/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/၂-နှစ်အတွင်း-ပေါင်-၄၀၀-နီးပါး-လျှော့ချနိုင်ခဲ့သော

၂ နှစ်အတွင်း ပေါင် ၄၀၀ နီးပါး လျှော့ချနိုင်ခဲ့သော အမျိုးသားတစ်ဦး

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်တော့်နာမည်က Brain Flemming ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စတင်ပြောင်းလဲမှုကို ပြောရမယ်ဆိုရင် Jackie Eastham ဆိုတဲ့ အမျိုးသမီးကြီးနဲ့ စတွေ့ခဲ့တာကနေ စပြောရမှာပါဘဲ။ ၂၀၁၂ခုနှစ် နွေဦးရာသီတုန်းက ကျွန်တော်ပုံဆွဲ App တစ်ခုကိုသုံးရင်းနဲ့ App ကနေပြီး အသုံးပြုသူအချင်းချင်း တွဲပေးရာကနေ Eastham နဲ့ စဆုံခဲ့ပါတယ်။ အဲဒီအချိန် တုန်းက ကျွန်တော်ဟာ ညတိုင်းလိုလို အရက်သောက်ခဲ့ပြီး အချိန်တိုင်းလည်း တီဗွီပဲကြည့်နေခဲ့တာပါ။ ကိုယ်အလေးချိန် ကလည်း ၆၂၅ ပေါင်ရှိနေတာကြောင့် အလွန်အမင်းအ၀လွန်နေခဲ့ချိန်ပါပဲ။ အသက် ၃၂ နှစ်ပဲရှိသေးပေမယ့် ဆီးချိုရောဂါတောင် အစပျိုးချင်နေပါပြီ။

 

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ဘ၀ကို လင်းလက်စေခဲ့သူ

          Eastham က အင်္ဂလန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီး ကျွန်တော့်ထက် အသက်၂၀ ကြီးပါတယ်။ ကျွန်တော်က အ၀ လွန်နေတယ်ဆိုတဲ့အကြောင်း၊ မိဘတွေမသိအောင် ညတိုင်း ဗော်ကာ(Vodka) ခိုးသောက်ကြောင်း၊ ဘ၀ကြီးကို စိတ်ညစ်ကြောင်း ဖွင့်ပြောမိတဲ့အခါ ကျွန်တော့်သူငယ်ချင်း Eastham က “လူတွေအားလုံးဟာ သူတို့ဘ၀အတွက် ကြိုးစားရုန်းကန်နေကြရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကြိုးစားလို့ရတဲ့ အခွင့်အရေးရှိတာကိုမလုပ်ဘဲ အလကား နေရင်း စွန့်လွှတ်နေတာပဲ” လို့ပြောခဲ့ပါတယ်။ Eastham ဟာ ကြွက်သားတွေတဖြည်းဖြည်း ကြုံလှီလာတဲ့ နာတာရှည် ရောဂါကိုခံစားနေရသူဖြစ်ပြီး သူမရဲ့ကျန်းမာရေးဟာ ပြန်ကောင်းလာနိုင်တဲ့ အခြေအနေမရှိပါဘူး။ Eastham က “သူမရဲ့ အနာဂတ်ဟာ စိတ်ပျက်စရာကောင်းနေပေမယ့်လည်း အားမလျော့ဘဲ လင်းလက်တောက်ပလာမယ့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့သူဖြစ်ကြောင်း”ပြောပြပြီး “အသက် ၃၀ ကျော်နေပြီဖြစ်တဲ့ ကျွန်တော်ကတော့ အချိန်တွေပဲဖြုန်းနေပြီး ဘ၀အတွက်ဘာခံယူချက်မှမရှိဘဲ စိတ်ပျက်အားလျော့နေတာပဲ ”လို့ ဆိုဆုံးမပါတယ်။ သူမပြောတဲ့စကားတွေကို ကျွန်တော်ပြန်ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ သူမတောင် ဘ၀ကိုတန်ဖိုးထားတတ်ရင် ကျွန်တော့်လို သာမန်လူတစ်ယောက်က စိတ်ပျက်အားလျော့စရာ ဘာမှမရှိပါလားဆိုပြီး အသိတရား၀င်လာပါတယ်။  ဒါကြောင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှစပြီး အရက်သောက်ခြင်းကို စွန့်လွှတ်လိုက်ပါတယ်။

 

ပြောင်းလဲခြင်းရဲ့ လမ်းမထက်က ကျွန်တော်

        အရက်ဖြတ်ခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် အရမ်းပင်ပန်းခက်ခဲခဲ့ပါတယ်။ တစ်ကိုယ်လုံးချေွးတွေထွက်ပြီး၊ လက်တွေက အမြဲတမ်းကတုန်ကယင်ဖြစ်နေတဲ့အပြင် အိပ်မပျော်တဲ့ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ အရက် သောက်ချင်တဲ့စိတ်ပျောက်အောင် ကိုယ့်ကိုယ်ကိုအလုပ်တွေဖိခိုင်းပြီး Eastham နဲ့ Online မှာ နေ့စဉ်စကားပြောရင်း စိတ်သက်သာမှုကို ရှာဖွေခဲ့ပါတယ်။ Eastham က ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး အစပိုင်းမှာ သူမအတွက် တုန်လှုပ်မှုကိုဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်။ အရက်ဖြတ်တဲ့ နှစ်လအတွင်းမှာ ပေါင် ၁၀၀ လောက် ကျသွားခဲ့ပါတယ်။

        အဲဒီလို ကိုယ်အလေးချိန်လျော့ကျသွားခြင်းဟာ အခြားပြောင်းလဲမှုတွေဖြစ်ပေါ်အောင် တွန်းအားပေးလိုက်သလိုပါပဲ။ ၀ိတ်ထပ်ကျဖို့အတွက် စားသောက်ပုံနည်းစနစ်တွေနဲ့ပတ်သက်ပြီး မှတ်သားထားနိုင်တဲ့ app ကိုသုံးခဲ့ပါတယ်။ အရင်ကစားနေကျဖြစ်တဲ့ အမြန်စာတွေ၊ အချိုရည်တွေ၊ မုန့်အချိုတွေနဲ့ အနီရောင်အသားတွေ စားခြင်းမှရှောင်ကြဉ်ခဲ့ပါ တယ်။ နောက်ပိုင်းမှာ မနက်တိုင်း ၅ မိနစ် လမ်းလျှောက်ခဲ့ပြီး ရက်ကြာလာတာနဲ့အမျှ မိနစ်တိုးတိုးပြီး လေ့ကျင့်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ၅ မိုင်အထိ လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ဒီလိုလေ့ကျင့်နေတဲ့ ကာလတလျှောက်လုံး Eastham က Skype ကနေ အားပေးစကားတွေ ပြောပေးခဲ့ပါတယ်။ သူမက ကျွန်တော့်အတွက် စိတ်ဓာတ်တက် ကြွစေတဲ့ အားဆေးတစ်ခွက်ပါပဲ။ လေ့ကျင့်ခန်းတွေ ပိုမိုလုပ်ဆောင်ဖို့ အချိန်တိုင်းမှာ တွန်းအားပေးခဲ့တဲ့သူကလည်း Eastham ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာကျင်းပတဲ့ မာရသွန်မိုင်၀က်အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီးနောက် မကြာမီမှာပဲ စက်ဘီးစီးပြိုင်ပွဲ၊ ၅ ကီလိုမီတာအပြေးပြိုင်ပွဲတွေမှာလည်း ပါ၀င်ဆင်နွှဲဖြစ်ခဲ့ပါတယ်။

 

၀ိတ်ကျခဲ့ပြီ

        ၂ နှစ်ကြာပြီးတဲ့နောက်မှာတော့ အရပ် ၆ ပေ ၂ လက်မမြင့်တဲ့ ကျွန်တော်ဟာ ကိုယ်အလေးချိန် ပေါင် ၃၈၀ ကျော်လောက်ကျသွားပြီး အရင်ကဘောင်းဘီဆိုဒ် ၆၀ ၀တ်ဆင်ခဲ့ရာမှ အခုဆိုရင် ဆိုဒ်နံပါတ် ၃၈ ရှိတဲ့ ဘောင်းဘီတွေကို ၀တ်ဆင်နိုင်လာပါပြီ။

          အခုဆိုရင် ကျွန်တော်ရွေးချယ်စားသောက်လေ့ရှိတဲ့ အစားအစာတွေက အရေခွံမပါတဲ့ကြက်ရင်အုံသား၊ အစေ့ အဆန်၊ ပဲအမျိုးမျိုး၊ အဆီထုတ်ပြီးသားဒိန်ချဉ်နဲ့ သစ်သီးတို့ဖြစ်ပြီး နေ့လည်စာနဲ့ ညစာတွေမှာ ကြက်သားနဲ့ အသီးအရွက် တွေပါအောင် စားသောက်ပါတယ်။

 

ပျော်စရာ အနာဂတ်ကို ဖန်တီးနိုင်ပြီ

          ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဥရောပကိုသွားပြီး Eastham နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော်နဲ့ Eastham ဟာ နေ့တိုင်းလိုလို အဆက်အသွယ်ရှိခဲ့ကြပြီး အခုချိန်ထိ ပုံဆွဲပြိုင်ပွဲမှာလည်း ပါ၀င်ယှဉ်ပြိုင်နေတုန်းပါပဲ။ Jackie Eastham က ကျွန်တော့်ဘ၀ကို ကယ်တင်ခဲ့သူဖြစ်ပြီး၊ အနာဂတ်ကို လင်းလက်စေခဲ့သူပါ။

        ကျွန်တော်ဟာ ကိုယ်အလေးချိန်လျှော့ချခြင်း နည်းလမ်းတွေ၊ အရက်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်စေတဲ့ ဆိုးကျိုးတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကြောင့် ကိုလက်စထရော မြင့်တက် လာနိုင်မှုတွေနဲ့ပတ်သက်လို့ တခြားသူတွေကို မျှေ၀နိုင်ဖို့အတွက် Facebook page တစ်ခုကိုထောင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော့်အနေနဲ့ ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ပြီး ဘ၀ကိုယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းနိုင်ပါပြီ။

www.drmyanmar.com