ကားမူးခြင်းေ၀ဒနာကို သက်သာစေနိုင်သော နည်းလမ်းများ
ကားမူးခြင်းကို လူကြီးလူငယ်မရွေးခံစားရလေ့ရှိတတ်ပြီး များသောအားဖြင့် ကားမူးတတ်တဲ့သူတွေမှာ အဖြစ်များလေ့ရှိပါတယ်။ သွေးဖိအားကျသွားခြင်း၊ သွေးဖိအားမြင့်တက်လာခြင်းကြောင့် မူးေ၀နိုင်သလို နားတွင်း ပြွန်ကောက် (inner ear)နဲ့ မျက်စိကြား ကွဲလွဲမှုတစ်ခုဖြစ်ခြင်းကြောင့်လည်း မူးေ၀ခြင်းကို ခံစားရနိုင်ပါတယ်။ အဖြစ်များလေ့ရှိတဲ့ ဘတ်စ်ကား၊ ကား၊ သငေ်္ဘာစီးတဲ့အခါ မူးေ၀ခြင်းနဲ့အတူ ပျို့ချင်အန်ချင် ခံစားရခြင်းဟာ ဦး နှောက်ဆီကို ခန္ဓာကိုယ်ရွေ့လျားနေကြောင်း နားတွင်းပြွန်ကောက်မှ အသိပေးလိုက်ပါတယ်။ ဒါပေမယ့် မျက်လုံး က ခန္ဓာကိုယ်လှုပ်ရှားမှုမရှိကြောင်း အတည်ပြုလိုက်ချိန်မှာ ဦးနှောက်မှ လက်ခံရရှိမှုနဲ့ အမြင်အာရုံမှ သိမြင်မှုဟာ ဆန့်ကျင်ဘက်ဖြစ်သွာခြင်းကြောင့် ကားမူးရခြင်းဖြစ်ပါသည်။ ဒီလို ကားမူးခြင်းကို ပျောက်ကင်းသွားအောင် ကုသ လို့မရနိုင်ပေမယ့် ကားမူးခြင်းဒဏ်ကို သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါကြောင့် ကားမူးတတ် သူတွေ မဖြစ်မနေသိထားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1) သဘာ၀ရှုခင်းကို လှမ်းမျှော်ကြည့်ပါ
ကားပြတင်းပေါင်မှတဆင့် ရှုခင်းကို အာရုံစိုက်ထားခြင်းကြောင့် ကားမူးခြင်းကို ဖြစ်စေနိုင်တဲ့အဓိက အကြောင်းအရာဖြစ်တဲ့ ဦးနှောက်နဲ့ နားအကြားကွဲလွဲမှုကို ညီမျှစေနိုင်တဲ့အတွက် ကားမူနိုင်ချေမှလျော့ပါးစေနိုင် ပါတယ်။ မိုးကောင်းကင်ကို အာရုံစိုက်ကြည့်ပါ။ ခေါင်းကို ဘယ်ညာလှည့်ခြင်း မပြုသင့်ပါ။
2) ကားရှေ့ခန်းတွင်ထိုင်ပါ
ကားမူးတတ်တယ်ဟုဆိုကာ ကားမောင်းဖို့ကို မငြင်းဆန်သင့်ပါဘူး။ ယာဉ်မောင်းတစ်ဦးဟာ မိမိသွားမယ့် လမ်းကိုသာ အာရုံစိုက်ထားရခြင်းကြောင့် ကားမူးခြင်းဖြစ်ခဲပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကားမောင်းဖို့ အလေး ပေး စဉ်းစားသင့်ပါတယ်။ အများပြည်သူသုံးကားဖြင့် နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ လည်း အပြင်ဘက်က ရှုခင်းကို ကြည့်ရှုနိုင်ဖို့ ပြတင်းပေါက်ရှိတဲ့နေရာကို ရွေးချယ်သင့်ပြီး မြေပြင်လမ်းကြမ်းခြင်း ကြောင့်ကားမူးခြင်းမှ သက်သာစေရန်အတွက် ကားရှေ့ခေါင်းခန်းမှာ လိုက်ပါစီးနင်းသင့်ပါတယ်။ တကယ်လို့ သင့် အနေနဲ့ ကားမမောင်းတတ်သူတစ်ယောက် ဒါမှမဟုတ် ကားမောင်းဖို့ ဆန္ဒပြင်းပြခြင်းမရှိသူတစ်ယောက်ဖြစ်မယ်ဆို ရင်တောင် ကားစီးချိန်တိုင်းမှာ မိမိကိုယ်တိုင်ကားမောင်းနေတယ်လို့ မှတ်ယူထားပါက ကားမူးခြင်းကြောင့် ပျို့အန် ဖြစ်ခြင်းမှကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
3) မျက်လုံးမှိတ်ထားပါ
ကားစီးနေချိန် မျက်လုံးမှိတ်ထားခြင်းဟာ အမြင်အာရုံရှေ့ရှိ လှုပ်ရှားမှုများကို မမြင်ရနိုင်ခြင်းကြောင့် ကားမူးခြင်းကို အစပျိုးစေခြင်းမှ ကင်းေ၀းစေပါတယ်။
4) ကားပြတင်းပေါက်ဖွင့်ထားပါ
လေကောင်းလေသန့်ရှူရှိုက်ဖို့၊ မွန်းကျပ်မှုတွေပြေပျောက်ပြီး ကားမူးခြင်းဒဏ်မှကာကွယ်ဖို့အတွက် ကား ပြတင်းပေါက်ဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ တိုးေ၀့ှ၀င်ရောက်လာတဲ့ ပြင်ပလေ အညစ်အညမ်း တွေကြောင့် မိမိခံစားနေရတဲ့ မူးေ၀ခြင်းေ၀ဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မိမိသွားတဲ့ ခရီးလမ်းတစ် လျှောက်လေမသန့်စင်တဲ့နေရာ တစ်၀ိုက်သို့ရောက်ပါက လက်ကိုင်ပုဝါ ပါးလေးဖြင့် နှာခေါင်းကို ဖုံးကာခြင်း၊ ရှူဆေးရှူရှိုက်ခြင်း၊ သံပုရာရန့ံရှူခြင်းတို့ ပြုလုပ်သင့်ပြီး လေကောင်းလေသန့်ရနိုင်တဲ့နေရာမှာလေကို တ၀ကြီးရှူ ရှိုက်ပေးပါ။ ကားမှာသုံးတဲ့အမွှေးနံ့ကို ခံနိုင်ရည်မရှိသူတွေအနေနဲ့တော့ လာဗန်ဒါအမွှေးဆီ၊ ပူဒီနာအမွှေးဆီ ရှူရှိုက်ပေးခြင်း၊ ပြင်ပလေကို ရှူရှိုက်ပေးခြင်းဖြင့် ကားမူးခြင်းသက်သာလျော့ပါးစေနိုင်ပါတယ်။
5) ခရီးတစ်လျှောက်ခေတ္တနားပါ
ကားခေတ္တခဏရပ်ပြီး ကားပြင်သို့ထွက်ကာ အညောင်းဆန့်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ပြု လုပ်ခြင်းတို့ လုပ်ဆောင်ပေးပါ။ အထူးသဖြင့် ခရီးေ၀းသွားသူတွေအနေနဲ့ ဂရုပြုကာလုပ်ဆောင်ပေးဖို့လိုအပ်ပါ တယ်။ လမ်းခရီးတစ်လျှောက် ကားကို မကြာမကြာရပ်ပြီး အနားပေးခြင်းကြောင့် ကားမူးခြင်းကို လျော့ပါးစေနိုင် သလို ယာဉ်မောင်းသူအတွက်လည်း ခေတ္တအနားယူချိန်ရစေနိုင်ပါတယ်။
6) ပျို့အန်ခြင်းကို ကာကွယ်ပါ
ကားမူးခြင်းကြောင့် ပျို့ချင်အန်ချင်ဖြစ်ခြင်းဟာ အားယုတ်စေပြီး စိတ်မကြည်လင်ခြင်းဖြစ်စေပါတယ်။ ဆေးဆိုင်တွေမှာအလွယ်တကူ ၀ယ်ယူလို့ရနိုင်တဲ့ ပျို့အန်ခြင်းကို သက်သာစေတဲ့ ဆေးတွေမှာ ကူးမူးခြင်းကြောင့် အန်ချင်စိတ်ဖြစ်ခြင်းကို လျော့ပါးစေနိုင်တဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဒါပေမယ့် ရှေ့ရိုးကုထုံးဖြစ်အေသာ ချင်း ကို အသုံးပြုကာ အန်ချင်စိတ်ပြေပျောက်အောင် ပြုလုပ်လို့ရနိုင်တဲ့နည်းလမ်းလေးတွေနဲ့ ချင်းလိုမျိုး အန်ချင်စိတ် ပြေပျောက်အောင်စွမ်းဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြပေးလိုက်ချင်ပါတယ်။
(1) ချင်းဘီစကွတ်၊ ကွတ်ကီး (ginger biscuts)စားသုံးခြင်း၊ ချင်းသကြားလုံး (ginger candy) ကို ဝါးစားခြင်း၊ ချင်းလက်ဖက်ရည်သောက်ခြင်း၊ ချင်းန့ံသင်းထားတဲ့ ဘိလပ်ရည်ကို သောက်ပေးသင့်ပြီး ချင်းဖြင့် ဖော်စပ်ထားသော ဆေးတောင့်ကို သောက်ပေးခြင်းဖြင့် ကားမူးခြင်းကြောင့်ဖြစ်စေတဲ့ အန် ချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
(2) ပက်ပါးမင့်လက်ဖက်ရည် (peppermint tea) ကိုလည်း ရွေးချယ်သောက်သုံးနိုင်ပြီး ပက်ပါးမင် သကြားလုံး (peppermint candy) တစ်နည်းအားဖြင့် ပူရှိန်းသကြားလုံးကို အန်ချင်စိတ်ပျောက် အောင် အာခံတွင်းမှာ ငုံထားပေးနိုင်ပါတယ်။ ဒါပေမယ့် သကြားလုံးကို ဝါးမစားမိဖို့တော့ သတိပြု သင့်ပါတယ်။ တကယ်လို့ ပက်ပါးမင့်အနံ့၊ အရသာကြောင့် အန်ချင်စိတ်ကို ပိုဆိုးရွားစေပါက ရှောက် ရည်ကို အစားထိုးအသုံးပြုနိုင်ပါတယ်။
(3) လတ်လတ်ဆတ်ဆတ် ပူဒီနာ အရွက်ဖားဖားလေးနှစ်ရွက်ကို ကြိတ်ဝါးပေးခြင်းဖြင့်လည်း အန်ချင် စိတ်ကို ပြေပျောက်စေနိုင်ပါတယ်။ အလွယ်တကူ ၀ယ်ယူလို့ရနိုင်တဲ့ အန်ချင်စိတ်ပျောက်စေတဲ့ဆေး ဝါးတွေလိုမျိုး အိပ်ချင်စိတ်ကို မဖြစ်စေနိုင်တဲ့ အားသာချက်ကြောင့် ပူဒီနာရွက်ကို စိတ်ချစွာစားသုံး ပေးနိုင်ပါတယ်။
(4) ဘိလပ်ရည်၊ စပါကလင်အချိုရည်၊ အမြှုပ်တက်နေတဲ့အချိုရည်တွေကလည်း အန်ချင်စိတ်ကို လျော့ပါးစေနိုင်ပါတယ်။
(5) သီးချင်းနားထောင်ခြင်းကဲ့သို့ တစ်စုံတစ်ရာအပေါ် အာရုံပြောင်းလိုက်ခြင်းဟာလည်း အန်ချင်စိတ် မဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ပါတယ်။
7) ဆေးဝါးမှီ၀ဲပါ
Dimenhydrinate၊ Meclizine၊ Scopolamine ဆေးတွေကို ကားမူးခြင်း သက်သာစေဖို့ ၀ယ်ယူသောက် သုံးနိုင်သလို Dramamine၊ Bonine/Antivert စတဲ့ နာမည်ကြီးဆေးဝါးတွေဟာလည်း ကားမူးခြင်းကို ပြေပျောက် စေနိုင်တဲ့ဆေးဝါးများဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် ဆေးဓာတ်တုံ့ပြန်မှုဟာ ကွာခြားနိုင် တာကြောင့် ဆရာ၀န် ဒါမှမဟုတ် ဆေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။ Antihistamines ဆေးဟာ ကားမူးခြင်းကြောင့်ဖြစ်တဲ့ ပျို့ချင်အန်ချင်စိတ်ကို ပြေပျောက်စေပါတယ်။ ဆေးကျွမ်း ကျင်သူနဲ့တိုင်ပင်ပြီးမှသ သောက်ဖို့သင့်ပါတယ်။
8) မျက်လုံးကို လက်ဖြင့်ဖုံးကာထားပါ
ကားရွေ့လျားနေခြင်းကြောင့် အပြင်မှ မြင်ကွင်းတွေဟာလည်း ရွေ့လျားနေတယ်လို့ ထင်ရစေနိုင်ပါ တယ်။ လှုပ်ရှားနေတဲ့ အရာ၀တၳုတွေကို ကြည့်လေကားမူးခြင်းခံစားရနိုင်ချေများလေဖြစ်တာကြောင့် ကားစီးနေချိန် မှာမျက်လုံးကို လက်ဖြင့်ဖုံးအုပ်ထားတာ အကောင်းဆုံးပါ။ ဒါ့အပြင် တည်ငြိမ်နေတဲ့ မိုးကောင်းကင်ကို အာရုံစူးစိုက် ထားခြင်း၊ မျက်လုံးမှိတ်လျက်တစ်စုံတစ်ရာကို တွေးတောနေခြင်းကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။
ကားမူးခြင်းကို သက်သာစေနိုင်သော ထူးထူးခြားခြားအပြုအမူများ
ကားမူးတတ်သူအများစုအနေနဲ့ အထက်ပါနည်းလမ်းတွေလိုက်နာဆောင်ရွက်ခြင်းဖြင့် ကားမူးခြင်းသက်သာ စေနိုင်ပေမယ့် တချို့သောသူတွေအနေနဲ့ ထူးဆန်းတဲ့အပြုအမူတွေ လုပ်ဆောင်ပေးမှသာ ကားမူးတဲ့ေ၀ဒါနာကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ပုံမှန်နည်းလမ်းတွေနဲ့ ကားမူးခြင်းေ၀ဒနာကို သက်သာနိုင်ခြင်းမရှိသူတွေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1) သတင်းစာဖတ်လို့ မူးေ၀ခြင်းကို ခံစားရပေမယ့် သတင်းစာအနံ့ရှူခြင်းကြောင့် ေ၀ဒနာသက်သာစေနိုင်စွမ်း ရှိတတ်ပါတယ်။ ဒါကြောင့် သင်ယူဆောင်သွားတတ်တဲ့ ပစ္စည်းတွေထဲမှာ သတင်းစာတစ်စောင်တော့ ထည့်သွားသင့်ပါတယ်။
2) ရှလကာရည် ဒါမှမဟုတ် ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက် (သို့) အချဉ်အရသာရှိတဲ့ အစားအစာ တစ်မျိုးကို စားထားပါက ကားစီးနေစဉ်အတွင်း မူးနောက်ခြင်းဒဏ်မှ ကင်းေ၀းစေနိုင်ပါတယ်။
3) ရော်ဘာပတ်ကြိုးူကို လက်ကောက်၀တ်မှာ ပတ်ထားခြင်းဖြင့် ကားမူးခြင်းကြောင့် ပျို့အန်ချင်ခြင်းကို မခံစားရစေနိုင်ပါဘူး။ ဒါကြောင့် ကားမူးတတ်သူတွေပတ်တဲ့ လက်ပတ် တစ်နည်းအားဖြင့် (motion sickness wrist band) ကို ၀ယ်ယူထားသင့်ပါတယ်။
4) ပီကေဝါးပါ။ ပီကေဝါးခြင်းဖြင့် အန်ချင်စိတ်မဖြစ်ပေါ်လာအောင် ဟန့်တားပေးနိုင်ပါတယ်။
5) အငန်အရသာ နည်းနည်းကဲထားတဲ့ သရေစာမုန့်စားထားခြင်းဖြင့်လည်း ကားမူးခြင်းကို သက်သာစေနိုင် ပါတယ်။
6) ကားထိုင်ခုံနဲ့ မိမိဦးခေါင်းကို အလျဉ်မပြတ်ထိတွေ့နေခြင်းကြောင့်လည်း ကားမူးခြင်းကို သက်သာသွား စေနိုင်ပါတယ်။
7) နားကြပ်ဖြင့် ဖြစ်စေ၊ MP3 player ဖြင့်ဖြစ်စေ သီချင်းနားထောင်ပေးခြင်းဟာလည်း ကားမူးခြင်းမဖြစ် အောင်တားဆီးပေးနိုင်စွမ်းရှိပါတယ်။
ကားမူးခြင်းအတွက်အကြံပြုချက်
- ကားစီးနေစဉ်အတွင်း ကားမူးတတ်တဲ့ အကျင့်ရှိကြောင်း၊ ကားမူးခြင်းအကြောင်း မပြောမိပါစေနဲ့ ဒါမှ မဟုတ် ကားမူးခြင်းေ၀ဒနာခံစားနေရသူအား မကြည့်မိပါစေနဲ့။
- သီချင်းနားထောင်ခြင်း၊ မိတ်ဆွေ ဒါမှမဟုတ် မိသားစု၀င် တစ်ဦးတစ်ယောက်နဲ့ စကားပြောခြင်းဖြင့် အာရုံ ပြောင်းထားပါ။
- မျက်လုံးမှိတ်ထားပါ။ မျက်လုံးမှိတ်ထားလိုက်ပါက အိပ်ပျော်သွားကောင်း အိပ်ပျော်ပါလိမ့်မယ်။ တကယ် လို့ အိပ်ပျော်ခြင်းမရှိပါက သင့်အနာဂတ်အတွက် လုပ်ေ်ဆာင်သင့်သည်များ၊ ဖြစ်ချင်တဲ့ အရာများကို တွေး တောနေပါ။
- အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပါ။
- ကားမစီးမီအချိန်မှာ အစားအစာတွေ အလွန်အမင်းမစားမိပါစေနဲ့။ လမ်းခရီးမသွားမီ ချောကလက်စားခြင်း ကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ချောကလက်စားခြင်းကြောင့် ကားမူးခြင်းကိုပိုဆိုးစေနိုင်ပါတယ်။
- လှုပ်ရှားနေတဲ့ အရာ၀တၳုတွေကို မကြည့်မိပါစေနဲ့။ အမြင်အာရုံရှေ့မှာ လျင်မြန်စွာ ရွေ့လျားနေတဲ့ အရာ၀တၳုတွေဟာ ကားမူးခြင်းကို ဖြစ်စေနိုင်ပါတယ်။
- ကလေးတွေ ကားမူးခြင်းမဖြစ်စေဖို့ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ထိုင်စေကာ ကားပြတင်းပေါက်မှ တဆင့် ရွေ့လျားမှုမရှိတဲ့ မိုးကောင်းကင်ကို အာရုံစူးစိုက်ကြည့်နေစေသင့်ပါတယ်။ ကားထဲမှာ တီဗွီကြည့် ခြင်းအားခွင့်မပြုသင့်ပါဘူး။
- ကားထဲမှာ ရေသားထားသော စာများကို အချိန်ကြာကြာအာရုံစိုက်ဖတ်ရှူနေခြင်းကြောင့်လည်း ကားမူး ခြင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားမူးတတ်သူတွေအနေနဲ့ ကားပေါ်မှာ စာဖတ်ခြင်းမျိုးကို ရှောင်ကျဉ် သင့်ပါတယ်။
- ကားပြတင်းပေါက်ရှိတဲ့ နေရာမှာထိုင်ပါ။
- လိမေ္မာ်ခွံ၊ သံပုရာခွံ အန့ံကို ရှူရှိုက်ပါ။
ကားမူးခြင်းအတွက် သတိပြုရမည့် အချက်များ
- ဆာလောင်နေခြင်းကြောင့်လည်း ပျို့အန်ချင်စိတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိဘဲ ကားမစီးသင့်ပါ။
- Sodium Bicarbonate ဘူးအား ယူဆောင်သွားပါ။ တကယ်လို့ ကားထဲမှာ အန်ချမိပါက အညစ်အကြေး များကို အ၀တ်စတစ်ခု ဒါမှမဟုတ် စက္ကူပါးဖြင့် ဖယ်ရှားကာ ၎င်း sodium bicarbonate မှုန့်ကိုဖြူးပြီး အ၀တ်စတစ်စဖြင့် ပွတ်တိုက်ပေးပါက ကားကူရှင်မှ စွဲကျန်ရစ်သော အန့ံအသက်များပျောက်ကင်းစေ နိုင်ပါတယ်။
- သင်ဟာ ကားမူးတတ်သူတစ်ယောက်ဖြစ်ပြီး အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါရှိခြင်း၊ ကားမူးခြင်းသက်သာ စေရန် ပူရှိန်းသကြားလုံးစားခြင်းကြောင့် ရင်ပူခြင်းခံစားရပါက ဆရာ၀န်နဲ့ပြသသင့်ပါတယ်။
- ကားမူးခြင်းသက်သာစေတဲ့ ဆေးမှီ၀ဲမယ်ဆိုပါက ဆရာ၀န် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး မှသာ သောက်သင့်ပါတယ်။
- သင့်အနေနဲ့ ကားမူးခြင်းအတွက် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပေမယ့် သင့်ေ၀ဒနာကို သက်သာအောင် မလုပ်နိုင်ဘူးဆိုရင်တော့ emesis bags ဒါမှမဟုတ် ကြွတ်ကြွတ်အိတ်ဆောင်ထားခြင်း၊ အဖုံးပါရေခဲမုန့် ဘူးခွံကို မိမိရဲ့လက်ဆွဲအိတ်ထဲမှာ ထည့်သွားသင့်နေပါပြီ။ ရေခဲမုန့် ဘူးခွံဟာ မိမိအသုံးပြုပြီး အဖုံးဖုံးထား လို့ရတာကြောင့် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် သယ်ဆောင်ရလွယ်ကူပြီး ဆေးကြော သန့်စင်ကာ ပြန်လည်အသုံးပြုလို့ရနိုင်တာကြောင့် ကားမူးတတ်သူတွေအားလုံး မိမိသွားတဲ့နေရာတိုင်းကို ယူဆောင်သွားသင့်ပါတယ်။ ဒါ့အပြင် အန်လိုက်တဲ့အခါ အက်ဆစ်ဓာတ်ပါ၀င်မှုများတဲ့အတွက် သွားတွေ ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အန်ပြီးတာနဲ့ တစ်ပြိုင်နက် ရေများများဖြင့် ပလုတ်ကျင်းသင့်ပါတယ်။
Dr. Htet Htet Aung (Dr Myanmar)















