/
news/အမျိုးသားများနှင့်ကျန်းမာရေး/အဝလွန်သောအမျိုးသားများ-လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်

အဝလွန်သောအမျိုးသားများ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျားဟော်မုန်းပိုထွက်စေနိုင်

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အမျိုးသားတွေအသက်ကြီးလာတာနဲ့အမျှ testosterone(ကျားဟော်မုန်း) ပမာဏကျဆင်းလာပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အရိုးသိပ်သည်းဆလျော့ကျခြင်း၊ စိတ်ကျခြင်း၊ လိင်စိတ်လျော့နည်းခြင်း စတဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေပါတယ်။ လေ့လာမှုအသစ်တစ်ခုအရ အဝလွန်တဲ့အမျိုးသားတွေဟာ လေ့ကျင့်ခန်း 12 ပတ်လုပ်ပြီးနောက် testosterone ဟော်မုန်း သိသိသာသာ တက်လာတယ်လို့ဆိုပါတယ်။

          Testosterone ဆိုတာ ဝှေးစေ့ကထွက်တဲ့ ကျားဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းက အမျိုးသားတွေမှာ သုတ်ပိုးထုတ်လုပ်ခြင်း၊ လိင်စိတ်၊ မျက်နှာနှင့် ကိုယ်ခန္ဓာကိုအမွှေးအမျှင်များ၊ ကြွက်သားအရွယ်အစား၊ အင်အား၊ အဆီပျံ့နံ့ှခြင်း၊ သွေးနီဥထုတ်လုပ်ခြင်း၊ အရိုးသိပ်သည်းဆတွေနဲ့ သက်ဆိုင်ပါတယ်။

          အမျိုးသားတွေမှာ အသက် 30-40 အရွယ်ကစပြီး ကျားဟော်မုန်းဟာ တစ်နှစ်လျှင် 1% လောက်ကျဆင်းလာပါတယ်။ အဝလွန်ခြင်းကလည်း ကျားဟော်မုန်းပမာဏကျဆင်းစေတဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။

          လေ့လာမှုမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျားဟော်မုန်းပမာဏ ဘယ်လိုတက်လာစေတယ် ဆိုတာကို လေ့လာခဲ့ပါတယ်။

          လေ့ကျင့်ခန်းပုံမှန်မလုပ်တဲ့ အဝလွန်တဲ့အမျိုးသား 28 ယောက်နဲ့ ကိုယ်အလေးချိန်ပုံမှန်ရှိသူ 16 ယောက် စုစုပေါင်း 44 ယောက်ကိုလေ့လာခဲ့ပါတယ်။ သူတို့အားလုံးကို 40-60 မိနစ်လမ်းလျှောက်ခြင်း (သို့) တစ်ပတ်လျှင် 1-3 ရက်အနှေးပြေးခြင်း စတဲ့လေ့ကျင့်ခန်းတွေကို 12 ပတ်လုပ်စေပါတယ်။ စီမံချက်မစမီနဲ့ အပြီးမှာ ကျားဟော်မုန်းပမာဏကို တိုင်းတာခဲ့ပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့လူတွေမှာ ထူးခြားမှုမရှိပေမယ့် အဝလွန်တဲ့အမျိုးသားတွေမှာတော့ 12 ပတ်ပြီးနောက် ကျားဟော်မုန်း ပမာဏ သိသိသာသာမြင့်တက် လာတာကိုတွေ့ရပါတယ်။

          လေ့ကျင့်ခန်း ပိုပြီးပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေမှာ ကျားဟော်မုန်းပမာဏ ပိုပြီးမြင့်တက်ပါတယ်။

          ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း) က ကျားဟော်မုန်းပမာဏမြင့်တက်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။

 

Dr. MMMS

www.drmyanmar.com