ကိုယ်ခန္ဓာဖောရောင်ခြင်း
အကြောင်းရင်းများစွာရှိပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ခြေထောက်၊ ခြေကျင်းဝတ်၊ မျက်နှာ၊ မျက်ခွံ၊ လက်ချောင်းများ စတဲ့ အစိတ်အပိုင်းတစ်ခုစီအပြင် တစ်ကိုယ်လုံး ဖောရောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီမလာခင်ဖြစ်တတ်ပြီး ရင်သားနာကျင်ခြင်းနဲ့ ဗိုက်ပွ၊ ဗိုက်ကယ်ခြင်းတို့ ခံစားရစေတတ်ပါတယ်။
>> ဖောရောင်ခြင်းဖြစ်စေတတ်သော အကြောင်းရင်းများ
● ဟော်မုန်းမမျှတသောရောဂါ (သိုင်းရွိုက်ဂလင်းရောဂါ)
● ဟော်မုန်းပါသောဆေးများ သုံးစွဲနေရခြင်း (သန္ဓေတားဆေး၊ အခြားဟော်မုန်းဆေးများ)
● ကိုယ်ဝန်ဆောင်စဉ်အချိန်
● နှလုံး၊ အသည်း၊ ကျောက်ကပ် ရောဂါများ
● သွေးပြန်ကြောများ ဖောင်းတင်းသည့်ရောဂါများ
● ဓာတ်မတည့်မှုများ
● အဝလွန်ခြင်း
● ပြန်ရည်ကြောစနစ် ပြဿနာများ
>> ကာကွယ်ကုသနည်းများ
● ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။
● အချိုလျှော့စားပါ။
● ဆီးဆေးများ ရေရှည်သောက်သုံးခြင်းကို ဂရုပြုပါ။
● ဟော်မုန်းဆေးများ သုံးနေရပါက လိမ်းဆေးပုံစံ ဟော်မုန်းဆေးကို ပြောင်းသုံးပါ။
● ပြန်ရည်ကြောလည်ပတ်မှုကောင်းမွန်စေရန် နှိပ်နယ်ပေးပါ။
● တရုတ်နံနံပင်၊ သခွားသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ပန်းသီးတို့ကို စားပေးပါ။
● ရေများများ သောက်ပါ။ အရည်ရွှမ်းသောအသီး၊ အချိုမပါတဲ့ကော်ဖီ၊ လက်ဖက်ရည်တို့လည်း သောက်သုံးနိုင်ပါတယ်။
● မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ငါးနဲ့ အနီရောင်အသားတို့ကို စားပေးပါ။
● နို့ထွက်ပစ္စည်း၊ ကဆီဓာတ်ပါသောအစာများ၊ ဂျုံနဲ့ သကြားတို့ကို လျှော့စားပါ။
● အပူအစပ် အရသာပါသော ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ မုန်ညင်းနက်အစေ့၊ နနွင်းတို့ကို စားပေးပါ။
● အသင့်စားနိုင်သော အစားအစာများ၊ တာရှည်ခံရန် ပြုလုပ်ထားသော အစားအစာများကို ရှောင်ပါ။
● လိုအပ်ပါက ဆီးဆေးများ သောက်သုံးရနိုင်ပါတယ်။ သို့သော်လည်း ထိုဆေးများသည် ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချိခြင်းနဲ့ အချိုကြိုက်လာခြင်းတို့ပါ ဖြစ်တတ်စေသောကြောင့် ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ အစားအသောက် ချင့်ချိန်ခြင်းတို့ကို အရင်ပြုလုပ်ကြည့်သင့်ပါတယ်။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)














