အဆစ်အမြစ်တွေ နာနေလား ... လေ့ကျင့်ခန်း လုပ်ပါ
အဆစ်အမြစ်နာနေသူတွေ၊ လေးဖက်နာရောဂါ ရေရှည်ခံစားလာရသူတွေ နာကျင်မှုနဲ့ ရေရှည်ရုန်းကန်လာရသူတွေမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဟာ အဆင်ပြေပါ့မလားလို့ ဒွိဟ ဖြစ်ကြပါတယ်။
နာပါတယ်ဆိုပါမှ လမ်းလျှောက်ခိုင်း၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းနေပြန်ပြီလို့ အပြစ်တင် မစောစေချင်ပါဘူး။
အဆစ်တွေ တင်းနေတဲ့အခါ သွေးလည်ပတ်မှုနည်းတဲ့အခါ နာကျင်မှု ဆိုးပါသတဲ့။ သေသပ်မှန်ကန်သော သွေးစီးဆင်းမှုရရှိမှသာ လိုအပ်တဲ့အပူဓာတ်နဲ့ သွေးအာဟာရရရှိပြီး အဆစ်တွေနဲ့ အသားအရေ၊ အဂါင်္တွေဟာ မှန်ကန်စွာ အလုပ်လုပ်ပါသတဲ့။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အင်ဒိုဖင်ဆိုတဲ့ ဟော်မုန်းထွက်လာပြီး အကောင်းမြင်ဝါဒနဲ့ စိတ်ခံစားမှုတွေ သာလွန်ကောင်းမွန်စေတဲ့အပြင် နာကျင်မှုတွေကို အများကြီး သက်သာလျော့ပါးစေပါတယ်။
မနက်မိုးလင်းတဲ့အခါ လက်ဆစ်လေးတွေ တင်းတဲ့အခါ လက်ကလေးတွေကို ကွေးချည်ဆန့်ချည် ရနိုင်သလောက် လေ့ကျင့်ခန်းလုပ်တာမျိုး။ ခြေထောက်ကလေးတွေကို မလိုက်၊ ချလိုက်လုပ်တာမျိုး။ နေ့စဉ် လမ်း ခပ်သွက်သွက် လျှောက်တာတွေဟာ အဆစ်အမြစ် နာကျင်မှုတွေ တင်းအားတွေကို လျော့သွားစေပြီး နေလို့ ပိုကောင်းလာတဲ့အပြင် နာတဲ့အကြိမ်အရေအတွက် နည်းလာပါသတဲ့။
● အင်ဒီုမီထရီရိုးဆစ်လို့ခေါ်တဲ့ သားအိမ်ပြင်ပတစ်သျှူးကြောင့် နာကျင်မှုခံနေရသူတွေ
● ကင်ဆာဝေဒနာသည်တွေ
● သွေးလေးဖက်နာရောဂါသည်တွေ
● အရိုးပွရောဂါ ခံစားနေရသူတွေ
● မကြာခဏ ခေါင်းကိုက်တတ်သူတွေ
ဒီလိုလူတွေဟာ နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကနေ ကောင်းကျိုးကြီးစွာ ရနိုင်ပါတယ်။ မိမိနာတတ်တဲ့ နေရာအလိုက် ဘယ်လိုလေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်သင့်တယ် ဆိုတာကတော့ တတ်ကျွမ်းသူဆရာဝန်နဲ့ တိုင်ပင်ဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























