ဒါမျိုးဖြစ်ရင် လျစ်လျှူရှုမထားပါနဲ့
အမျိုးသမီးအများစုဟာ သားရေး သမီးရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ အဝဝတို့နဲ့ ရှုပ်ထွေးပွေလီနေလေ့ ရှိတာကြောင့် နာတာ ကျင်တာ၊ ကိုက်တာ ခဲတာလောက်ကို တော်ရုံတန်ရုံ ဂရုမပြုတတ်ကြပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ ဒီလိုနာကျင်မှုဝေဒနာတွေ ဖြစ်ပေါ်နေတာဟာ ရောဂါကြီးကြီးမားမားတစ်ခုခု ရှိနေတာကို ခန္ဓာကိုယ်က အချက်ပြနေတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ အောက်ပါနာကျင်မှုဝေဒနာတွေ ခံစားနေရပါက လျစ်လျှူမရှုသင့်ပါဘူး။
Dolfenal 1

● ဓမ္မတာလာစဉ် နာကျင်ခြင်း
ရာသီလာစဉ် ပုံမှန်ထက် ပိုပြီးကိုက်ခဲ နာကျင်နေခဲ့ရင် သတိထားပါ။ သားအိမ်အတွင်းသားအလွှာနေရာ လွဲမှားပြီး ရောက်နေတဲ့ Endometriosis လို့ခေါ်တဲ့ရောဂါ ဖြစ်နေနိုင်ပါတယ်။
● ခေါင်းကိုက်ခြင်း
ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာဟာ ဦးနှောက်ထဲမှာ သွေးကြောဖောင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးကြောတွေဟာ ရုတ်တရက် ပေါက်ထွက်နိုင်ပြီး အသက်အန္တရာယ် ရှိတာကြောင့် တစ်သက်တာမှာ အဆိုးရွားဆုံးလို့ ယူဆနိုင်တဲ့ ခေါင်းကိုက်ခြင်းမျိုးနဲ့ ခေါင်းကိုက်ခဲ့ရင် အရေးပေါ်ကို ချက်ချင်းသွားသင့်ပါတယ်။
Dolfenal 2

● ဗိုက်အောင့် လေပွခြင်း
အမျိုးသမီးတိုင်းဟာ ဓမ္မတာလာစဉ်မှာ ဗိုက်အောင့် လေပွတတ်ကြတာကြောင့် ဖြစ်ရိုးဖြစ်စဉ် ပေါ့ပေါ့ဆဆ မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ ပုံမှန်ဖြစ်နေကျထက် ပိုဖြစ်လာရင်တော့ သားဥအိမ်ကင်ဆာ လက္ခဏာရပ် ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။
● ခြေသလုံး နာခြင်း
ခြေသလုံးလေ့ကျင့်ခန်းတွေ မလုပ်ရပါဘဲ ခြေသလုံးတွေ နာကျင်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။ ခြေသလုံး သွေးကြောလေးတွေထဲမှာ သွေးခဲပိတ်တဲ့အခါ Deep Vein Thrombosis လို့ခေါ်တဲ့ ခြေသလုံးသွေးကြောပိတ်ရောဂါ ဖြစ်လာပြီး နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သန္ဓေတားဆေး သုံးစွဲသူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။
Dr. Emerald (www.drmyanmar.com)






























