/
node/4721

ဗဟိုအမျိုးသမီးဆေးရုံကြီးအတွင်း မွေးကင်းစကလေးငယ် အထူးကြပ်မတ်ကုသဆောင်သစ်တိုးချဲ့ဖွင့်လှစ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

       ကလေးမွေးဖွားပေးမှုတွင် အားထားရသောဆေးရုံကြီးတစ်ရုံဖြစ်သည့် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) အတွင်း အဆင့်မြှင့်တင်တိုးချဲ့သည့် မွေးကင်းစကလေးငယ် အထူးကြပ်မတ်ကုသဆောင်သစ်ကို ဖေဖော်ဝါရီလ 26 ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

      အဆိုပါမွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးနှင့် အလှူရှင်တစ်ယောက်ဖြစ်သော လျှပ်စစ်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးခင်မောင်စိုး၊ ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ပပနှင့် ဆေးရုံမှ တာဝန်ရှိသူများ အလှူရှင်များနှင့် ဖိတ််ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

      “မြေလေးကို ကျွန်တော့သမီးကမွေးတဲ့အခါမှာ မြေလေးက သတ်မှတ်တဲ့ရက်မပြည့်လို့ ကလေးကြပ်မတ်ကုသဆောင်တင်လိုက်ရပါတယ်။ ကျွန်တော့မြေးလေးရဲ့ ကျန်းမာရေးအခြေအနေကို အမြဲလာကြည့်ဖြစ်ပါတယ်။ အဲ့ဒီမှာဘာတွေ့လဲဆိုတော့ ဒီဆေးရုံအနေနဲ့ဲကြည့်ရင် ဆေးရုံမှာ မွေးကင်းစ လူနာတွေက အလွန်များပြီးတော့ ဒီဌာနလေးကသေးနေတယ်။ ကလေးလေးတွေက သိပ်အဆင်မပြေဘူးပေါ့။ နေရာနဲ့ကလေးနဲ့မမျှတတာတွေကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော် ကျန်းမာရေးဝန်ကြီးကိုတိုင်ပင်ပြီးလှူပေးချင်တယ်။ တစ်ယောက်ထဲတော့မတတ်နိုင်ဘူး။ အလှူရှင်ရှာပြီး လှူပေးမယ်ဆိုပြီးတိုင်ပင်တော့ ကျန်းမာရေးဝန်ကြီးကလည်း တော်တော်လိုက်လျောပြီး ကိုခင်မောင်စိုးလှူလိုက်ပါဗျာဆိုတော့ ဒီမှာရှိတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဒီအဆောက်အဦးလေးဆောက် ဖို့ဖြစ်လာတာပါ။ တိုးချဲ့ဆောင်တည်ဆောက်တဲ့အခါ ကျွန်တော်တစ်ယောက်တည်း မတတ်နိုင်ပါဘူး။ အလှူရှင်တွေခေါ်ပြီးတော့ အဆောက်အဦးဆောက်မယ့်နေရာလေးတွေကိုပြသပါတယ်။ အလှူရှင်တွေတော်တော်များများကလည်း စိတ်ဝင်စားပြီးတော့ လုပ်ပေးပါ့မယ်ဆိုပြီး ဝိုင်းဝန်းပြီးလှူတဲ့အတွက်ကြောင့် ဒီအဆောက်အဦ ခုလိုဖြစ်လာတာပါ။” ဟု လှူဒါန်းဖြစ်ခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

      “ဒီနေ့ကျင်းပတဲ့ပွဲကတော့ မွေးကင်းစကလေးတိုးချဲ့ဆောင်ဖွင့်လှစ်တာဖြစ်ပါတယ်။ ကျွန်မတို့ဆေးရုံမှာ ကလေးမွေးဖွားတဲ့လူနာ တစ်နေ့တစ်နေ့ကို အယောက် 50 ကနေ 60 ထိ မွေးဖွားလျက်ရှိပါတယ်။ မွေးဖွားမှုမှာ ရိုးရိုးမွေးဖွားတာနဲ့ ခွဲစိတ်ပြီးမွေးဖွားတာရှိပါတယ်။ ဒီကလေးတွေမှာ တစ်ချို့က ပေါင်ပြည့်ပြီးလစေ့တယ်။ တစ်ချို့က ပေါင်မပြည့်လမစေ့တာတွေလည်းရှိပါတယ်။ ဒီဆေးရုံမှာမွေးဖွားပြီး လမစေ့ဘူး အသက်ရှူရခက်တဲ့ ကလေးလေးတွေ၊ နောက်မွေးပြီးတော့ ပေါင်မပြည့်လို့ ဝါလာတဲ့ကလေးလေးတွေ အကုန်လုံးကို မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်မှာတက်ရောက်ပြီး ကုသစေတာဖြစ်ပါတယ်။ မွေးကင်းစ အထူးကြပ်မတ်ဆောင် တိုးချဲ့နိုင်လိုက်တဲ့အတွက် ကလေးပေါင်းများစွာရဲ့အသက်ကို ကယ်တင်လာနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုသတယ်ဆိုတာ အခန်းကိုချဲ့ရုံနဲ့မပြီးပါဘူး။ ကလေးတွေကိုကုသဖို့အတွက် စက်ပစ္စည်း ကိရိယာတွေပါ အကုန်လုံးထည့်သွင်းရတာဖြစ်ပါတယ်။ ဒီနေ့ဖွင့်လှစ်တဲ့ကုသဆောင်ဟာ ဒီကလေးတွေအတွက်် အခန်းနေရာတွေအပြင် အသက်ကယ်တဲ့ပစ္စည်းတွေထည့်နိုင်ပါတယ်။

       နောက်တစ်ခုကတော့ အမေတွေပေါ့နော်။ နောက်ပိုင်းမှာ ဒီဆေးရုံက မိခင် နို့ချိုတိုက်ကျေွးရေး အောင်မြင် တဲ့ဆေးရုံကြီးအဖြစ်နဲ့ ကြိုးစားနေတာဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ်ရရေးအတွက် ဆောင်ရွက်နေ တာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျေွရေး အသိအမှတ်ပြုရဖို့ ဆေးရုံတစ်ရုံဆိုရင် ကလေးကိုဆေးရုံတင်ထားရင် အမေကလည်းဆေးရုံဆင်းလို့မရပါဘူး ဘာကြောင့်လည်းဆိုတော့ ကလေးကို မိခင်နို့ချိုတိုက်ကျေွး ရတာဖြစ်ပါတယ်။ ကလေးကိုမိခင်နို့တိုက်ဖို့အတွက် ကလေးအမေတွေကိုပါ ဒီအဆောင်မှာ ထားနိုင်ဖို့ စီစဉ်ထားပါတယ်။ ကလေးအမေ 50 ဦးခန့် ဒီအဆောင်မှာထားနိုင်ပါတယ်။ အခုတက်ရောက်နေတဲ့ မွေးကင်းစ ကလေး လူနာပေါင်းက 80 ကနေ 100 ကြားရှိပါတယ်။ အများဆုံးဖြစ်တတ်တဲ့ရောဂါတွေ ကတော့ ပေါင်မပြည့်လမစေ့တဲ့ ကလေးလေးတွေကုသမှုက အများဆုံးဖြစ်ပါတယ်။” ဟု ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ပပကပြောသည်။

      ဗဟိုအမျိုးသမီးဆေးရုံကြီး ရန်ကုန်သည် 1897 ခုနှစ်ထဲက စတင်ဖွင့်လှစ်ခဲ့၍ လာမည့် 2017 ခုနှစ်၏ ဇွန်လ 12 ရက်နေ့တွင် နှစ် 120 တိုင်ပြည့်မြောက်ပြီဖြစ်ကြောင်းသိရသည်။

 

May Su Hlaing

www.drmyanmar.com