သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) အကြောင်း
သင်ဟာ အမျိုးသမီးတစ်ယောက်ဆိုပါက မဖြစ်မနေ လုပ်ရမှာကတော့ သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စစ်ဆေးနေဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာတွေထဲမှာ ဒုတိယသေနှုန်းအများဆုံးကင်ဆာဖြစ်ပြီး ကျား/မ မရွေးဖြစ်တဲ့ ကင်ဆာအားလုံးရဲ့ ပဉ္စမသေနှုန်းအများဆုံးကင်ဆာ ဖြစ်နေတာကြောင့်ပါ။
ဒီလိုကြောက်စရာကောင်းတဲ့ သားအိမ်ခေါင်းကင်ဆာကို အချိန်မီ သိရှိနိုင်ဖို့ကတော့ သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) ကို အသက် (၂၁) နှစ်မှစ၍ အနည်းဆုံး (၃) နှစ် (၁) ကြိမ် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) ဆိုတာကတော့ သားအိမ်ခေါင်းက ဆဲလ်လေးတွေရဲ့ ပြောင်းလဲမှုကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်းထဲကို နားကြပ်ဂွမ်းတံကဲ့သို့သော ပိုးသတ်ထားတဲ့ ပိုက်တံကလေးထည့်ကာ သားအိမ်ခေါင်းကို ဖြည်းညင်းစွာပွတ်ပြီး ဆဲလ်လေးတွေကို ယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
>> သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၄) ချက်
(၁) သားအိမ်ခေါင်းကင်ဆာရောဂါဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ Human Papilloma Virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် အဖြစ်များတာ မှန်သော်လည်း ရောဂါဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတာကြောင့် သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်းဟာ လုပ်ကိုလုပ်သင့်တဲ့ စစ်ဆေးမှုပါပဲ။
(၂) သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်းဟာ လိင်ကူးစက်ရောဂါတွေကို စစ်ဆေးတဲ့ စစ်ဆေးမှုမဟုတ်ပါဘူး။ ဒါကြောင့် လိင်ကူးစက်ရောဂါတွေကို စစ်ဆေးလိုပါက ဆရာဝန်နဲ့ သပ်သပ် ထပ်ဆွေးနွေးသင့်ပါတယ်။
(၃) သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း နဲ့ တင်ပါးဆုံအတွင်းပိုင်း စစ်ဆေးခြင်း (Pelvic exam) တို့ဟာ မတူညီကြပါဘူး။ တင်ပါးဆုံအတွင်းပိုင်း စစ်ဆေးခြင်း (Pelvic exam) ဆိုသည်မှာ အမျိုးသမီးပြင်ပမျိုးပွားအင်္ဂါ၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥအိမ်များ၊ အစာဟောင်းအိမ်နဲ့ တင်ပါးဆုံအတွင်းရှိ အင်္ဂါတွေရဲ့ ရောဂါကို ရှာဖွေစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တင်ပါးဆုံအတွင်းပိုင်း စစ်ဆေးခြင်း (Pelvic exam) နဲ့အတူ သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) ကိုပါ တွဲပြီး စစ်ဆေးနိုင်ပါတယ်။
(၄) ရာသီလာနေချိန်မှာလည်း သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) ကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီပမာဏ များတတ်ရင်တော့ သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း (Pap smear/Pap test) အဖြေ ပြောင်းလဲသွားနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါဟာ တခြားရောဂါတွေနဲ့ လက္ခဏာ ဆင်တူလွန်းတတ်တာကြောင့် အမှုမဲ့အမှတ်မဲ့ ထားလိုက်နိုင်ပါတယ်။ ဒါကြောင့် မစစ်ဆေးရသေးပါက အခုပဲ စစ်ဆေးပြီး ကာကွယ်ထားသင့်ပါတယ်။
ဒေါက်တာ နေလွင်ထူး




























