အစားအသောက်ထိန်းပြီးတစ်နှစ်အတွင်း ပေါင် 100 ကျော် ချခဲ့သူ
ကျွန်မနာမည်က Misty ဖြစ်ပြီး အထက်တန်းကျောင်းသူဘ၀ကတည်းက ၀ဖြိုးနေသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မအမျိုးသားဖြစ်သူ Larry Shaffer နဲ့အိမ်ထောင်ပြုခဲ့ကာ သမီးလေးတစ်ယောက် မွေးပြီးနောက်မှာတော့ ကိုယ်အလေးချိန် 300 ပေါင်ရှိတဲ့ အလွန်အမင်း၀ဖြိုးသူတစ်ယောက် ဖြစ်လာပါတော့တယ်။ သမီးလေးကို ကိုယ်၀န်မလွယ်ရမီ အချိန်ကတည်းက ကိုယ်အလေးချိန်လျော့ချဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အစားအစာတွေရဲ့ ဆွဲဆောင်မှုကိုမလွန်ဆန်နိုင်ခဲ့တဲ့ ကျွန်မအနေနဲ့ကြိုးစားမှုတွေဟာ အရာမထင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မသမီးလေးအတွက် မိခင်ကောင်းဖြစ်လိုတဲ့စိတ်၊ ဘယ်တော့မှ ေ၀ဖန်ပြောဆိုခြင်းမရှိဘဲ အရာရာကို အမြဲတမ်း အကောင်းမြင်ပေးတတ်တဲ့၊ အနစ်နာခံပေးတဲ့ ကျွန်မအမျိုးသားအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက် အဖြစ်ရပ်တည်လိုတဲ့စိတ်ကြောင့် ကိုယ်အလေးချိန် 155 ပေါင်ကျသွားသူ တစ်ယောက်ဖြစ်လာ ခဲ့ရခြင်း ဖြစ်ပါတယ်။
အသိစိတ်၏စေညွှန်ရာ
အရပ် 5 ပေ 6 လက်မမြင့်သူ ကျွန်မအနေနဲ့ စိတ်ပျော်ရွှင်နေချိန်ဖြစ်စေ၊ ၀မ်းနည်းပူဆွေးနေချိန်ဖြစ်စေ အစားအသောက်တော့ မပျက်ခဲ့ပါဘူး။ ပျင်းရိချိန်မှာလည်း အစားအစာတွေက ကျွန်မအတွက် အဖော်မွန်ကောင်းပါပဲ။ နေ့စဉ်နဲ့အမျှ အဓိကအစားအစာအဖြစ် သုံးကြိမ်စားသောက်ခဲ့တဲ့အပြင် သရေစာ မုန့်တွေကိုလည်း ဆာလာတာန့ဲအမျှ ဖြည့်စွက်စားသောက်ခဲ့သူတစ်ယောက်ပါ။ အာဟာရမမြောက်တဲ့ အစားအစာတွေ (ဥပမာ - ဟမ်ဘာဂါ၊ ပီဇာ)ကို အလွန်အကျူး စားသောက်ပြီး အချိုရည်ကိုလည်း စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးခဲ့ပါတယ်။ အပျိုစင်ဘ၀မှာတုန်းကရော အိမ်ထောင်သည်ဘ၀မှာပါ အစားအစာရဲ့ သားကောင်ဖြစ်နေတဲ့ ကျွန်မအနေနဲ့ ကိုယ်အလေးချိန်လျှော့ချရမယ်ဆိုတဲ့ အသိစိတ်ကလေးကတော့ စိတ်သန္တန်ထဲမှာ ကိန်းအောင်းနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မသမီးလေးကို ကိုယ်၀န်မလွယ်မီအချိန်တုန်းက ၀ိတ်ချဆေးတွေ သောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးမှီ၀ဲမှုကို ရပ်တန့်လိုက်တာနဲ့တစ်ပြိုင်နက် နဂိုမူလ အကျင့်ကို ပြန်လည်ရောက်ရှိသွားတော့တာပါပဲ။ သမီးလေး မွေးပြီးနောက်ပိုင်းမှာတော့ သမီးလေးရဲ့ ေ၀ယျာ၀စ္စတွေကို မလုပ်ပေးနိုင်တာ၊ အိမ်ထောင့်တာ၀န်ကို မကျေပွန်နိုင်တဲ့ အိမ်ရှင်မတစ်ယောက် ဖြစ်နေတာတွေက ကိုယ်အလေးချိန်လျှော့ချလိုစိတ်ကို ခိုင်မာစေခဲ့ပါတယ်။
ပြောင်းလဲမှု၏ကြိုဆိုရာဆီ
ကိုယ်အလေးချိန်လျှော့ချမှု လုပ်ငန်းစဉ်အစ သုံးလေးလလောက်မှာ ကျွန်မအတွက် တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ကျွန်မစွဲလမ်းနှစ်သက်တဲ့ အစားအစာတွေအစား ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေ စားသုံးလိုစိတ်ပြင်းပြအောင်ကြိုးစားရတာဟာ မလွယ်ကူခဲ့ပါဘူး။ မနက်စာအတွက် ကောက်နှံတစ်ခုလုံး ပါ၀င်စာဖြစ်တဲ့ ပေါင်မုန့်၊ ကောက်နှံကွေကာ၊ နေ့လည်စာအတွက် ဟင်းရွက်သုပ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ စီမံထားတဲ့ Sandwich၊ ညစာအတွက် အဆီနည်းအသားတွေဖြစ်တဲ့ ကြက်ဆင်သား၊ ကြက်ရင်အုံသားတို့ကို ပင်မအစားအစာတွေအဖြစ် ပြောင်းလဲစားသုံးခဲ့တဲ့အပြင် အဆာပြေသရေစာအဖြစ် မုန်လာဥနီ ဒါမှမဟုတ် သစ်သီး၀လံအမျိုးမျိုး၊ ဒိန်ချဉ် စတဲ့ ကိုယ်အလေးချိန် လျော့ချရာမှာ အထောက်အကူဖြစ်စေမယ့် အစားအစာမျိုးကိုသာ ရွေးချယ်စား သောက်ခဲ့ပါတယ်။ အစားအစာတွေကို ဂရုတစိုက်စားသောက်ခဲ့တာကြောင့် အသက် 25 နှစ်ရှိပြီဖြစ်တဲ့ ကလေးတစ်ယောက်မိခင် ကျွန်မအနေနဲ့ တစ်နှစ်တာကာလ ကုန်ဆုံးသွားပြီးနောက်မှာ ကိုယ်အလေးချိန် 100 ပေါင်ကျသွားခဲ့ကာ ဆိုဒ်နံပါတ် 24 အရွယ်အစားရှိ အကျႌတွေကိုသာ ၀တ်ဆင်ခဲ့ရာမှ ဆိုဒ်နံပါတ် 22 အရွယ် အစားရှိအကျႌတွေကို ပြောင်းလဲ၀တ်ဆင်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် တစ်နှစ်လောက် အလုပ်တာ၀န်ကျရာကို ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခဲ့ရတဲ့ အမျိုးသားပြန်လာချိန်မှာ အံ့အားသင့်သွားစေတာဟာ ကိုယ်အလေးချိန်လျှော့ကျဖို့ ကျွန်မဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာကို သက်သေထူလိုက်ခြင်းဖြစ်ပါတယ်။
အသိစိတ်နှင့်လုပ်ဆောင်ချက်တို့ ထပ်တူကျမှု
ကိုယ်အလေးချိန်လျော့ချရမယ်ဆိုတဲ့ စိတ်ကလေးတစ်ခုဟာ စိတ်သန္တန်ထဲမှာ ဖြစ်တည်နေပေမယ့် လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ကို ၀န်လေးနေခြင်း၊ မိမိရဲ့စိတ်အာရုံထဲမှာ တစ်စိတ်တစ်ဒေသအားဖြင့် ခိုအောင်းနေတဲ့အသိစိတ်နဲ့ လုပ်ဆောင်ချက်ကို ထပ်တူကျစေရမယ်လို့ အားတင်းထားပေမယ့်လည်း အစားအစာတွေရဲ့ဆောင်မှုအောက်က ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ကိုယ်အလေးချိန်လျှော့ချလိုစိတ်ကို အစားအစာစွဲလမ်းစိတ်နဲ့ ဖုံးကွယ်လိုက်တာကြောင့် အ၀လွန်သူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကို ကတိတည်မှုနဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုတို့ကြောင့် တာ၀န်ကျေပွန်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ သမီးလေးလိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ မိခင်တစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာပါ။ ဒါကြောင့် ကိုယ်အလေးချိန်များပြီး စိတ်သောက ရောက်နေသူတွေအနေနဲ့ မိမိဖြစ်ချင်နေတဲ့အတွင်းစိတ်ကလေးကို ဖွင့်ဟပေးပါ။ မိမိရဲ့ခံယူချက်ကို လက်တွေ့လုပ်ဆောင်မှုတွေနဲ့ အနိုင်ယူပါလို့ အကြံပြုလိုက်ချင်ပါတယ်။
CMS