/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/ကိုယ်အလေးချိန်-၁၃၅-ပေါင်ကျသွားတဲ့-နှလုံးရောဂါေ၀ဒနာရှင်

ကိုယ်အလေးချိန် ၁၃၅ ပေါင်ကျသွားတဲ့ နှလုံးရောဂါေ၀ဒနာရှင် မိခင်တစ်ဦး

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်မနာမည်က Heather Kern ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်ကတည်းက ကျွန်မရဲ့နှလုံးခုန်သံကို ကျွန်မကိုယ်တိုင်ခံစားသိရှိခဲ့ဖူးသူတစ်ယောက်ပါ။ ဒီလိုခံစားချက်ကို သာမန်ရင်တုန်နေတာပဲလို့ သတ်မှတ်ခဲ့ပါတယ်။ 2008 ခုနှစ်၊ သြဂုတ်လမှာ သမီးလေးကိုမွေးဖွားပြီးနောက်ပိုင်းမှာမှ အသက် 32 နှစ်ရှိပြီဖြစ်တဲ့ ကျွန်မအနေနဲ့ မွေးရာပါနှလုံးခုန်သံပုံမှန်မဟုတ်တာဖြစ်ကြောင်းသိရှိခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ရောဂါကိုသာ အလေးထား အာရုံစိုက်ကာ ကုသနေခဲ့ရတာကြောင့် ကိုယ်လက် လှုပ်ရှားမှုဆိုတာ ကျွန်မနဲ့ကင်းကွာသွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် 260 ပေါင် ဖြစ်သွားတဲ့အထိ အ၀လွန်သူတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ သမီးလေးကြီးပြင်းလာတာကို မြင်တွေ့နိုင်ပါ့မလား ဆိုတဲ့ အတွေးတစ်ခုက နှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် 153 ပေါင်ကျသွားစေခဲ့ပြီး အနာဂတ်ခရီးလမ်းကို ယနေ့အချိန်ထိ ကျန်းမာပျော်ရွှင်စွာ ဆက်လက်လျှောက်လှမ်းနိုင်တာပါ။

 

အတွေးပုံရိပ်မှသည် အနာဂတ်ခရီးလမ်းဆီသို့

        ငယ်စဉ်ကတည်းက ခံစားနေခဲ့ရတဲ့ နှလုံးခုန်မြန်နေခြင်းဟာ ကျွန်မအတွက်တော့ ထူးခြားတဲ့ဖြစ်စဉ်တစ်ခု မဟုတ်တော့တာကြောင့် ကိုယ့်ကိုယ်ကို ရောဂါဘယကင်းေ၀းသူတစ်ယောက်အဖြစ် မှတ်ယူကာ ခြေလျင်ခရီးထွက်တာ၊ ရေကူးတာအစရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သမီးလေး Cindy ကို ကိုယ်၀န်မလွယ်ရခင်အချိန်အထိ ပုံမှန်လုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် သမီးလေးကိုမွေးပြီး နှစ်ပတ်လောက်အကြာမှာ ကျွန်မရဲ့ခြေလက်တွေ ထုံကျင်လာကာ နှလုံးခုန်မြန်လွန်းတာကြောင့် မောဟိုက်ပြီး အမောဆို့တာနဲ့ နှလုံးအောင့်တာကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ ဒါကြောင့် နှလုံးအထူးကုနဲ့ပြသခဲ့ပြီး ရောဂါစစ်တမ်းအရ ပုံမှန်နှလုံးခုန်နှုန်း 60 ကနေ 100 အထိရှိရမှာထက်ပိုပြီး နှလုံးခုန်နှုန်းမြန်နေကြောင်းနဲ့ နှလုံးခုန်မြန်လွန်းခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ကြောင့် နှလုံး ရုတ်တရက် ရပ်ကာ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်းသိရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျွန်မရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေ အခါမလပ် ပြုလုပ်ခဲ့ရပြီး၊ နှလုံးခုန်နှုန်းမှန်ကန်စေဖို့ ဆေးဝါးတွေကိုလည်း အမြဲမပြတ်မှီ၀ဲခဲ့ရတဲ့အပြင် အားစိုက်ပြီး ပြုလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ရပ်နားခဲ့ရပါတယ်။ ကျွန်မရောဂါအခြေအနေ သိသိသာသာ သက်သာလာပြီးနောက်မှာတော့ အစားအစာတွေဘက်ကို ဦးလှည့်ခဲ့ပါတယ်။ ဒါကြောင့် နောက်လေးနှစ်အကြာမှာ အစားအစာတွေကို စွဲလမ်းနှစ်သက်ခဲ့မှုနဲ့ သောက်ခဲ့ရတဲ့ဆေးဝါးတွေရဲ့ အရှိန်ကြောင့် အရပ် 5 ပေ 8 လက်မ မြင့်တဲ့ ကျွန်မအနေနဲ့ ကိုယ်အလေးချိန် 260 ပေါင်တက်လာပြီး အလွန်အမင်း ၀သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၀ဖိုင့်နေတဲ့ကိုယ့်ခန္ဓာကိုယ်ကို မနှစ်မြို့တဲ့အပြင် အ၀လွန်သူတစ်ယောက်မှာ စွဲကပ်တတ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေခံစားရကာ စောစောသေဆုံးပြီး ကျွန်မသမီးလေး အရွယ်ရောက်တဲ့အထိ မစောင့်ရှောက်နိုင်တော့မှာ မိခင်ကောင်းတစ်ယောက်အဖြစ် သမီးလေးရဲ့ အနာဂတ်ခရီးလမ်းကို လမ်းညွှန်ပေးနိုင်စွမ်းမရှိတော့မှာ ဆိုတဲ့စိုးရိမ်စိတ်တွေက ကိုယ်အလေးချိန်လျော့ချလိုတဲ့ စိတ်ဓာတ်ကိုရှင်သန်စေခဲ့ပါတယ်။

 

အောင်မြင်မှုရဲ့ ဘ၀ခရီးလမ်း

        2012 ခုနှစ်အစပိုင်းလောက်မှာ ကျွန်မစိတ်၀င်စားခဲ့တဲ့ ကိုယ်အလေးချိန်လျော့ချမှုဆိုင်ရာ ယှဉ်ပြိုင်မှုတစ်ခုကို သတိရလိုက်မိပါတယ်။ Online မှ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အားစိုက်ထုတ်ရကာ နှလုံးကြွက်သားဒဏ်ဖြစ် စေမယ့်ပြိုင်ပွဲတစ်ခုလို ယှဉ်ပြိုင်ရခြင်းမရှိတာကြောင့် ယင်းပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကယ်လိုရီ 500 လောင်ကျွမ်းစေဖို့အတွက် ကျွန်မစွဲလမ်းနှစ်ခြိုက်တဲ့ အစားအစာတွေဖြစ်တဲ့ အဆီအအိမ့်များတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေနဲ့ အချိုလွန်ကဲစာတွေကို စွန့်လွှတ်ခဲ့ပါတယ်။ 6 ပတ်အတွင်းမှာ ကိုယ်အလေးချိန် 20 ပေါင်ကျသွားပြီး ပြိုင်ပွဲမှာ အောင်နိုင်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းဟာ ကိုယ်အလေးချိန် ဆက်လက်လျော့ချဖို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တိုးလာစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း caloriecount.com website မှ နည်းလမ်းတွေရယူပြီး ကယ်လိုရီလောင်ကျွမ်းအောင် လုပ်ဆောင်ခဲ့ကာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လိုတဲ့ ကျွန်မရဲ့စိတ်ဆန္ဒကြောင့် ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကျွန်မရောဂါနဲ့ အသင့်လျော်ဆုံးဖြစ်မယ့် လမ်းလျှောက်ခြင်းကိုသာ နေ့စဉ်ပုံမှန် လုပ်ဆောင်ခဲ့ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ အကွာအေ၀းထက်တိုးပြီး လမ်းလျှောက်ခဲ့တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက်ကာ ကယ်လိုရီလျော့ချခဲ့တဲ့ အကျိုးရလဒ်တွေကြောင့် နှစ်နှစ်အတွင်းမှာ ကျွန်မတောင့်တခဲ့တဲ့ ကိုယ်အလေးချိန် 135 ပေါင်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန်တွေ ကျသွားခြင်းဟာ နှလုံးကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုတာကြောင့် အခုဆိုရင် နှလုံးကျန်းမာရေးအတွက် ဆေးတွေကို ထက်၀က်လောက်သာ သောက်ရပါတော့တယ်။

 

စိတ်ဓာတ်စွမ်းအား

        ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကို သိခွင့်ရခဲ့တဲ့ အချိန်တုန်းကဆိုရင် ကျွန်မရဲ့ဘ၀ဟာ မျှော်လင့်ချက်  ကုန်ဆုံးပြီလို့ တဒင်္ဂယုံကြည်မိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့စိတ်ဓာတ်ခိုင်မာမှုကြောင့် သမီးလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ခွင့်ရတဲ့အပြင် သဘာ၀ရဲ့အလှတရားတွေကို ဆက်လက်ခံစားခွင့်ရနိုင်တာပါ။ ဒါကြောင့် ဘ၀မှာကြုံတွေ့ရတဲ့အခက်အခဲမှန်သမျှကို စိတ်ပျက်အားလျော့မနေဘဲ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ရဲရဲ၀့ံဝံ့ရင်ဆိုင်သွားပါ။ မိမိရဲ့စိတ်ဓာတ်ဟာ မိမိဘ၀ကို ပုံဖော်ပေးမယ့် စွမ်းအားရှင်ဖြစ်ကြောင်း အကြံပြုပြောကြားရင်း ဘ၀မှာကျေနပ်မှုပီတီတွေနဲ့ ေ၀ဖြာနေတဲ့ သူတစ်ယောက်အဖြစ် အနာဂတ်ခရီးလမ်း ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

CMS

www.drmyanmar.com