/
node/8804

ရင်သားမှာ အလုံးအကျိတ် စမ်းမိတဲ့အခါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          လူတိုင်းလူတိုင်း အခုခေတ်မှာ အကြောက်ဆုံးစကားကတော့ ကင်ဆာဆိုတာပါပဲ။ ဟုတ်တယ်မလား?

          ရင်သားမှာ အလုံးအကျိတ် စမ်းမိတိုင်းလည်း စိတ်မညစ်သွားပါနဲ့။ အကျိတ်စမ်းမိတိုင်းလည်း ကင်ဆာတော့ မဟုတ်ပါဘူး။ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေလည်း ရှိနေသေးလို့ပါ။

          တချို့အကျိတ်တွေက သူ့အလိုလို ပျောက်သွားတတ်တာကြောင့် စိုးရိမ်စရာမလိုပါဘူး။

          ဒါပေမဲ့ ရင်သားမှာ အလုံးအကျိတ် စမ်းသပ်မိရင်တော့ ကင်ဆာကျိတ်မဟုတ်ကြောင်းသေချာအောင် ဆရာဝန်နဲ့ပြသဖို့တော့ လိုတာပေါ့။

 

>>    ရင်သားအကျိတ်

          အမျိုးသမီးအများစုဟာ ရင်သားကို စမ်းသပ်ကြည့်ရင် အကျိတ်ကလေးတွေ စမ်းမိနိုင်ပါတယ်။ ဒါဟာ ပုံမှန် ရင်သားအဖုအထစ်တွေပါ။

          တချို့အမျိုးသမီးတွေမှာတော့ ပုံမှန်ထက်ကို ပိုပြီးတော့ အဖုအထစ်ကလေးတွေ များတာကို တွေ့ရပါတယ်။

          ရင်သား ၂ ဖက်လုံးမှာ တူညီတဲ့ အဖုအထစ်ကလေးတွေ စမ်းမိတယ်ဆိုရင် ဒါပုံမှန်လို့ ပြောရမှာပါ။

          ရင်သားတစ်ဖက်နဲ့ ဒါမှမဟုတ်၊ ရင်သား တခြားနေရာတွေနဲ့  စမ်းသပ်မိပုံခြင်း မတူဘူးဆိုရင် သတိထားရပါတော့မယ်။ ဒီလို အကျိတ်မျိုးကတော့ ကင်ဆာကျိတ် ဒါမှမဟုတ် ရိုးရိုးအကျိတ် (အရည်အိတ်တို့၊ အသားကျိတ်တို့) ဖြစ်နေနိုင်ပါတယ်။

 

>>    တကယ်လို့

●        ရင်သား တခြားနေရာတွေနဲ့မတူတဲ့ အကျိတ်အသစ်ကို စမ်းမိတယ်။

●        ရင်သား တခြားတစ်ဖက်နဲ့မတူတဲ့ အကျိတ်အသစ်ကို စမ်းမိတယ်။

●        အရင်က စမ်းဖူးတာနဲ့မတူတဲ့ အကျိတ်တစ်ခုကို စမ်းမိတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

 

>>    နို့သီးခေါင်း အရည်ထွက်ခြင်း

          နို့သီးခေါင်းကနေ အရည်တွေထွက်နေတာဟာ ပြဿနာတစ်ခုပါပဲ။ နို့သီးခေါင်းကို ညှစ်လိုက်ရင်တော့ ပုံမှန်ကိုက အရည်ထွက်တတ်ပါတယ်။ ဒါကိုယ်နှိုက်က ရင်သားကင်ဆာ ဟုတ်ချင်မှဟုတ်မှာပါ။

 

          ရင်သားကင်ဆာမှာ -

●        နို့သီးခေါင်းကို မညှစ်ဘဲ အလိုလို အရည်ထွက်တာ

●        ရင်သားတစ်ဖက်မှာပဲဖြစ်တာ

●        သွေးရောင်လွှမ်းတာ၊ ဒါမှမဟုတ် မကြည်တာတွေကို တွေ့ရတတ်ပါတယ်။

          နို့သီးခေါင်းကနေ အရည်ထွက်တာမျိုးက ပိုးဝင်တာတို့၊ တခြားဆေးကုသဖို့လိုတဲ့ အခြေအနေမျိုးတို့မှာ တွေ့နိုင်ပါသေးတယ်။

          ဒါကြောင့် နို့သီးခေါင်းကနေ အရည်တွေ စိမ့်ထွက်နေပြီဆိုရင် ဆရာဝန်နဲ့သာ ပြကြည့်လိုက်ပါ။

 

>>    ရင်သားမှာ တခြားအပြောင်းအလဲများ

          ရင်သားကင်ဆာရဲ့ အချက်ပေးလက္ခဏာတွေဖြစ်တဲ့ -

●        ရင်သားမှာ ဒါမှမဟုတ် ချိုင်းအောက်မှာ အလုံးအကျိတ် မာမာကြီးတွေ၊ ထူထူကြီးတွေ စမ်းမိတာ

●        ရင်သားမှာ ရောင်ရမ်းနေတာ၊ ပူနွေးနေတာ၊ နီရဲနေတာ၊ မဲနေတာ

●        ရင်သားရဲ့ အရွယ်အစားနဲ့ပုံသဏ္ဌာန် ပြောင်းလဲနေတာ

●        ရင်သားအရေပြား ချိုင့်နေတာ

●        နို့သီးခေါင်း ယားယံတာ၊ အနီကွက်တွေ ထွက်နေတာ

●        နို့သီးခေါင်းတို့၊ တခြားရင်သားအရေပြားတို့ အတွင်းချိုင့်ဝင်နေတာ

●        ရုတ်တရက် နို့သီးခေါင်းကနေ အရည်တွေ ထွက်လာတာ

●        တစ်နေရာရာက နာနေပြီး မပျောက်တော့တာတွေရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

          ရင်သား နာကျင်နေတာမျိုးက ရာသီစက်ဝန်းတွေနဲ့လည်း ဆိုင်နေနိုင်ပါသေးတယ်။ နာတာ မသက်သာရင်တော့ မပေါ့ဆနဲ့ပေါ့။ နာတာ၊ ကျင်တာမျိုးက ရင်သားကင်ဆာကြောင့် ဖြစ်ခဲပေမယ့် ဆရာဝန်နဲ့ပြပြီး သေချာစမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။

Dr. Mya Phoo Ngon (www.drmyanmar.com)