အမျိုးသမီးတိုင်းလိုက်နာသင့်တဲ့ မိန်းမကိုယ်သန့်ရှင်းကျန်းမာစေမယ့် နည်းလမ်းကောင်းများ
အမျိုးသမီးကြီးငယ်မရွေးအတွက် မိန်းမကိုယ်သန့်ရှင်းရေးက အရမ်းပဲအရေးကြီးပါတယ်။ မိန်းမကိုယ်ကျန်းမာခြင်းက မျိုးပွားအင်္ဂါကျန်းမာရေးအပြင် တစ်ကိုယ်လုံးကျန်းမာရေးနဲ့လည်း ဆက်စပ်နေတာမို့ အလေးထားသင့်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းဖို့နဲ့ ယားယံခြင်းကင်းဝေးစေဖို့ လိုက်နာရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. အတွင်းခံတွေကို ခြောက်သွေ့အောင်ထားပါ။
ဆီးသွားပြီးနောက် မိန်းမကိုယ်ကို ခြောက်သွေ့စေဖို့ တစ်ရှူးနဲ့သုတ်ပေးခြင်းဖြင့် အတွင်းခံများစိုစွတ်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။ အတွင်းခံစိုစွတ်နေပါက အနံ့ဆိုးများ ဖြစ်စေမယ့်အပြင် ရောဂါပိုးများ ဝင်ရောက်ဖို့လည်း အလားအလာများပါတယ်။
2. ဂွမ်းထုပ်များကို ၄-၆ နာရီ တစ်ကြိမ် လဲလှယ်ပါ။
ပညာရှင်များရဲ့ အကြံပေးချက်များအရ ပုံမှန်ရာသီလာစဉ် နေ့ရက်တွေသာမက ရာသီနည်းသော နေ့ရက်များတွင်ပါ ဂွမ်းထုပ်ကို ၄-၆ နာရီတစ်ကြိမ် လဲသင့်ပါတယ်။ ရာသီများပါက ၃-၄ နာရီ တစ်ခါလဲပေးဖို့ လိုပါတယ်။ မဟုတ်ပါက အနံ့ဆိုးများဖြစ်စေမယ့်အပြင် မလိုလားအပ်တဲ့ရောဂါပိုးများ ဝင်ရောက်ခြင်းလည်း ဖြစ်ပေါ်စေပါတယ်။
Dolfenal 1

3. လိင်ဆက်ဆံပြီးတိုင်း သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။
လိင်ဆက်ဆံပြီးချိန်တိုင်းတွင် ကိုယ်ခန္ဓာက ထွက်လာသော အရည်များသို့မဟုတ် ကွန်ဒုံးကအမှုန် အမွှားများကြောင့် ယားယံခြင်းအပြင် ရောဂါပိုးကူးစက်ခြင်းများလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီးတိုင်း သန့်ရှင်းအောင် ဆေးကြောတဲ့အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
4. မိန်းမကိုယ်ကို သန့်စင်တဲ့အခါ ဆပ်ပြာသုံးခြင်းကို ရှောင်ပါ။
အမွေးနံ့ပါသောဆပ်ပြာများတွင် ဓာတုပစ္စည်းပါဝင်မှုများတာမို့ မိန်းမကိုယ်တစ်ဝိုက်ရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများကို လျော့ပါးစေပြီး ထိုကတစ်ဆင့် မကောင်းသောဘက်တီးရီးယားများ ဝင်ရောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
5. အနံ့အသက်ပါသော မိန်းမကိုယ် သန့်စင်ဆေးများကို ရှောင်ပါ။
အနံ့မွေးသောမိန်းမကိုယ်သုံး wipes များနဲ့ အနံ့အသက်ပျောက်ဆေးများကို မသုံးစွဲသင့်ပါဘူး။ အထက်မှာပြောခဲ့သလို ပိုးဝင်ခြင်းဖြစ်စေနိုင်တဲ့အပြင် ခြောက်သွေ့ယားယံစေပါတယ်။
Dolfenal 2

6. ကွန်ဒုံးအသုံးပြုပါ။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် လိင်ကတစ်ဆင့် ကူးစက်သောရောဂါများ ဝင်ရောက်နိုင်တဲ့အတွက် ကွန်ဒုံး အသုံးပြုသင့်ပါတယ်။
7. အတွင်းခံကျပ်ကျပ်များ ဝတ်ဆင်ခြင်း ရှောင်ပါ။
အတွင်းခံကို ချည်သားပွပွများဝတ်ဆင်ဖို့ ပညာရှင်များ အကြံပေးထားပါတယ်။ တင်းကျပ်သောအတွင်းခံနဲ့ ဘောင်းဘီတွေကြောင့် မိန်းမကိုယ်တစ်ဝိုက် ချွေးထွက်စေပြီး စိုစွတ်ယားယံစေပါတယ်။
8. မှန်ကန်သောနည်းလမ်းဖြင့် မိန်းမကိုယ်ကို သန့်စင်ပါ။
မိန်းမကိုယ်သန့်စင်တဲ့အခါမှာ အရှေ့ကနေ အနောက် (မိန်းမကိုယ်ကနေစအို) ကို သုတ်သင်ပေးခြင်းက မှန်ကန်တဲ့နည်းလမ်း ဖြစ်ပါတယ်။ မဟုတ်ပါက စအိုက ဘက်တီးရီးယားပိုးတွေကို မိန်းမကိုယ်သို့ ပို့ဆောင်သလို ဖြစ်စေပါတယ်။
9. ဆီးခုံမွေး အပြောင်မရိတ်ပါနဲ့။
ဆီးခုံမွေးများဟာ ကြည့်ရဆိုးပြီး မသန့်ရှင်းစေသလို ခံစားရနိုင်ပေမယ့် သုတေသနများအရ ဆီးခုံမွေးများရှိခြင်းကြောင့် မိန်းမကိုယ်တွင်းသို့ ပိုးဝင်ခြင်းကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။
10. မိန်းမကိုယ်ပိုးဝင်ခြင်းလက္ခဏာများ တွေ့ရှိပါက မပေါ့ဆပါနဲ့။
မိန်းမကိုယ်မှ အနံ့ဆိုးများ ဖြစ်ပေါ်ခြင်း၊ အရည်ဆင်းခြင်းများဖြစ်ပေါ်ခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ နာကျင်ခြင်းတို့ ဖြစ်ပေါ်ပါက အချိန်မဆွဲဘဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
11. ဆေးမြီးတိုများဖြင့်ကုသခြင်းကိုရှောင်ကြဉ်ပါ။
မိန်းမကိုယ်တစ်ဝိုက် ဖြစ်ပေါ်သောရောဂါများအတွက် သားဖွားမီးယပ်ဆရာဝန်ကိုသာ အချိန်မီပြသဖို့ အကြံပေးလိုပါတယ်။ ဆေးမြီးတိုများဖြင့် ကုသခြင်းက ရောဂါကို ပိုဆိုးစေမယ့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























