အရွယ်မတိုင်ခင် ဆံပင်မဖြူအောင် စားပေးသင့်သော အစားအစာများ
ဆံပင်ဖြူခြင်းဆိုတာအိုမင်းလာမှုကို ပြသတဲ့လက္ခဏာများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူလာတတ်ကြပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ မိမိဆံသားနဲ့ကိုက်ညီမှုမရှိတဲ့ ဆံပင်အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုမိခြင်း ဒါမှမဟုတ် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေချို့တဲ့ခြင်းစတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာ သင်သတိထားမိပါရဲ့လား။ ဒါကြောင့် ဆံသားအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ကြွယ်၀နေတဲ့အစားအစာ ၅ မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
1. အစိမ်းရောင်ဟင်းသီးဟင်းရွက်
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဘီအုပ်စုကိုရရှိဖို့အတွက် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များကို များများစားသုံးပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားအတွက် ဗီတာမင် B6 နဲ့ ဗီတာမင် B12 အဓိကလိုအပ်ပြီး ဆံပင်အရောင်အတွက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B2 ကြွယ်၀နေဖို့လိုအပ်ပါတယ်။
2. ချောကလက်
ဆံသားအရောင်ထွက်ဖို့ မယ်လနင်ဓာတ်လိုအပ်ပါတယ်။ မယ်လနင်ဓာတ် ထုတ်လုပ်ဖို့အတွက်ကျတော့ Copper (ကော့ပါး)က မရှိမဖြစ်လိုအပ်ပါတယ်။ Copper (ကော့ပါး)ချို့တဲ့ပါက ဆံပင်ဖြူစေတာကြောင့် Copper (ကော့ပါး)ကြွယ်၀စွာပါ၀င်သော အစားအစာတွေဖြစ်တဲ့ ချောကလက်၊ ပဲနီကလေး၊ မှိုစတာတွေကို စားပေးသင့်ပါတယ်။
3. ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာတွေ့ရတဲ့ selenium ဓာတ်ဟာ ဆံပင်ကျန်းမာသန်စွမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းများ ထုတ်လုပ်ရာမှာ များစွာအထောက်အကူပြုပါတယ်။
4. ဘယ်ရီသီးများ
ဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီးတွေမှာပါ၀င်တဲ့ ဗီတာမင်စီဟာ ဆံပင်မွေးညှင်းပေါက်မှာတွေ့ရတဲ့ ကော်လာဂျင်ထုတ်ပေးရာမှာ အထောက်အကူပြုပြီး အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
5. ဗန်ဒါစေ့ (Almond)
ဗန်ဒါစေ့မှာ ဆံသားသန်စွမ်းစေသော ဗီတာမင်အီးနဲ့ ဆံပင်ရောင်ခြယ်အတွက် လိုအပ်သော မယ်လနင်ဓာတ်ကို ထုတ်ပေးနိုင်တဲ့ Copper (ကော့ပါးဓာတ်) ပါ၀င်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော (LDL)ကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။
CMS (www.drmyanmar.com)















