည် မြွေများကို လောက်လေးခွမှာတပ်၍ ရန်သူကိုပစ်ခဲ့သည်။ အင်္ဂလိပ်စစ်တပ်သည် အသေခံ၍ တိုင်းရင်းသားအင်ဒီယန်းများ ကို ကျောက်ကြီးရောဂါဖြန့်၍ တိုက်ခဲ့သည်။ ယခု အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်များ (HIV)၊ ဒေါင့်သန်းစွဲရောဂါပိုးအဆိပ်များ (Anthrax) နှင့် စစ်ခင်းခြင်းမှာ ဇီ၀လက်နက်များကို အသုံးပြု ခြင်းပင်ဖြစ်သည်။

 

သေပြီး ခန္ဓာကိုယ်များ ဆေးမစိမ်ဘဲ အထားခံခြင်း

        ဂျပန်နိုင်ငံမှ အသက် 76 နှစ်ရှိ ယူဂါကူအန်ဒို (Yugaku Endo) သည် မစားမသောက်ဘဲနေ၍ ပျံလွန်တော်မူသွားသည်။ သူသည် အနီးရှိစမ်းရေကိုသာ မသေမီ သောက်သွား၏။ သူသေသောအခါ အရိုးပေါ်အရေတင်၊ သို့သော် သူ့ခန္ဓာကိုယ်မှာ မပုပ်မသိုး။ လူတွေက “ဗုဒ္ဓအလောင်း” ဟုခေါ်ကြသည်။ အဘယ်ကြောင့် မပုပ်မသိုး ရသနည်း။

          အကြောင်းမှာ သူသောက်သောရေထဲ၌ စိန် (Arsenic) တွေအများကြီးပါသည်။ သူသိမသွား။ စိန်သည် အလောင်းကိုမပုပ်အောင် ပြုလုပ်နိုင်သည်။

          ဗုဒ္ဓဘာသာရဟန်းတော်များမှာမူ ရဟန္တာဖြစ်က အလောင်းမပုပ်မသိုးဟုပြောကြ၏။ ယခုတိုင်စွန်းလွန်း ဆရာတော်၏ အလောင်းမြင်းခြံမှာရှိသေးသည်။ ထိုသို့ရက်ကြာမပုပ်မသိုးဘဲရှိသွားသော အလောင်းမှာ လယ်တီဆရာတော်၏ အလောင်းဖြစ်သည်။

          မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ သူ၏အလောင်းတော်မှာ မပုပ်မသိုး၊ ရှင်မဟာကဿပမထေရ် ရောက်မှ ခြေတော်ကိုဦးချမှ သူ့အလိုလိုတေဇောဓာတ်လွှမ်း လောင်သည်ဟုသိရသည်။ ရှင်အာနန္ဒာမှာ အသက် 150 နှစ်၌ ပရိနိဗ္ဗာန်ပြုရာ ေ၀သာလီနှင့် ရာဇဂြိုလ်အကြားမြစ်ပေါ်ရောက် လှေထဲမှာ ပျံလွန်သည်ဟုဖတ်ရ၏။ နှစ်နိုင်ငံသားတို့သဘောတူညီစွာ ဓာတ်တော်ကိုခွဲယူကာ သင်္ဂြိုဟ်ကြသည်ဟု ဖတ်ရ၏။ အံ့သြကြည်ညိုစရာ။

          ဤတွင် အာသောကမင်းတရားကြီးအကြောင်း ဖတ်ရရာ အာသောကမင်းကြီးက မြတ်စွာဘုရားဖွားမြင်ရာ၊ ဘုရားဖြစ်ရာ၊ ဓမ္မစကြာတရားဟောရာ၊ မဟာပိရိနိဗ္ဗာန်ပြုရာအရပ်တို့၌ ရွှေကြာတစ်သိန်းစီလှူသည်။ ရှင်မဟာမောဂ္ဂလန်စေတီတစ်ဆူစီ၌ ရွှေဒင်္ဂါး တစ်သိန်းစီလှူသည်။ ရှင်အာနန္ဒာစေတီ၌ ရွှေဒင်္ဂါးတစ်သန်းလှူ၍ ရှင်ပါကူစေတီ၌ တစ်ပြား (One Penny) သာလှူသည်ဟု သိရ၏။ ဘာကြောင့်လဲ။ “ရှင်အာနန္ဒာက သုတ်တွေရွတ်ဆိုချန်ခဲ့တယ်။ ဗုဒ္ဓဘာသာဟာ သူ့ကိုကျေးဇူးတင်ရမယ်။ ရှင်ပါရဂူဟာ သူရဟန္တာဖြစ်အောင်လုပ်၊ ကျန်းမာအောင်သာ နေသွားတယ်။ လူသားတွေအတွက် ဘာမျှချန်မထားခဲ့ဘူး။ ဒါကြောင့်တဲ့” မှတ်သားစရာ။

 

နိဂုံး

        မှုခင်းဆေးပညာရှင်၊ ဆရာ၀န်စုံထောက်၊ ရောဂါစုံထောက်များသည် တရားခံများကို သိပ္ပံနည်းကျရှာဖွေ မှတ်တမ်းတင်ရုံမက မိမိအသက်ကို ပဓာနမထားဘဲ သက်ရှိ၊ သက်မဲ့အဆိပ်များကိုရှာ၊ အဆိပ်ဖြေဆေးများတွင် လူ့လောကကို ဘေးကင်းအောင်ပြုလုပ်ပေးနေကြသည်။

          ခရစ်စတန်ဆင် (Kristensen)သည် ပင့်ကူအဆိပ်များကိုထုတ်၍ ကမ်ဘာတစ်၀န်းက သိပ္ပံပညာရှင်များထံ ပို့ပေးကာ ပင့်ကူအဆိပ်ဖြေဆေးများထုတ်ရန်ပြုလုပ်ပေးသည်။ 2003 ခုနှစ်က နိုဗယ်လ်ဆုရသော ရော့ဒရစ်မက်ကင်နွံ (Roderkk Mackinnon) သည် အမွေးပွပင့်ကူ (Tarantula) နှင့် အခြားပင့်ကူများမှ အဆိပ်ကိုထုတ်ကာ အဆိပ်ဖြေဆေးဖော်ပေးနေသည်။

          အိန္ဒိယမှ မဟာရာဇာများသည် သူတို့အစာထဲ အဆိပ်မထည့်ရန်၊ ထည့်က မိမိမခံရရန် အသေအချာစီမံ ကြသည်။ သူတို့၏ မီးဖိုဆောင်သည်လုံခြုံသည်။ အစာချက်သူသည် အယုံကြည်ရဆုံးပုဂ္ဂိုလ်၊ စားတော်ဆက်သည် ဘုရင်မစားမီ စားပြရ၏။ သူမသေမှ ဘုရင်ကစား၏။ စားတော်ဆက်ကလည်း သူမစားမီခွေးကို ကျေွးကြည့် ၏။ ခွေးမသေမှ သူစား၏။ ကြည့်ပါဦး။ ပုဂံခေတ်က နရသီဟပတေ့စောလုံကျေွးသောအစာကို ချက်ချင်း မစား၊ ခွေးကျေွးကြည့်ပြီးမှ စားရန်ပြင်၏။ ခွေးသေသွား၍ သူစောလုံးမိဖုရားငယ်ကို သတ်ပစ်သည်။ ရိုးရိုးမဟုတ်၊ တံကျင်လျှို မီးရှို့သတ်၊ မည်မျှရက်စက်လိုက်ပါသနည်း။

          ယခုခေတ်၌ လူတိုင်းသည် သူများက အဆိပ်ကျေွးသတ်မှာစိုးရိမ်စရာမရှိပါ။ စားသောက်ဆိုင်ရောက် အစားအသောက်များမှာ စစ်ဆေးပြီးသား၊ ဆရာ၀န်စုံထောက်၊ ရောဂါစုံထောက်များသည် အန္တရာယ်ကင်းအောင် စစ်ဆေးပြီးသား။ ပို၍ အရေးကြီးသောပုဂ္ဂိုလ်များအတွက်မူ ပို၍စိတ်ချရသောနည်းများ ရှိပါသည်။

          အို - ရောဂါစုံထောက်၊ မှုခင်းဆေးပညာရှင်၊ ရောဂါဗေဒပညာရှင်နှင့် အလွတ်စုံထောက်များ၊ ရဲများ၊ သင်တို့၏ ကျေးဇူးကား ကြီးမားလှပါပေစွ။

 

 

Credit; ဒေါက်တာ မောင်မောင်ညို

Health Digest Journal

အတွဲ ( 12 )၊ အမှတ် ( 18 )

www.drmyanmar.com