နှင်းခူဆိုတာ
နှင်းခူဆိုတာ မကြာမကြာ ပြန်ပြန်ဖြစ်တတ်တဲ့ နာတာရှည်အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ တံတောင်ဆစ်နေရာ၊ တံခေါက်ကွေးနေရာတွေလိုမျိုးနေရာတွေမှာ ယားယံပြီး အနီကွက်တွေ ဖြစ်ပေါ်တတ်တဲ့ရောဂါတစ်မျိုးပေါ့။
>> နှင်းခူ ဘယ်လောက်ထိ အဖြစ်များလဲ?
ဓာတ်မတည့်တဲ့နှင်းခူဟာ တော်တော် အဖြစ်များပြီး ဖြစ်တဲ့နှုန်းကလည်း တောက်လျှောက်ကို တက်နေပါတယ်။ နှင်းခူဟာ ကျောင်းနေအရွယ်ကလေးတွေမှာ ၁၅-၂၀ ရာခိုင်နှုန်းနဲ့ လူကြီးတွေမှာတော့ ၂-၁၀ ရာခိုင်နှုန်းထိ အဖြစ်များပါတယ်။ ဖြစ်တဲ့သူအများစု (၈၀ ရာခိုင်နှုန်းနီးပါး) ကတော့ ၅ နှစ်အောက်ကလေးတွေမှာပါပဲ။ မိဘမှာ နှင်းခူဖြစ်ဖူးရင် ကလေးတွေမှာပါ ပိုဖြစ်တတ်ပါတယ်။
>> ဖြစ်နိုင်ခြေနဲ့ ဖြစ်စေတဲ့အရာတွေက ဘာတွေလဲ?
နှင်းခူကို အဖြစ်စေဆုံးအရာတွေကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ဓာတ်မတည့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာနဲ့ဆပ်ပြာမှုန့်တွေ၊ အချို့သော သတ္တုတွေ၊ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေ၊ မှိုတွေ ပါဝင်ပါတယ်။
နှင်းခူကို ဖြစ်စေတဲ့အချက်တွေမှာ အောက်ပါအချက်တွေလည်း ပါဝင်ပါသေးတယ်။
● နှင်းခူကို ပိုဆိုးစေတဲ့ စတပ်ဖလိုကောကပ်စ်အောရီရပ်စ်လို ဘက်တီးရီးယားအကောင်ကြောင့်ဖြစ်သော အရေပြားပိုးဝင်ခြင်း။
● ပူလွန်း၊ အေးလွန်းသော အပူချိန်နဲ့ စိုထိုင်းဆများခြင်း (ဆောင်းတွင်းမှာ ပိုဖြစ်လေ့ရှိပါတယ်)။
● တင်းကြပ်ပြီး ပွန်းစေတဲ့ သိုးမွေးထည်တွေ အသုံးပြုခြင်း။
● အစားအသောက်ပုံစံ။
ဓာတ်မတည့်သော နှင်းခူရှိတဲ့ ကလေးတွေမှာ အစာဓာတ်မတည့်တာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ အချို့ကိုယ်တွင်းအချက်တွေက နှင်းခူဖြစ်ဖို့ တွန်းအားဖြစ်စေနိုင်တတ်ပါတယ်။ ဒီအချက်တွေထဲမှာ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းဓာတ်ပြောင်းလဲမှုတွေလည်း ပါဝင်နေပါတယ်။ ဥပမာအနေနဲ့ပြောရရင် မိန်းမတွေမှာ လစဉ်ဓမ္မတာမလာခင်နဲ့ ကိုယ်ဝန်ဆောင်အတွင်းမှာ နှင်းခူဖြစ်တာ ပိုဆိုးတာကို တွေ့ရပါတယ်။
>> နှင်းခူရဲ့လက္ခဏာများ
နှင်းခူရဲ့လက္ခဏာတွေမှာတော့ ယားယံတာ၊ ခြောက်သွေ့တာ၊ အရေခွံလေးတွေဖြစ်တာ၊ နီရဲတာတွေ ပါဝင်ပါတယ်။ ရောဂါအပြင်းအပျော့အနေနဲ့ကတော့ ကုသမှုမလိုအပ်တဲ့ အနည်းငယ် ယားယံရုံလောက်ကနေ အရေပြားစုတ်ပြဲပြီး အရည်ထွက်တဲ့အထိ ယားယံပြီး ကုတ်ရတဲ့အထိလည်း ပြင်းထန်နိုင်ပါတယ်။
ထပ်ခါထပ်ခါ ပြန်ပြန်ဖြစ်နေတာကြောင့် အရေပြားကို ထူပြီး အက်ကွဲသွားစေပါတယ်။ နှင်းခူရဲ့ ပိုဆိုးတဲ့ပုံစံတစ်မျိုးကတော့ ဓာတ်မတည့် အရေပြားပိုးဝင်ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအရေပြားပိုးဝင်ရောင်ရမ်းတာဟာ ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။
>> နှင်းခူလို့ ဘယ်အချိန်မှာပြောမလဲ?
နှင်းခူလို့ ရောဂါသတ်မှတ်ဖို့ အရေပြားမှာဖြစ်နေတဲ့အနာတွေကို ကြည့်ပြီးသော်လည်းကောင်း၊ ဒီလိုအရေပြားရောဂါမျိုး ကလေးကိုယ်တိုင်က အရင်ကဖြစ်ဖူးတာ ဒါမှမဟုတ် မောင်နှမသားချင်းထဲမှာ ဖြစ်ဖူးတဲ့ရောဂါရာဇဝင်ကို မေးမြန်းပြီးသော်လည်းကောင်း သိရှိနိုင်ပါတယ်။ အခြားသော ဓာတ်မတည့်တာတွေ၊ အစာဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကြပ်ဖြစ်တာတွေကလည်း နှင်းခူဖြစ်တဲ့သူတွေမှာ တွေ့ရပါတယ်။
>> နှင်းခူကို ကုသခြင်း
အပျော့စားနှင်းခူကတော့ ကုသမှုကို မလိုအပ်ပါဘူး။ ပုံမှန်ရေဓာတ်ပြည့်ဝနေဖို့ပဲ လိုအပ်ပါတယ်။ အချို့နှင်းခူတွေကတော့ ၁ ရာခိုင်နှုန်း စတီးရွိုက်လိမ်းဆေးကို ရက်အနည်းငယ်ကြာအောင် လိမ်းပေးဖို့ လိုအပ်ပါတယ်။ ပိုပြင်းထန်တဲ့နှင်းခူတွေကတော့ ကုသဖို့ ခက်ခဲပါတယ်။ ယားယံတာကို ပျောက်စေတဲ့ သောက်ဆေးတွေနဲ့ စတီးရွိုက်လိမ်းဆေးတွေက ယားယံတာကို သက်သာစေပါတယ်။ ယားယံပျောက်စေတဲ့ သောက်ဆေးတွေက ပြင်းထန်တဲ့နှင်းခူရောဂါမှာ ယားယံမှုကို လျော့စေပါတယ်။ ဒါပေမဲ့ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ မှိန်းစေတတ်ပါတယ်။ မမှိန်းစေတဲ့အချို့သော ယားယံပျောက်ဆေးတွေတော့ ရှိပါတယ်။ စတီးရွိုက်ကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သုံးစွဲသင့်ပါတယ်။ အလွန်အကျွံသုံးတာက ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်တာကြောင့် စတီးရွိုက်တွေကို သတ်မှတ်ထားတာထက်ပိုပြီး မသုံးစွဲသင့်ပါဘူး။
အခြားသော ကာကွယ်နည်းတွေကတော့ အခန်းတွေမှာ လေထုစိုထိုင်းဆထိန်းစက်နဲ့ စိုထိုင်းမှုကို ထိန်းခြင်းနဲ့ ခြောက်သွေ့မှုတွေမဖြစ်အောင် ရေကို လျှော့သုံးခြင်း စတာတွေ ပါဝင်ပါတယ်။ အရေပြားကို ရေစိုလိုက်တိုင်းမှာ အရေပြားကနေ ရေငွေ့ပြန်ပြီး ပိုပြီးခြောက်သွေ့စေလို့ပါပဲ။ ရေပူပူကြီးတွေလည်း မသုံးသင့်ပါဘူးနော်။ လိုးရှင်းတွေ၊ ရေဓာတ်ကို ထိန်းပေးတဲ့လိမ်းဆေးတွေကို မကြာခဏ လိမ်းပေးသင့်ပါတယ်။ နောက်ဆုံးအနေကတော့ လက္ခဏာတွေ အရမ်းဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပြသသင့်တယ်လို့ ပြောချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














