/
node/10494

ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုကို ဖျက်သိမ်းလိုက်တဲ့ သြစတေးလျနိုင်ငံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်နေကြတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ သြစတေးလျနိုင်ငံလည်း ပါဝင်ပါတယ်။ သြစတေးလျနိုင်ငံရှိ University of Queensland ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာလည်း အခုဆိုရင် တော်တော်လေးကို ခရီးပေါက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ သြစတေးလျနိုင်ငံရှိ တာဝန်ရှိသူတွေက ဒီကာကွယ်ဆေးထုတ်လုပ်မှုကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
သြစတေးလျနိုင်ငံဟာ အကြမ်းဖျဉ်း ဒေါ်လာသန်း ၇၅၀ တန်ဖိုးရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မှာယူမှုကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကတော့ ကာကွယ်ဆေး စမ်းသပ်အထိုးခံတဲ့သူတချို့မှာ HIV ပိုး ရှိတယ်ဆိုပြီး False Positive အဖြေမှားတွေ ထွက်လာလို့ပါ။
နိုင်ငံတိုင်းလိုလိုမှာ ကိုဗစ်လှိုင်းရိုက်ခတ်မှု ပြင်းထန်တာကြောင့် ကာကွယ်ဆေးထုတ်လုပ်သူတွေအနေနဲ့ ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုကို မြန်ဆန်အောင်လို့ ကိုရိုနာဗိုင်းရပ်စ်ပရိုတင်းကို အခြေခံပြီးတော့ ကာကွယ်ဆေးတွေ ထုတ်လာကြပါတယ်။ University of Queensland ကထုတ်တဲ့ ကာကွယ်ဆေးဟာလည်း ကိုရိုနာဗိုင်းရပ်စ်ပရိုတင်းကို အခြေခံပြီး ထုတ်ထားတာပါ။ ဗိုင်းရပ်စ်ပရိုတင်းမှာ ပါဝင်တဲ့ Spike လို့ခေါ်တဲ့ ဆူးချွန်လေးတွေကို ကိုယ်ခံအားစနစ်က တွေ့တဲ့အခါ ကိုယ့်ဆဲလ်မဟုတ်မှန်း သိသွားလို့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ Antibody တွေ ထုတ်ပေးခြင်းဖြင့် ကိုယ်ခံအားကို ရစေပါတယ်။
Universityof Queensland အနေနဲ့ ကာကွယ်ဆေးထိုးပြီးလို့ ကိုရိုနာဗိုင်းရပ်စ်ပရိုတင်း လူ့ခန္ဓာကိုယ်ထဲ ရောက်သွားလို့အခါ ဒီဆူးချွန်လေးတွေ မပျက်စီးဘဲ ခိုင်ခံ့စေဖို့အတွက် ဆူးချွန်တွေပေါ်မှာ HIV ဗိုင်းရပ်စ်ရဲ့ ပရိုတင်းအစိတ်အပိုင်း ၂ ခုကို ဒီဇိုင်းဆွဲထည့်သွင်းခဲ့ကြပါတယ်။ ကာကွယ်ဆေးထုတ်သူတွေအနေနဲ့ HIV ပိုးရဲ့ ပရိုတင်းတစ်ခုလုံးကို ထည့်သုံးထားတာမဟုတ်လို့ ကိုယ်ခံအားစနစ်က HIV ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ antibody သိပ်မထုတ်လောက်ဘူးလို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ မထင်မှတ်ထားလောက်အောင် Antibody တွေ ထွက်လာလို့ HIV စစ်ဆေးလိုက်တဲ့အခါ Positive ဆိုပြီး အဖြေထွက်လာပါတယ်။
ဒီလို HIV ပရိုတင်းကို အခြေခံပြီး ထုတ်လုပ်ထားပေမယ့် ကာကွယ်ဆေးအထိုးခံရသူတွေမှာ HIV ပိုး ကူးနိုင်ချေမရှိဘူးလို့ ကာကွယ်ဆေးထုတ်တဲ့သူတွေက ပြောထားပါတယ်။ ဒါပေမဲ့ HIV စစ်လိုက်တဲ့အခါမှာ False positive အဖြေထွက်နေတာကြောင့် သြစတေးလျပြည်သူတွေကတော့ ကာကွယ်ဆေးထိုးရင် AIDS ဖြစ်တယ်ဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။ ဒီကာကွယ်ဆေးကို ဆက်ထုတ်ဖို့ ကြိုးစားတာနဲ့အမျှ HIV Positive လို့ ထွက်ထားတာကိုလည်း အဖြေအမှန်ထွက်အောင် ပြင်ဆင်ရမှာပါ။ အဖြေအမှန်ထွက်ဖို့ဆိုရင် HIV စစ်ဆေးတဲ့ Test တစ်ခုလုံးကို အစအဆုံး ပြန်လည်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ဖို့ဆိုတာလည်း တစ်နှစ်ကျော်လောက် ကြာနိုင်ချေရှိပါတယ်။ ဒါကြောင့်လည်း တာဝန်ရှိသူတွေအနေနဲ့ ဒီကာကွယ်ဆေးထုတ်လုပ်မှုကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ဒီလိုဆုံးဖြတ်ချက်ချဖို့ဆိုတာ သူတို့အနေနဲ့လည်း မလွယ်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာကွယ်ဆေးဟာ စမ်းသပ်မှုရလဒ်တွေအရ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်ဆိုတဲ့ ရလဒ်တွေ ထွက်ရှိထားလို့ပါ။
ကမ္ဘာအနှံ့ စပ်းသပ်ထိုးနှံနေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေထဲကမှ University of Queensland ကနေ စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးကတော့ ထုတ်လုပ်ဖို့ ဖျက်သိမ်းလိုက်တဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ဖြစ်လာခဲ့ပါတယ်။
သြစတေးလျနိုင်ငံဟာ ဒီကပ်ရောဂါကြောင့် လူပေါင်း (၁.၅) သန်းထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေးထုတ်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ကို အလျင်လိုနေကြပါတယ်။ University of Queensland ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုကို ဖျက်သိမ်းလိုက်လို့ မှာယူပြီးသားဖြစ်နေတဲ့ ကာကွယ်ဆေးအလုံးရေ (၅၁) သန်းအစား AstrsZenea နဲ့ Novavax ကထုတ်တဲ့ ကာကွယ်ဆေးကို ပြန်လည်အစားထိုး မှာယူပေးမယ်လို့လည်း အစိုးရအနေနဲ့ ပြောကြားထားပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)