/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ခြေဖျားလက်ဖျားတွေ-အေးစက်နေတာဟာ-စိုးရိမ်စရာလား

ခြေဖျားလက်ဖျားတွေ အေးစက်နေတာဟာ စိုးရိမ်စရာလား ?

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

1. သွေးကြောများကျဉ်းနေသောအခါ

        လက်ဖျားခြေဖျားအေးစက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပြီး လူငယ်လူရွယ်တွေမှာဖြစ်ပါက အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် လက်ဖျားခြေဖျားအေးစက်ခြင်းဟာ တခါတရံမှာတော့ အခြားပြင်းထန်တဲ့ရောဂါဝေဒနာများဖြစ်တဲ့ သွေးကြောရောဂါနဲ့ အဆစ်အမြစ်ရောင်ရောဂါတွေ လည်ပင်းကြီးရောဂါတွေနဲ့ ဆက်စပ်လေ့ရှိပါတယ်။

          ထို့ပြင် လက်ချောင်းခြေချောင်းတွေမှာရှိတဲ့ သွေးကြောတွေအလွန်အမင်းကျဉ်းတဲ့ရောဂါ (Raynaud’s disease) ရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ချမ်းအေးတဲ့အချိန်မှာ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိနိုင်ဖို့အတွက် သွေးကြောတွေကျဉ်းခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း Raynaud’s disease မှာဆိုရင်တော့ သွေးကြောတွေဟာ ရုတ်တရက်ကျဉ်းပြီး သွေးစီးဆင်းမှုကို ရပ်တန့်သွားနိုင်ပါတယ်။

          Raynaud’s ရောဂါကြောင့် လက်ဖျားခြေဖျားတွေ အေးစက်နိုင်တဲ့အပြင် ခေတ္တခဏ အရောင်ပြောင်းလဲခြင်းများကိုပါ ကြုံတွေ့ခံစားရစေနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့ လက်ချောင်းဟာ သွေးစီးဆင်းမှု မရှိတာကြောင့် အဖြူရောင်ပြောင်းသွားနိုင်ပြီး သွေးပြန်လည်စီးဆင်းပါက အပြာ (သို့) ခရမ်းရောင်ဖြစ်နိုင်ပါတယ်။ ထို့နောက်တွင်မူ သွေးကြောပွင့်သွားပြီး ကျယ်လာတာကြောင့် အနီရောင်ဖြစ်သွားပါတယ်။

 

စောင့်ကြည့်ရမည့် အခြေအနေများ

        Raynaud’sDisease သည် အန္တရာယ်မရှိတဲ့အခြေအနေတစ်ခုဖြစ်သော်လည်း ခြေချောင်း လက်ချောင်းတွေမှာ ပျောက်ဖို့ခက်ခဲတဲ့ အဖု (သို့) အနာတွေပါတွေ့နေရပြီဆိုပါက အခြားအဆစ်အမြစ်ရောဂါ၊ သွေးကြောရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

          ခြေဖျားလက်ဖျားအေးစက်ခြင်းအပြင် အောက်ပါလက္ခဏာတွေ တွေ့ရှိပါက ဆရာဝန်နှင့်ချက်ချင်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

- အရေပြားတင်းခြင်း (သို့) အသားမာတက်ခြင်း

- ခြေချောင်းလက်ချောင်းတွေမှာဖြစ်တဲ့ အနာတွေဟာ အနာကျက်ဖို့ခက်ခဲခြင်း

- မောပန်းလွယ်ခြင်း

- ကိုယ်အလေးချိန်ပြောင်းလဲခြင်း

- အဖျားတက်ခြင်း

- အဆစ်အမြစ်နာခြင်း

- အနီစက်များထွက်ခြင်း

 

ဘယ်လိုရင်ဆိုင်ကြမလဲ

        အခြားပြင်းထန်တဲ့ရောဂါတွေနဲ့ ဆက်စက်မှုမရှိဘူးဆိုပါက နေရထိုင်ရခက်တဲ့ အေးစက်ခြင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အတွက် အောက်ပါအချက်တွေကိုလိုက်နာခြင်းဖြင့် အနည်းငယ်သက်သာရာရနိုင်ပါတယ်။

1. ခြေထောက်များကိုနွေးထွေးစေရန် သားမွေးခြေအိတ် (သို့) အခြားသင့်တော်တဲ့ခြေအိတ်များကို အထပ်ထပ်ဝတ်ဆင်ပါ။

2. လက်များနွေးထွေးစေရန်အတွက် လက်အိတ်များဝတ်ဆင်မယ့်အစား လက်အစွတ်များကိုသုံးစွဲပါ။

3. ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန် ပါးလွှာ၍ နွေးထွေးသောအဝတ်အစားများကို အထပ်ထပ်ဝတ်ဆင်ပါ။ (လိုအပ်လျှင်လည်း ပြန်ချွတ်ရန် လွယ်ကူပါတယ်။)

4. ကဖိန်း (ကော်ဖီ၊ လက်ဖက်ရည်)နှင့် နီကိုတင်း (ဆေးလိပ်) တို့သည် သွေးကြောကျဉ်းစေနိုင်တဲ့အစွမ်းရှိတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

 

2. သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသော သွေးကြောရောဂါ 

        သွေးလွှတ်ကြောများအတွင်း အနည်းများစုပုံခြင်းကြောင့် သွေးကြောများတဖြည်းဖြည်းကျဉ်းလာပြီး ပိတ်ဆို့လာသောရောဂါ (Peripheral Artery Disease – PAD) သည် သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိပြီး လက်ဖျားခြေဖျားများ အေးစက်နေတတ်သည်။

          သွေးတိုးရောဂါ (သို့) ဆီးချိုရောဂါရှိသော အသက် 50 အထက် လူကြီးများတွင် အဖြစ်များသော်လည်း အသက် 70 ကျော်လျှင်တော့ ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။

 

          PAD ရဲ့ လက္ခဏာများကတော့ -

1. ခြေထောက်များအေးစက်ခြင်း

2. လမ်းလျှောက်လျှင် ကြွက်တက်ခြင်း၊ ခြေထောက်များလေးခြင်း၊ နာကျင်ခြင်း

3. ခြေသလုံး အမွှေးများကျွတ်ခြင်း

4. ခြေသည်းခွံများပျက်စီးခြင်း

 

မိမိကိုယ်ကိုစောင့်ကြည့်ခြင်း

        အသက်အရွယ်ရလာပါက မိမိကျန်းမာရေးအတွက် ခန္ဓာကိုယ်၏ပြောင်းလဲများကို အမြဲမပြတ်စောင့်ကြည့်ရန် လိုအပ်ပါတယ်။ ခြေလက်တို့တွင်သာမက ခန္ဓာကိုယ်မည်သည့်နေရာတွင်မဆို စက္ကန့်အနည်းငယ်ခန့် နာကျင်ခြင်းကို တစ်ခါလောက်ခံစားရခြင်းသည် အရေးမကြီးသော်လည်း နှစ်ပတ် ဆက်တိုက် တစ်နေ့လျှင် ဆယ်ကြိမ်ခန့် နာကျင်နေပါက ဆရာဝန်နှင့်သွားရောက်ပြသသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)