အလာဂျီ ဖြစ်စေတတ်တာတွေအကြောင်း အမေးအဖြေ - ၁
အလာဂျီဆိုတာကို ရှင်းပြပေးပါ။
အလာဂျီ (Allergy) ဆိုတာ ဓာတ်မတည့်တာကို ပြောတာပါ။ အရေပြားမှာ အနီကွက်၊ အယားကွက်တွေပေါ်မယ်။ မျက်လုံး နီမယ်၊ ယားမယ်၊ နှာချေမယ်၊ နှာရည်ယိုမယ်၊ လည်ချောင်းယားမယ်၊ အသက်ရှူကျပ်မယ်၊ ခေါင်းမူးမယ်။ ပိုဆိုးရင် သွေးပေါင်ချိန်ကျကာ သတိလစ်တာကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဒါကြောင့် အလာဂျီဆိုတာ အရေးကြီးတယ်။
ပြင်ပ၀န်းကျင်က မတည့်တာတစ်ခုခု ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့အခါ ရောဂါခုခံမှုစနစ်က တုံ့ပြန်မှုလွန်ကဲပြီး ဒီလိုလက္ခဏာတွေဖြစ်တာပါ။ မတည့်တာဆိုတာ ဖုန်မှုန့်၊ အစားအစာ၊ ပန်း၀တ်မှုန်၊ တိရစၧာန်အညစ်အကြေးလိုဟာမျိုးတွေကို ပြောတာပါ။ ပြောရရင် ဘယ်ဟာမဆို အလာဂျီဖြစ်နိုင်ခြေရှိတယ်။
အလာဂျီဓာတ်မတည့်တာ အဖြစ်အများဆုံးဟာတွေကို ပြောပြပေးပါ။
ဘယ်အရာ၀တၳုမဆို အလာဂျီဖြစ်စေနိုင်တယ်ဆိုတာပြောခဲ့တယ်နော်။ အဲဒီတွေထဲကမှ အလာဂျီအဖြစ်အများဆုံး (၁၀) ခုနဲ့ အလာဂျီဖြစ်စေလွယ်တဲ့နေရာ (၁၀) ခုကိုပြောပြပါမယ်။
အလာဂျီအဖြစ်အများဆုံး ဆယ်ခု
- ပန်း၀တ်မှုန်
- တိရစၧာန်အညစ်အကြေး
- ဖုန်မွှားကောင် (House Dust Mite)
- အင်းဆက်ပိုးကိုက်ခြင်း
- အိမ်တွင်းမှို (Mold)
- အစားအစာ
- လေးတက်စ် (Latex)
- ဆေးဝါးတွေ
- အမွှေးရန့ံများ
- ပိုးဟပ်
1) ပန်း၀တ်မှုန်
သစ်ပင်၊ ပန်းပင်၊ မြက်ပင်၊ နွယ်ပင်တွေနဲ့ ၀တ်မှုန်တွေကြောင့် ရာသီအလာဂျီနဲ့ ဟေးဖီဗာ (Hay Fever) ခေါ် အလာဂျီရောဂါကို ဖြစ်စေတတ်တယ်။ ဥပမာ - ဂျပန်မှာ ချယ်ရီပွင့်တဲ့အချိန်မှာ လူတွေအလာဂျီ ပိုဖြစ်ကြတာမျိုးပါ။ နှာချေမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ မျက်ရည်ထွက်မယ်၊ ကိုယ်ခန္ဓာ ယားယံပါမယ်။ အယားပျောက်ဆေးတွေ သောက်ရပြီး လိုအပ်ရင် ဆေးထိုးဖို့လိုတယ်။ အိမ်ပြတင်းတွေ ပိတ်ထားတာ၊ အဲကွန်းနဲ့နေတာ၊ လေတိုက်တဲ့အချိန် အပြင်ထွက်တာမျိုးရှောင်တာတွေ လိုအပ်တယ်။
2) တိရစၧာန်အညစ်အကြေး
တိရစၧာန်အရေပြားကွာတာတွေ၊ သွားရည်တွေမှာ ပရိုတင်း (Protein) တွေပါတယ်။ အဲဒါက အလာဂျီဖြစ်စေတာပါ။
တချို့ဆို အလာဂျီက အချိန်နှစ်နဲ့ချီပြီး တဖြည်းဖြည်းချင်း ပေါ်လာတာ၊ ပျောက်ဖို့လည်း အချိန်ကြာပြန်ရော။ ဒါကြောင့် အိမ်မွေးတိရစၧာန်ကြောင့် ယားတာ၊ မတည့်တာဖြစ်တယ်ထင်ရင် အိပ်ခန်းကို တိရစၧာန်လုံး၀ မ၀င်စေရပါဘူး။ ကော်ဇောတွေကိုလည်း ဖယ်ပစ်ရပါမယ်။ တိရစၧာန်ကိုလည်း ရေမှန်မှန်မကြာခဏ ချိုးပေးရပါမယ်။
3) ဖုန်၊ မွှားကောင်
အိမ်ထဲက ဖုန်တွေ၊ အမှုန်တွေထဲမှာ ကပ်ပါးကောင် သေးသေးလေးတွေရှိတယ်။ Dust Mite လို့ခေါ်တယ်။ အရေပြားဆဲလ်ဟောင်းတွေကို စားသောက်ပြီးရှင်သန်တယ်။ စိုထိုင်းတဲ့နေရာမှာပိုများတယ်။ အသက်ရှူလမ်းကြောင်းက၀င်ပြီး ဓာတ်မတည့်တာဖြစ်စေတယ်။ ဒါကြောင့် အိပ်ရာခင်း၊ ခေါင်းအုံး၊ ဆိုဖာတွေကို ဖုံးအုပ်ထားရမယ်။ Hypoallergic အိပ်ရာသုံးပစ္စည်းတွေကို သုံးသင့်တယ်။ သူတို့က အလာဂျီအဖြစ်နည်းစေတဲ့ ပစ္စည်းတွေပါ။ ရေနွေးနဲ့ အပတ်စဉ်လျှော်ဖွပ်ရမယ်။ ကော်ဇောတွေ၊ ခန်းဆီးတွေ၊ အမွေးပွအရုပ်တွေကိုလည်း ဒီလိုပဲ သန့်ရှင်းပေးရမယ်။
4) အင်းဆက်ပိုးကိုက်ခြင်း
ပျားတုပ်တာ၊ နကျယ်ကိုက်တာ၊ ပင့်ကူရှပ်တာ စတဲ့ အင်းဆက်ပိုးကိုက်တာကို အလာဂျီဖြစ်သူတွေမှာ အခန့်မသင့်ရင် အရမ်းဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။ ကိုက်တဲ့နေရာမှာ အလွန်အမင်းရောင်ရမ်းဖောင်းကားပြီး တစ်ပတ်လောက် တောင်ကြာတတ်တယ်။ ပျို့အန်တာ၊ မောတာ၊ ငွေ့ငွေ့ဖျားတာတွေလည်း ဖြစ်တတ်တယ်။ ဒီထက်ဆိုးရင် အသက်ရှူကျပ်တာ၊ အင်ပျဉ်ကြီးတွေထတာ၊ မျက်မှာ၊ လည်ချောင်း၊ ပါးစပ်တွေ ဖူးရောင်တာ၊ မူးေ၀တာ၊ သွေးပေါင် ရုတ်တရက် ကျတာတွေအထိ ဖြစ်တတ်တယ်။ ဒါဆိုရင် ရှော့ (Shock) ရနေပြီ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ပြေးဖို့လိုမယ်၊ ထိုးဆေးတွေနဲ့ ကုသရတယ်။
5) အိမ်တွင်းမှို (Mold)
မိုးရာသီမှာ စိုစွတ်တဲ့အခါ မှိုတက်တတ်တယ်။ ရေချိုးခန်း မြေအောက်ခန်း၊ စတိုခန်း စတာတွေမျိုးမှာ မှိုတက်လေ့ရှိ တယ်။ ဒါတွေကို ထိမိ၊ ကိုင်မိ၊ ရှူမိရင် တချို့မှာ အလာဂျီဖြစ်တတ်တယ်။ ဒါကြောင့် အိမ်မှာ စိုစွတ်တဲ့နေရာတွေကို လေ၀င်လေထွက်ကောင်းပြီး ခြောက်သွေ့အောင် လုပ်ပေးဖို့လိုတယ်။
6) အစားအစာ
ပင်လယ်စာ၊ နို့နဲ့ မြေပဲလို အခွံမာစေ့တွေဟာ အစားအစာတွေထဲမှာ အလာဂျီဖြစ်လွယ်စေတာတွေပါ။ မတည့်တာ ကိုစားပြီးရင် မိနစ်ပိုင်းအတွင်းမှာပဲ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ယားတာ၊ အင်ပျဉ်ထတာ၊ အန်တာ၊ ၀မ်းလျှောတာ၊ အသက်ရှူကျပ်တာတွေ ဖြစ်တတ်တယ်။ မတည့်တာကို မှတ်သားထားပြီး ရှောင်ကြည်ဖို့လိုတယ်။
7) လေးတက်စ် (Latex)
လေးတက်စ်ဆိုတာလွယ်လွယ်ပြောရရင် ရာဘာတစ်မျိုးပဲ။ လက်အိတ်၊ ကွန်ဒုံး (Condom) နဲ့ ဆေးပစ္စည်းတွေမှာ ပါတတ်တယ်။ လူတချို့မှာ လေးတက်စ် အလာဂျီရှိတယ်။ အရေပြားနီရဲရုံလောက်ကနေ ရှော့ခ်ရတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်တယ်။ မတည့်တဲ့သူတွေဟာ အက်ပီနယွင်း (Epinephrine) ထိုးဆေးကို အမြဲဆောင်ထားရတယ်။
8) ဆေးဝါးတွေ
ပင်နီဆီလင်နဲ့ အက်စ်ပရင်ဟာ မတည့်တာအများဆုံးဖြစ်စေတဲ့ ဆေးဝါးတွေပါ။ ကိုယ်နဲ့မတည့်တဲ့ဆေးဝါးရှိရင် ဆရာ၀န်၊ ဆရာမတွေကို ကြိုတင်ပြောထားဖို့ အရေးကြီးပါတယ်။ ဖြစ်ခဲ့ရင် စတီးရွိုက်ဆေးန့ဲ အယားပျောက်ဆေးတွေနဲ့ ကုသရတယ်။
9) အမွှေးရန့ံ (Fragrances)
ရေနွေး၊ အမွေးတိုင်၊ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ အ၀တ်လျှော်ဆပ်ပြာနဲ့ အလှကုန်အမျိုးမျိုးမှာ အမွှေးရနံ့မျိုးစုံ ပါ၀င်နေတယ်။ လူတိုင်း တစ်မျိုးမဟုတ်တစ်မျိုးနဲ့တော့ နေ့စဉ်ထိတွေ့နေကြရတာပါ။ အဲဒီတော့ မတည့်တာတွေလည်း နည်းမျိုးစုံဖြစ်နေတယ်။ တချို့ကတော့ အဲဒီအန့ံတွေကိုရှောင်လိုက်ရင် လက္ခဏာတွေ ခဏနဲ့ပျောက်သွားတယ်။ တချို့မှာတော့ မကြာခဏထိတွေ့ရာကနေ အချိန်အကြာကြီးအလာဂျီ ဖြစ်နေတာလည်းရှိတယ်။
10) ပိုးဟပ်
ပိုးဟပ်ကို လူတိုင်းမုန်းတယ်။ အရုပ်ဆိုးရုံတင်မကဘူး။ ပိုးဟပ်ချေးက အလာဂျီလွယ်လွယ်ဖြစ်စေ တယ်။ ရှေးနှစ်ရာ ပေါင်းများစွာကလည်း ပိုးဟပ်ရှိနေခဲ့တာ အခုအထိပျောက်အောင်လုပ်လို့ မရသေးဘူး။ မြန်မာပြည်လို ပူနွေးတဲ့ဒေသ၊ အခန်းတွေ နီးကပ်တဲ့နေရာတွေမှာ ပိုဆိုးတာပေါ့။ ဒါပေမဲ့ တတ်နိုင်သမျှ ကြိုးစားလုပ်ပါ။ မီးဖိုချောင်ကို သန့်ရှင်းအောင်ထား၊ ကြမ်းပေါက်တွေကို ဖာထေးပေး၊ နံရံကွဲကြောင်းတွေကို ပြုပြင်ပေး၊ ပြတင်းပေါက်တွေကို မှန်မှန်ပိတ်ပေး စတာမျိုးတွေပါ။
နောက်လမှာ မိမိအိမ်တွင်းမှာ အလာဂျီဖြစ်စေလွယ်တဲ့နေရာ (၁၀)ခုအကြောင်း ဆက်ပြောပြပါမယ်။
Credit: ဒေါက်တာစိုး၀င်းဦး (အရေပြားအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 246, July 2015
















