/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သူငယ်ပြန်တာလား-အယ်လ်ဇိုင်းမားရောဂါလား

သူငယ်ပြန်တာလား? အယ်လ်ဇိုင်းမားရောဂါလား?

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          အယ်လ်ဇိုင်းမားရောဂါကို ယခင်က မြန်မာလို သူငယ်ပြန်ရောဂါလို့ ခေါ်ပါတယ်။ အာရုံကြောလက္ခဏာတွေနဲ့  ဆက်စပ်နေတဲ့ ဒီရောဂါရဲ့ ဖြစ်ပုံဖြစ်နည်းတွေအရ သူငယ်ပြန်ရောဂါလို့ နာမည်တပ်တာဟာ လွဲနေကြောင်း သိခဲ့ရပြီး အယ်လ်ဇိုင်းမားရောဂါလို့ပဲ နာမည်ပေးကြပါစို့။ မှတ်ဉာဏ်နဲ့ ဘာမှမဆိုင်တဲ့ လက္ခဏာတွေ အများကြီးရှိနေတဲ့ ဒီရောဂါဟာ အသက် ၇၀ ကျော်မှ စတင် ရောဂါလက္ခဏာ ပေါ်ပေါက်တာပါ။ ဒါဆို စောစီးစွာရော မဖြစ်နိုင်ဘူးလား။ ကနဦးလက္ခဏာတွေဟာ အသက် ၅၀ ကျော်တာနဲ့ စပေါ်လာတတ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့  ဘာသာဗေဒပညာရှင်ဟာ အသက် ၅၀ ကျော်မှာ အယ်လ်ဇိုင်းမားရောဂါ စတင်ခံစားခဲ့ရပါတယ်။

 

>>    ကနဦးလက္ခဏာတွေဟာ ဘာတွေဖြစ်မလဲ?

●      အမှားအမှန် ခွဲခြားနိုင်စွမ်းမရှိခြင်း

          အယ်လ်ဇိုင်းမားရောဂါရဲ့  ကနဦးလက္ခဏာပါ။ မှားတာ မှန်တာ မသိတော့ဘဲ  ပစ္စည်းခိုးယူတာတွေ၊ မဆိုင်တာတွေ၊ ပြောမိတာတွေ၊ အမှုမဲ့ အမှတ်မဲ့ ယူထားမိတာတွေ ဖြစ်တတ်ပါတယ်။

 

●      မကြာခဏ မေ့လျော့တတ်တာတွေ

          သော့တွေ ဘယ်နားထားမိမှန်း မသိတော့ပါဘူး။ ပစ္စည်းတွေထားတဲ့နေရာကို မေ့လျော့လာပြီး ခဏခဏ ရှာနေရပါတယ်။ ဒါ့အပြင် သော့ဆိုတာ ဘာလုပ်တဲ့ဟာမှန်း တော်တော်နဲ့ စဉ်းစားမရတာတွေ ဖြစ်နေနိုင်ပါတယ်။ တီဗွီ မဖွင့်တတ်တော့တာ၊ ခလုတ်တွေ မနှိပ်တတ်တော့တာတွေ ဖြစ်နေနိုင်ပါတယ်။

 

●      မကြာခဏ လဲပြိုခြင်း

          အယ်လ်ဇိုင်းမားရောဂါ စဖြစ်ကာစမှာ ခန္ဓာကိုယ်ရဲ့ မျှခြေအနေအထား စတင်ပျက်ပြားလာပြီး မကြာခဏ လဲတတ်ပါတယ်။

 

●      စတာ နောက်တာမှန်း၊ အတည်ပြောတာမှန်း မခွဲခြားတတ်တော့ဘူး။

          နောက်ပြောင်တာတွေကို နားမလည်နိုင်တော့ဘဲ စိတ်တိုချင်တိုနေ၊ စိတ်တိုင်းမကျတာတွေ ဖြစ်ချင် ဖြစ်နေတတ်မှာပါ။

 

●      စိတ်ကျရောဂါ စတင်ခံစားရခြင်း

          ညတွေ အိပ်မပျော်ခြင်း၊ မနက်အစောကြီး နိုးနေတတ်ခြင်း၊ အလိုလို ငိုချင်နေတတ်ခြင်း၊ စိတ်မပါ လက်မပါဖြစ်ခြင်း၊ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီး အိပ်ရာထဲ ခွေနေတတ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။

 

●      ငေးမိငေးရာ ငေးနေတတ်ခြင်း

          အကြောင်းပြချက်မရှိဘဲ ငေးနေတဲ့အခါ မျက်လုံးမငြိမ်ဘဲ တောင်ကြည့်မြောက်ကြည့် ငေးနေတတ်ပါတယ်။ တစ်နေရာတည်းကို အာရုံမစူးစိုက်နိုင်တော့တာ ဖြစ်ပါတယ်။

 

          တကယ်တော့ ဒီလက္ခဏာတွေဟာ အယ်လ်ဇိုင်းမားရောဂါ စတင်ခံစားရတဲ့အခါ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာသာ ဖြစ်ပါတယ်၊ အသက် ၄၆ ကနေ ၅၀ အတွင်း လူကြီးတွေကနေ အသက် ၇၀ ကျော် အဘိုးအဘွားတွေထိ ကနဦး ခံစားနေရတတ်တဲ့ လက္ခဏာတွေသာ ဖြစ်ပါတယ်။ တကယ်လို့သာ မိမိပတ်ဝန်းကျင်၊ မိသားစုတွေထဲမှာ ဒီလိုလက္ခဏာတွေ ခံစားရတဲ့အခါ မြန်မြန်သတိပြုမိပြီး ရောဂါရှာဖွေ သိရှိကုသနိုင်ကြဖို့ အကြံပြုလိုက်ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)