/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာအကြောင်း-သိကောင်းစရာ-ကင်ဆာကို-ကာကွယ်ပါ

ကင်ဆာအကြောင်း သိကောင်းစရာ ... ကင်ဆာကို ကာကွယ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပုံမှန်မဟုတ်တဲ့ဆဲလ်တွေက မြန်မြန်ကွဲပြီးတော့ တခြားတစ်သျှူးတွေ၊ ကိုယ်အင်္ဂါတွေဆီကို ပျံ့နှံ့သွားတာက ကင်ဆာပါ။ အခုဆိုရင် ကင်ဆာက ကမ်ဘာပေါ်မှာ သေဆုံးမှု အဖြစ်များရတဲ့ရောဂါတွေထဲက တစ်ခုဖြစ်နေပါပြီ။

 

>>    ကင်ဆာဆဲလ်တွေ ဘယ်လိုပွားများ ပျံ့နှံ့ကြသလဲ?

          ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုရင်တော့ နေ့စဉ်လုပ်ငန်းစဉ်တွေလုပ်ဖို့ ဆဲလ်သန်းပေါင်းများစွာက ပွားလိုက်၊ ကွဲလိုက်နဲ့ ဖြစ်ပျက်နေပါတယ်။ ပုံမှန်ကျန်းမာတဲ့ဆဲလ်တွေမှာ ဆဲလ်အဟောင်းတွေ သေသွားတဲ့အခါ ဆဲလ်အသစ်တွေက အစားထိုးဝင်လာပါတယ်။ ကင်ဆာဖြစ်လာရင် ဒီဖြစ်စဉ်အားလုံး ပျက်စီးသွားပြီးတော့ ဆဲလ်တွေ ပုံမမှန်ဘဲ ကြီးထွားလာပါတော့တယ်။ ဒါက မျိုးရိုးဗီဇမှာ အပြောင်းအလဲတွေ ဖြစ်သွားလို့ပါ။ ပြောင်းလဲမှုတွေကြောင့် မလိုအပ်ဘဲနဲ့ ဆဲလ်အသစ်တွေ အများကြီး ပွားလာတယ်။ ဒီပွားလာတဲ့ ဆဲလ်အပိုတွေက မထိန်းနိုင်လောက်အောင် ကြီးထွားလာကြပြီးတော့့ အဖုအကျိတ်တွေ ဖြစ်လာစေပါတယ်။ ဒီအကျိတ်တွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာအပေါ် မူတည်ပြီးတော့ ပြဿနာအမျိုးမျိုး ပေးနိုင်တယ်။

          အကျိတ် အားလုံးကတော့ ကင်ဆာမဖြစ်ပါဘူး။ သာမန်အကျိတ်တွေက ကင်ဆာမဟုတ်သလို ဘေးက တစ်သျှူးတွေကိုလည်း မပျံ့ပါဘူး။ တစ်ခါတလေတော့လည်း ဒီအလုံးတွေက ကြီးလာပြီးတော့ အနီးအနားမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဖိမိတတ်ပါတယ်။ ကင်ဆာအကျိတ်တွေကတော့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။

          တချို့ကင်ဆာဆဲလ်တွေကဆိုရင် ပြန်ရည်ကြောတွေနဲ့ သွေးစီးကြောင်းတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီးတော့ ခန္ဓာကိုယ်ပေါ်က ဝေးတဲ့အစိတ်အပိုင်းတွေဆီကို ပျံ့သွားပါတယ်။ ဒါကို ကင်ဆာဆဲလ်တွေ ပြန့်ပွားတယ်လို့ခေါ်ပြီးတော့ ပျံ့နေပြီဆိုရင် အဆင့်မြင့်နေပြီဖြစ်တဲ့အတွက် ကုဖို့ခက်သွားပြီးတော့ အသက်ဆုံးရှုံးဖို့ ပိုပြီးနီးစပ်ပါတယ်။

 

>>    ကင်ဆာအမျိုးအစားများ

          ကင်ဆာတွေကို သူတို့စပြီး အမြစ်တွယ်တဲ့နေရာနဲ့ ဆဲလ်အမျိုးအစားအပေါ် မူတည်ပြီးတော့ အမျိုးအစားတွေ ခွဲထားပါတယ်။ ဥပမာ - အဆုတ်မှာ စဖြစ်ပြီးတော့ အသည်းဆီကို ပျံ့သွားတယ်ဆိုရင် အဆုတ်ကင်ဆာလို့ ခေါ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်တွေလည်း အများကြီး ရှိပါသေးတယ်။

 

>>    ကင်ဆာဖြစ်နိုင်ခြေများသော အချက်များနှင့် ကုထုံးများ

          မျိုးရိုးဗီဇမှာဖြစ်တဲ့ ပြောင်းလဲမှုတွေက မွေးရာပါဖြစ်ပြီးတော့ မွေးပြီးမှဆိုရင် ပတ်ဝန်းကျင်ဖိအားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီအချက်တွေကတော့ -

●        ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း

●        ဓာတ်ရောင်ခြည် ထိတွေ့ခြင်း

●        နေနှင့် အကာကွယ်မရှိ တိုက်ရိုက်ထိတွေ့ခြင်း

●        အချို့သော ဗိုင်းရပ်စ်ပိုးများ

●        ဆေးလိပ်သောက်ခြင်း

●        အစားအသောက်ပုံစံ၊ လှုပ်ရှားမှုစသော နေထိုင်မှုပုံစံ အပြောင်းအလဲများ

          အသက်ကြီးလာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့ရောဂါတွေ အရင်ကတည်းက ရှိနေတယ်ဆိုရင်လည်း ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။ ဒီတော့ ကင်ဆာဖြစ်စေနိုင်တဲ့အချက်တွေကို သိထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေတတ်နိုင်သမျှ လုပ်ပြီးတော့ ဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ပါတယ်။

 

>>    ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကင်ဆာကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ၇ ချက်မှာ -

1.       ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ရှောင်ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်းမှလည်း ရှောင်ကြဉ်ပါ။

2.       ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသုံးပါ။

          ●        သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့အသားတွေကို လျှော့စားပါ။

          ●        အပင်ကရတဲ့ အစားအစာတွေ၊ အဆီမပါတဲ့ အသားတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို စားသုံးပါ။

          ●        အရက် မသောက်ပါနဲ့။ သောက်ရင်လည်း အတော်အသင့်ပဲ သောက်ပါ။ အမျိုးသမီးတွေနဲ့ အသက် ၆၅ နှစ်အထက် အမျိုးသားတွေမှာဆိုရင် တစ်ရက် အရက်တစ်ခွက်၊ အသက် ၆၅ နှစ်နှင့်အောက် အမျိုးအသားများတွင် အရက်တစ်နေ့ကို နှစ်ခွက်အထိ သောက်သုံးခြင်းကို အတန်အသင့်လို့ သတ်မှတ်ပါတယ်။

3.       ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပြီးတော့ တစ်နေ့ကို အနည်းဆုံး မိနစ်သုံးဆယ်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။

4.       နေရောင်ခြည် ထိတွေ့မှုကို ကာကွယ်ပါ။

          ●        နေပူထဲ ထွက်တဲ့အခါ လက်ရှည်အကျႌဝတ်ပါ၊ နေကာမျက်မှန်တပ်၊ ဦးထုပ်ဆောင်းပါ။ နေကာခရင်မ်ကို မကြာခဏ လိမ်းပေးပါ။

          ●        နေ အပြင်းဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီနှင့် ညနေ ၄ နာရီကြား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။

          ●        အပြင်ထွက်တဲ့အခါမှာလည်း တတ်နိုင်သမျှ အရိပ်ထဲမှာ နေပါ။

          ●        နေရောင်ခံခြင်းကလည်း အရေပြားကို ပျက်စီးစေပါတယ်။

5.       ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေဖြစ်တဲ့ အသည်းရောင် အသားဝါ B ပိုးနဲ့ HPV ပိုး ကာကွယ်ဆေး ထိုးထားပါ။

6.       အန္တရာယ်များတဲ့ အပြုအမူတွေကို ရှောင်ပါ။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ဆောင်ပါ၊ ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။ တက်တူးထိုးရင််လည်း လိုင်စင်ရှိပြီးသားသူဆီမှာ ထိုးပါ။

7.       ကင်ဆာရောဂါ အမျိုးမျိုးကို ပုံမှန်စစ်ဆေးမှု ခံယူပါ။

 

>>    ကုထုံးများ

          ကင်ဆာကုထုံးတွေမှာတော့ ကင်ဆာအမျိုးအစားနဲ့ ရောဂါအဆင့်ပေါ် မူတည်ပြီးတော့ အမျိုးမျိုး ရှိပါတယ်။

●        လုံးဝပျောက်ကင်းအောင်ကုသခြင်း - ကင်ဆာအားလုံးအတွက် မဖြစ်နိုင်ပါဘူး။

●        အခြေခံကုထုံးပေးခြင်း - ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်များကို သတ်ခြင်း

●        ထပ်ဆောင်းကုထုံး - ပထမကုထုံးပြီးလို့ ကျန်ခဲ့တဲ့ကင်ဆာဆဲလ်တွေကို သတ်ခြင်းကလည်း ကင်ဆာ ထပ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

●        လက္ခဏာများကို သက်သာအောင် ကုသခြင်း - ကင်ဆာကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဖြစ်တဲ့ အသက်ရှူပြဿနာတွေနဲ့ နာကျင်မှုတွေကို သက်သာအောင် ကုသပေးတာပါ။

 

>>    အသုံးအများဆုံး ကုထုံးတွေကတော့ -

●        ခွဲစိတ်ကုသခြင်း - ကင်ဆာကို တတ်နိုင်သမျှ ခွဲစိ်တ်ဖယ်ရှားပါတယ်။

●        ကင်ဆာဆေးသွင်း ကုသခြင်း - မြန်မြန်ကြီးပွားလာတဲ့ ကင်ဆာဆဲလ်တွေကို အဆိပ်ဖြစ်စေတဲ့ ဆေးတွေကို သွေးကြောကနေ တစ်ဆင့်သွင်းပြီး ကုသနိုင်ပါတယ်။

●        ဓာတ်ကင်ခြင်း - အပြင်ကနေ ဓာတ်ရောင်ခြည်ပေးပြီးတော့ ကင်ဆာဆဲလ်တွေကို သတ်ပါတယ်။

●        ရိုးတွင်းခြင်ဆီ အစားထိုးခြင်း - ရောဂါဖြစ်နေတဲ့ ရိုးတွင်းခြင်ဆီတွေနေရာမှာ ကျန်းမာတဲ့ဆဲလ်တွေနဲ့ အစားထိုးတာပါ။

●        ဇီဝကုထုံးများ - ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို မှတ်မိသွားပြီးတော့ တိုက်ထုတ်နိုင်ဖို့အတွက် ပိုးသတ်ဆေးတွေကို သုံးတာပါ။

●        ဟော်မုန်းကုထုံး - တချို့ကင်ဆာတွေအတွက် လောင်စာအဖြစ် ဆောင်ရွက်နေတဲ့ ဟော်မုန်းတွေကို ဖယ်ပစ်ပါတယ်။

 

>>    လက္ခဏာကို သက်သာစေသော ကုထုံးများ

          ကင်ဆာရောဂါရဲ့လက္ခဏာတွေနဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့ခြင်း၊ မောပန်းခြင်း၊ နာခြင်းတွေကို ကုဖို့ သုံးပါတယ််။

●        အပ်စိုက်ကုသခြင်း

●        နှိပ်နယ်ပေးခြင်း

●        ယောဂကျင့်ခြင်း

●        တရားထိုင်ခြင်း

●        အခြားစိတ်ပြေလျော့စေသော နည်းလမ်းများ

          ရှိပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmr.com)