ကလေးမွေးခါနီးလက္ခဏာများ
ကိုယ်ဝန်ဆောင်မိခင်တွေအဖို့ ကလေးမွေးဖွားမယ့်အချိန်ကို မခန့်မှန်းနိုင်တာက စိတ်လှုပ်ရှားဖွယ်တစ်ခု ဖြစ်ပါတယ်။ တကယ်မွေးတော့မှာမို့လို့ ဗိုက်နာတာလား၊ ရိုးရိုးဗိုက်နာတာလား၊ ရေမွှာကပေါက်မှာလား၊ ဘယ်အချိန်ပေါက်မှာလဲ စသည်ဖြင့် ပူပန်မှုတွေရှိနေပါတယ်။
ဒီတော့ မိခင်တွေအနေနဲ့ မွေးခါနီးလက္ခဏာတွေကို သေချာသိထားမယ်ဆိုရင် စိတ်အေးအေးနဲ့ြ ကိုတင်ပြင်ဆင်နိုင်မှာပါ။
>> ဘယ်အချိန်မှာ မီးဖွားမှာလဲ?
ကလေးမွေးရက်ကို ခန့်မှန်းသိရှိထားမှာပါပဲ။ ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမွေးရင် လမစေ့ဘူး (သို့) ကလေးစောမွေးတယ်လို့ခေါ်ပြီး၊ ကိုယ်ဝန် ၃၇ ပတ်နဲ့ ၄၀ ပတ်ကြားမွေးရင်တော့ လစေ့ပါတယ်။ ကိုယ်ဝန် ၄၀ ပတ်ကျော်မှမွေးတာကိုတော့ မွေးရက်လွန်တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် အနည်းငယ်မျှကပဲ ခန့်မှန်းပေးထားတဲ့ မွေးရက်အတိအကျမှာ မွေးပါတယ်။ ကိုယ်ဝန် ၄၁ ပတ်ကျော်တဲ့အထိ မမွေးသေးဘူးဆိုရင်တော့ ဆရာဝန်က ဆေးသွင်းပြီး ဗိုက်နာအောင် လုပ်ပေးပါလိမ့်မယ်။
>> ကလေးမွေးခါနီး ဗိုက်နာသော လက္ခဏာများ
ကလေးမွေးခါနီးအချိန်မှာ သိသာတဲ့လက္ခဏာတွေ အများကြီးပြပြီးမှ မွေးချိန်ကို ရောက်လာပါတယ်။ ဒီတော့ မီးဖွားချိန်အတွက် ကြိုတင်ပြင်ဆင်နိုင်စေဖို့ လက္ခဏာတွေကို ဖော်ပြပေးလိုပါတယ်။
1. ကလေးခေါင်း အောက်စိုက်လာခြင်း
မွေးဖွားခါနီးရက် နီးလာတာနဲ့အမျှ ကလေးက မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ အောက်ကိုပိုပိုစိုက်ပြီး နေရာယူလာကာ မိခင်ကို ပိုပြီးပေါ့ပါးလာစေပါတယ်။ မိခင်ရဲ့ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေအပေါ်က ဖိအားတွေ လျော့သွားပြီး အသက်ရှူရ ပိုလွယ်စေကာ အစာလည်း အပြည့်အဝ စားလို့ရသွားတဲ့အထိ ဖြစ်လာပါတယ်။
ဒါပေမဲ့လည်း ဒါက မီးဖွားချိန်နီးပြီလို့တော့လည်း မဆိုလိုပါဘူး။ မီးဖွားဖို့ ရက်သတ္တပတ် အနည်းငယ် လိုပါသေးတယ်။ ဒါ့အပြင် သားဦးကိုယ်ဝန်လွယ်ထားရတဲ့မိခင်တွေမှာ ကလေးမွေးဖူးပြီးသား မိခင်တွေထက် ဒီခံစားချက်က ပိုပြီးစောစောကြုံရတတ်ပါတယ်။
2. သားအိမ်ကြုံခြင်းကြောင့် ဗိုက်နာတာတွေ ပိုပြီးပြင်းထန်လာတယ်။
မီးဖွားတော့မယ့် အဓိကလက္ခဏာတွေထဲက တစ်ခုကတော့ သားအိမ်ကျုံ့ခြင်းပဲ ဖြစ်ပါတယ်။ သားအိမ်ကျုံ့လို့ ဗိုက်နာတာက မွေးဖွားကာနီးလေ ပိုပြီးနာချိန်ရှည်ပြီး ပြင်းထန်လာလေပဲ ဖြစ်ပါတယ်။
>> မီးဖွားခါနီးအချိန်တွင် သားအိမ်ခေါင် အပြောင်းအလဲများ
သားအိမ်ခေါင်းဆိုတာကတော့ ကလေးမွေးပြီး ထွက်လာရမယ့်အပေါက်ဝ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် တစ်လျှောက်လုံးမှာ သားအိမ်ခေါင်းအဝက ထူ၊ ပိတ် (မကျယ်) ပြီး နောက်ဘက်ကို ယိုင်နေကာ ကလေးကို ကာကွယ်ပေးဖို့အတွက် အချွဲအလွှာ ရှိနေပါတယ်။ မွေးခါနီးပြီဆိုရင် သားအိမ်ခေါင်းမှာ အောက်ပါအပြောင်းအလဲတွေ ဖြစ်လာပါတယ်။
သားအိမ်ခေါင်းအဝ ပါးလာပြီး ကျယ်လာကာ မွေးဖွားဖို့အတွက် အဆင်သင့် ဖြစ်နေပါတယ်။ မွေးခါနီးပြီဆိုရင် သားအိမ်ခေါင်းအဝက တဖြည်းဖြည်းနဲ့ အများဆုံး 10cm အထိ ကျယ်လာပါတယ်။ သားအိမ်ခေါင်းအကျယ်ကိုတော့ ဆေးပညာရှင်တွေပဲ ပြောနိုင်ပါတယ်။
3. သွေးဆင်းခြင်း
သားအိမ်ခေါင်း အပြောင်းအလဲတွေနဲ့အတူ အချွဲလွှာကြွေကျလာပါတယ်။ အလုံးလိုက်ကြွေကျနိုင်သလို ရက်အနည်းငယ်ကြာအောင် အရည်တွေ ဆင်းနိုင်ပါတယ်။ ဆင်းတဲ့အရည်က အညိုရောင် (သို့) ပန်းရောင် (သို့) အနီရောင်သွေးတွေဖြစ်တဲ့အတွက် သွေးဆင်းတယ်လို့ ခေါ်ပါတယ်။ ဒါက မွေးခါနီးပြီဆိုတာကို ပြပါတယ်။ ကိုယ်ဝန် ၃၂ပတ်နဲ့ ၃၄ ပတ်ကြားမှာ သွေးဆင်းရင် ကလေး စောမွေးတာဖြစ်နိုင်တဲ့အတွက် ဆေးရုံ အမြန်သွားဖို့ လိုပါတယ်။
4. ရေမွှာပေါက်ခြင်း
သူ့အလိုလို ရေမွှာအိတ်ပေါက်ပြီး ရေတွေဆင်းလာခြင်းက မီးဖွားတော့မယ်ဆိုတာကိုပြတဲ့ ခိုင်မာတဲ့လက္ခဏာပါပဲ။ ရေမွှာပေါက်ပြီဆိုရင် ဆေးရုံသွားဖို့ လိုပါပြီ၊ ရေမွှာရေကို ကြည့်ရပါမယ်။ ရေမွှာရေက အစိမ်းရောင်ဖြစ်နေရင် ကလေးငယ်ချီးတွေ ပါချလိုက်တဲ့လက္ခဏာဖြစ်ပြီး စိုးရိမ်ရပါတယ်။
ကိုယ်ဝန်ဆောင် ၁၀% လောက်ကပဲ မမွေးခင်မှာ ရေမွှာပေါက်တဲ့လက္ခဏာပြပြီး ကျန်တဲ့သူတွေက မွေးတဲ့အချိန်မှသာ ရေမွှာပေါက်ပါတယ်။ တစ်ခါတလေမှာ ရေမွှာလုံးဝမပေါက်ဘဲ ကလေးက ရေမွှာအိတ်ထဲမှာ မွေးလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
5. ကလေးအတွက် အသိုက်အမြုံ အသင့်ပြင်ဆင်ထားခြင်း
မိခင်တွေရဲ့ သဘာဝအလိုအလျောက်စိတ်အရ ကလေးအတွက် အကောင်းဆုံးနေရာလေး ဖန်တီးထားချင်လာပါတယ်။ အသက်ရှူကြပ်ပြီး အားနည်းနေတဲ့ရက်တွေကြားထဲမှာမှ ရုတ်တရက် အားအင်တွေ ပြည့်ဝလာပြီး အိမ်လေးမှာ ကလေးအတွက် သေချာပြင်ဆင်ထားပေးချင်စိတ်တွေ ကြွလာပါတယ်။ ဒီလိုမျိုးကလေးအတွက် အသိုက်အမြုံလေး ပြင်ဆင်ထားချင်စိတ်က အခြားနို့တိုက်သတ္တဝါတွေမှာသာမက လူသားတွေမှာပါ တွေ့ရတယ်ဆိုတာကို သိပ္ပံနည်းကျသက်သေပြချက်တွေ ရှိပါတယ်။ ဒီလိုမျိုး စိတ်အရမ်းကြွလာပေမယ့်လည်း အရမ်းတော့ အလျင်မလိုပါနဲ့။ မွေးခါနီးဖြစ်နေပြီဖြစ်တဲ့အတွက် နားနားနေနေနေပါ။
6. ဝမ်းပျက်ဝမ်းလျှောခြင်း
မွေးခါနီးပထမအဆင့်မှာဆိုရင် ခန္ဓာကိုယ်က prostaglandins ဟော်မုန်းတွေ ထွက်လာပြီးတော့ သားအိမ်ခေါင်းကို ပျော့စေကာ သားအိမ်ကို ကျုံ့စေပါတယ်။ ဒီဟော်မုန်းက ကလေးအတွက် လမ်းကြောင်းရှင်းစေဖို့အတွက် အစာဟောင်းအိမ်ကို အမြဲရှင်းနေစေဖို့ိအတွက် အူလှုပ်ရှားမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဒါက ဝမ်းဗိုက်ကို သန့်ရှင်းပေးပြီး မွေးဖွားတဲ့အခါမှာ မသက်မသာဖြစ်တာတွေကို မဖြစ်စေတဲ့အတွက် ကောင်းတဲ့လက္ခဏာပါ။
7. ခါးကိုက်ခြင်း
ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ခါးကိုက်၊ ခါးနာခြင်းကို ခံစားနေရနိုင်ပေမယ့် ပိုဆိုးလာပြီဆိုရင် ဒါက မွေးခါနီးပြီလို့ အချက်ပြတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးက အောက်ကိုဆင်းလာချိန်မှာ အမေရဲ့အရိုးကို မျက်နှာမူလာပါတယ်။ တချို့မှာတော့ ကလေးရဲ့ဦးခေါင်းက အမေရဲ့အရိုးကွင်းကို သွားထိပြီး ခါး ပြင်းပြင်းထန်ထန် ကိုက်စေတတ်ပါတယ်။
8. ကိုယ်အလေးချိန် တက်ခြင်း (သို့) ကျခြင်း
မွေးခါနီးလာပြီဆိုရင် ကိုယ်အလေးချိန် မတက်တော့ပါဘူး။ တချို့ကိုယ်ဝန်ဆောင်တွေဆိုရင် ကိုယ်အလေးချိန်တောင် ကျသွားတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ဖြစ်ပြီး ကလေးအပေါ် ဘာသက်ရောက်မှုမှမရှိပါဘူး။ ရေမွှာရေ နည်းသွားခြင်း၊ ဝမ်းသွားကြိမ်များလာခြင်းနဲ့ ဂဏှာမငြိမ်ခြင်းတွေကြောင့် ကိုယ်အလေးချိန်က ကျသွားတယ်ဆိုပေမယ့် ကလေးရဲ့အလေးချိန်ကတော့ တက်လာပါတယ်။
>> ဘယ်အချိန်မှာ ဆေးခန်းသွားဖို့ လိုပြီလဲ?
သားအိမ်ကျုံ့ပြီး ဗိုက်နာလာပြီဆိုရင် ဘာလုပ်ရမယ်ဆိုတာကို ဆရာဝန်က ညွှန်ကြားထားပါလိမ့်မယ်။ သားအိမ်ကျုံ့တာ ဆက်တိုက်ဖြစ်နေပြီး မွေးခါနီးပြီလို့ထင်ရင်တော့ ဆေးရုံကို သွားပါတော့။
>> အောက်ပါအချက်တွေ ခံစားရရင်လည်း ဆေးရုံကို ချက်ချင်းသွားပါ။
• အညိုရောင် (သို့) ပန်းရောင်မဟုတ်ဘဲ သွေးရဲရဲများ ဆင်းခြင်း
• ရေဆင်းခြင်း အထူးသဖြင့် အစိမ်းရောင်(သို့) အညိုရောင်အရည်များ ဆင်းလျှင်၊ အနံ့နံလျှင်
• ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ ဝမ်းဗိုက်အပေါ်ဘက်အောင့်ခြင်း၊ (သို့) ရုတ်တရက် ဖောရောင်လာခြင်း (သွေးတိုးခြင်း (သို့) ကိုယ်ဝန်ဆိပ်တက်ခြင်း၏ လက္ခဏာများ)
• ကလေးအလှုပ်နည်းခြင်း
• ခါးနာခြင်း
• ကိုယ်ဝန်ဆောင် ၃၇ ပတ်မတိုင်မီ သားအိမ်ကျုံ့ပြီး ဗိုက်နာခြင်း (သို့) လမစေ့ဘဲ မွေးဖွားနိုင်သော အခြားလက္ခဏာများ)
>> မွေးခါးနီးရင် ဘာလုပ်ရမလဲ?
မီးတွင်းမှာ ရောက်နေပြီဆိုရင် စိတ်ကိုတည်ငြိမ်အောင်ထားပြီး စူးစိုက်ထားပါ။ မွေးခါနီးလာပြီဆိုရင် မိသားစုဝင်တစ်ယောက်ယောက် (သို့) ကိုယ့်ရဲ့ခင်ပွန်းကို အနားမှာ နေခိုင်းပါ။ ပြီးရင်တော့ -
• လှဲပြီး စိတ်လျှော့ထားပါ။ တိတ်ဆိတ်တဲ့နေရာမှာ လှဲနေပြီး အသက်ကို ပုံမှန်အတိုင်းရှူပါ။
• ရေဓာတ် ပြည့်ဝနေပါစေ။ ရေ (သို့) ဖျော်ရည် လုံလောက်စွာ သောက်သုံးပေးခြင်းဖြင့် ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကြွက်တက်ခြင်းနဲ့ မွေးဖွားတဲ့လက္ခဏာတွေကို သက်သာာစေပါတယ်။
• အနားယူပြီး စောင့်ဆိုင်းပါ။ ကိုယ့်ရဲ့လက္ခဏာတွေကို ခင်ပွန်း (သို့) မိသားစုတစ်ယောက်ယောက်ကို စောင့်ကြည့်နေပါစေ။ နာတာ ပိုဆိုးလာတယ် (သို့) တစ်နာရီအတွင်း နာတာမပျောက်သွားဘူးဆိုရင် ဆေးရုံချက်ချင်းသွားပါ။
>> ဗိုက်မနာဘဲ ရေမွှာပေါက်ရင် ဘာဖြစ်မလဲ?
ရေမွှာက ပေါက်သွားပြီး ဗိုက်မနာသေးဘူးဆိုရင် ဆရာဝန်က ဗိုက်နာအောင် ဆေးသွင်းပေးပါလိမ့်မယ်။ ဒါက ကလေးကို ကာကွယ်ပေးတဲ့ ရေမွှာအိတ် မရှိတော့ချိန်မှာ ကလေးကို ရောဂါပိုးတွေ မဝင်နိုင်အောင် ကာကွယ်ပေးဖို့အတွက် ဖြစ်ပါတယ်။ ရေမွှာပေါက်သွားတဲ့အခါမှာ မိခင်ကော ကလေးကောမှာ ဘက်တီးရီးယားပိုး ဝင်နိုင်ချေ များပါတယ်။ ဒီတော့ မိခင်ကော ကလေးကောအတွက် လိုအပ်တဲ့ပစ္စည်း (မွေးအိတ်) ကို ပြင်ပြီးစောင့်နေပါ။ စိတ်ပူပြီး မအိပ်နိုင်ဖြစ်နေမယ့်အစား မိခင်ဖြစ်တော့မယ်ဆိုတာကို တွေးပြီး အာရုံစူးစိုက်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















