/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကားတိုက်မှုဖြစ်မှ-ဦးနှောက်အကျိတ်-ရှိနေကြောင်း-သိလိုက်ရတဲ့

ကားတိုက်မှုဖြစ်မှ ဦးနှောက်အကျိတ် ရှိနေကြောင်း သိလိုက်ရတဲ့ မိန်းမပျိုလေးရဲ့အဖြစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် ၂၄ နှစ်အရွယ် အေမီဟာ သူ့ရည်းစား ဂီရာနီနဲ့အတူ ညနက်နက်မှာ ကားမောင်းပြီး အိမ်ကို ပြန်လာကြပါတယ်။

          ရုတ်တရက် လမ်းမှာ ကားမတော်တဆဖြစ်ပြီး အေမီလေးတစ်ယောက် သတိလစ်သွားပါတယ်။ သတိလစ်သွားတဲ့အေမီ့ကို ဆေးရုံ ချက်ချင်းတင်လိုက်ပြီး ဦးနှောက်ကွန်ပျူတာဓာတ်မှန်် ရိုက်ပါတယ်။

          အံသြစရာ ကံတရားပါပဲ။ သူမရဲ့ဦးနှောက်ထဲမှာ တစ်ခုခုရှိနေကြောင်း တွေ့လိုက်ရပြီး နောက်ထပ် MRI (သံလိုက်ဓာတ်မှန်) ထပ်ရိုက်တဲ့အခါ  ဦးနှောက်အကျိတ်တစ်မျိုး ဖြစ်နေတာကို သိလိုက်ရပါတယ်။ ကင်ဆာလို့တော့ မဆိုနိုင်တဲ့ အကျိတ်အခဲတစ်မျိုး ဖြစ်ပါတယ်။ စောစောတွေ့ရှိခြင်းအားဖြင့် အန္တရာယ်ကင်းကင်းနဲ့ အလွယ်တကူ ခွဲထုတ်နိုင်ပါတယ်တဲ့။

          တကယ်လို့ ဒီအကျိတ်ကို စောစောမသိခဲ့ရင် ဘာဖြစ်မလဲ။ အကျိတ် ကြီးထွားလာမယ်။ ဘေးက ဦးနှောက်အသားတွေကို ဖိမယ်။ ဦးနှောက်တွင်း အရည်စီးဆင်းမှုကို ပိတ်ဆို့စေပြီး ဦးနှောက်မှာ အရည်တွေစုပြီး သိသိသာသာ ရောင်လာ၊ ကြီးလာပါမယ်။ ခေါင်းကိုက်မယ်။ ဂဏှာမငြိမ် ဖြစ်မယ်။ ပျို့မယ်၊ အန်မယ်။ ကုသရ သိပ်ခက်ခဲသွားပါတယ်။

          အေမီက သူမမှာ မကြာခဏ တက်တတ်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာတွေကို နှစ်ရှည်လများ ခံစားခဲ့ရတယ်တဲ့။ ဒါပေမဲ့ အကျိတ်တည်နေမှန်း မသိခဲ့ပါဘူး။

          ဦးနှောက်ခွဲစိတ်ဆရာဝန်များက သူမ အကျိတ်ကို ခွဲထုတ်ရာမှာ စကားပြောတာ၊ အမြင်အာရုံ၊ အကြားအာရုံ ရေရှည်မှတ်ဉာဏ် ထိန်းချုပ်တဲ့အပိုင်းတွေ ထိခိုက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

          အေမီဟာ အဲဒါကို သိသိချင်း အထိတ်တလန့် ဖြစ်သွားခဲ့ပေမယ့် သူမဟာ ဦးနှောက်အကျိတ်ကလာတဲ့ ဘာဆိုးကျိုးမှ ဝင်မလာသေးခင် စောစောတွေ့ခဲ့တာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေရှာပါတယ်။ ကားအက်စီးဒင့်ဟာ လူတော်တော်များများအတွက် ကံဆိုးမှုလို့ ဆိုနိုင်ပေမယ့် အေမီ့အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ပြောရမလိုပါပဲ။

          လူမှုကူညီရေး လုပ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အေမီဟာ တက္ကသိုလ် ဆရာ၊ ဆရာမများရဲ့ အကူအညီနဲ့ ဘွဲ့ရဖို့ အရင်စီစဉ်လိုက်ပါပြီ။ ခွဲပြီးနောက် မှတ်ဉာဏ်ပြဿနာတွေကြောင့် သူမရဲ့ပညာရေး ဆက်လုပ်ဖို့ ခဲယဉ်းသွားမှာ မလိုလားတဲ့အတွက် ဖြစ်ပါတယ်။

          ကား မတော်တဆ ဖြစ်ပွားတာကို ကြုံခဲ့ရတဲ့ အေမီဟာ အဲဒါကို ကံဆိုးမှုလို့ မမြင်နိုင်တော့ဘဲ သူမရဲ့ဦးနှောက်အကျိတ်ကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်ဖို့ အမြန်စီစဉ်နိုင်ခဲ့တဲ့ ကံတရားကို သိပ်ကို ကျေးဇူးတင်နေရပါပြီ။ ကြောက်စရာ ဦးနှောက်အကျိတ်ကို နောက်ကျမှတွေ့ရင် အေမီတစ်ယောက် သက်ဆိုး ရှည်နိုင်ပါ့မလား။

          တချို့တချို့သော ကံကောင်းခြင်းတွေဟာ တစ်ခါတစ်ရံမှာ ကံဆိုးမှုအသွင်နဲ့ ရှားရှားပါးပါး လာတတ်ပါတယ်ဆိုတာ အေမီက သက်သေပြသွားခဲ့ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)