ကော်ဖီသောက်မှ လန်းမှာလား?
စာကျက်တဲ့ ကျောင်းသား၊ ကျောင်းသူအများစုဟာ အိပ်မငိုက်ဖို့ ကော်ဖီနဲ့ ကဖင်းဓာတ်ပါတဲ့ အားဖြည့်အချိုရည်တွေ သောက်လေ့ရှိကြပါတယ်။ ကော်ဖီသောက်ခြင်းဟာ လန်းဆန်းတက်ကြွစေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ကော်ဖီများများသောက်ခြင်းက မကောင်းကျိုးတွေ ဖြစ်စေပါတယ်။
လေ့လာမှုတွေအရ ကော်ဖီ 400 mg ထက် ပိုသောက်သုံးတဲ့သူတွေဟာ ခေါင်းကိုက်ခြင်း၊ စိတ်ပူပင်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကို ခံစားရနိုင်ပါတယ်။ ကော်ဖီသောက်တာများနေပြီဆိုတာကို သိနိုင်တဲ့အချက်ကတော့ ရင်တုန်စေတာပဲ ဖြစ်ပါတယ်။
လန်းလန်းဆန်းဆန်းစာဖတ်နိုင်ဖို့ ကော်ဖီသောက်ခြင်းအစား အခြားလုပ်သင့်တဲ့ အချက်များကတော့ -
1. ရေများများသောက်ပါ။ ရေဓာတ်ချို့တဲ့ခြင်းက လူကိုအားအင်ကုန်ခမ်း နွမ်းလျစေပါတယ်။
2. အာဟာရပြည့်၀ပြီးအရသာရှိသည့် အစားအသောက်များကိုစားပါ။ ငှက်ပျောသီးဖြစ်စေ၊ အခြားအသီးအနှံတစ်မျိုးမျိုးဖြစ်စေ စားပါ။
3. အမည်းရောင် ချောကလက်ကလည်း လူကိုတက်ကြွလန်းဆန်းစေတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
4. အေးမြတဲ့နေရာမှာ စာကျက်ပါ။ ပူလောင်အိုက်စပ်တဲ့နေရာမှာ စာကျက်ခြင်းက စိတ်အာရုံကို စုစည်းရခက်စေပါတယ်။
5. ရေအေးအေးနဲ့ မျက်နှာသစ်ပါ။ ငိုက်လာတဲ့အချိန်မှာ ရေအေးအးနဲ့ မျက်နှာသစ်လိုက်ပါက ပြန်လည်လန်းဆန်းသွားစေနိုင်ပါတယ်။
6. သီချင်းနားထောင်ပါ။ အရမ်းငြီးငွေ့လာချိန်မှာ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်လောက် နားထောင်လိုက်ပါ။ အများကြီးတော့ နားထောင်လို့ မရဘူးနော်။
7. အပေါ်ကနည်းလမ်းတွေ ဘယ်လောက်လုပ်လုပ် အိပ်ချင်နေတုန်းပဲဆိုရင်တော့ ထခုန်ကြည့်လိုက်ပါ။ အချိန်အနည်းငယ် ခုန်ပေါက်လိုက်ခြင်းဖြင့် သွေးလှည့်ပတ်မှုကို မြန်ဆန်စေပြီး တစ်ဖန် ပြန်လည်လန်းဆန်းတက်ကြွစေမှာ အမှန်ပဲဖြစ်ပါတယ်။
Dr. Zero (www.drmyanmar.com)
















