/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ရောဂါ၏-စိုးရိမ်စရာလက္ခဏာများ

ကျောက်ကပ်ရောဂါ၏ စိုးရိမ်စရာလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နာတာရှည် ကျောက်ကပ်ရောဂါဆိုတာ ကျောက်ကပ် လုပ်ဆောင်ချက်တွေ ဖြည်းဖြည်းချင်း ကျဆင်းပြီး ပိုဆိုးလာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကျောက်ကပ်တစ်သျှူးတွေ များများမပျက်စီးခင်မှာ ရောဂါကို စောစောသိဖို့ အရေးကြီးပါတယ်။ ကံမကောင်းစွာဘဲ ဒီရောဂါ အစောပိုင်းမှာ ပြသတဲ့ လက္ခဏာက အရမ်းကို နည်းပါတယ်။

          ရောဂါ ပိုဆိုးလာမှ လက္ခဏာတွေက ပိုပြီးသိသာလာပါတယ်။ လက္ခဏာတွေကတော့ -

●        သွေးတိုးခြင်း

●        အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း

●        အိပ်မပျော်ခြင်း

●        ခြေထောက် (သို့) ခြေကျင်း၀တ် ရောင်ခြင်း (နောက်ပိုင်းမှ အပေါ်ဘက်အထိ ရောင်လာပါလိမ့်မယ်)

●        မေ့လွယ်ခြင်းနှင့် အာရုံစူးစိုက်ရ ခက်ခဲခြင်း

●        ပျို့ခြင်း၊ အန်ခြင်း

●        အစာစားချင်စိတ် ကျခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း

●        ကြွက်တက်ခြင်း (သို့) ကြွက်သား လှုပ်ခြင်း

●        အသားအရေ ယားယံခြင်း

          ဒီလက္ခဏာတွေက အခြားကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်နေတဲ့အတွက် လူအတော်များများက ဒါကို အရေးမကြီးဘူးလို့ ထင်ကြတာက ပြဿနာပါ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုတွေ့ရင် အထူးသဖြင့် ကိုယ့်မှာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ များတယ်ဆိုရင် ဆရာ၀န် သေချာသွားပြပါ။

          ရောဂါ ပိုဆိုးလာတာနဲ့အမျှ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း စတာတွေအပြင် ဆီးလည်း မကြာခဏ သွားစေနိုင်ပါတယ်။ ဆီးထဲမှာ သွေးပါရင် (သို့) ဆီးသွားတဲ့အခါ နာရင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားပြပါ။

>>    နာတာရှည် ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

●        သွေးတိုးရောဂါ

●        နှလုံးသွေးလွှတ်ကြောရောဂါ

●        သွေးအားနည်းရောဂါ

●        အရိုးပွခြင်း

●        ပန်းညှိုးခြင်း

●        အရည်များ ခန္ဓာကိုယ်ထဲတွင် စုပုံနေခြင်း

●        ခုခံအား ကျခြင်း / ရောဂါပိုး ၀င်နိုင်ခြေ များခြင်း

●        ဆိုဒီယမ်၊ ပိုတက်ဆီယမ် မညီမျှခြင်း

●        တက်ခြင်း

          နာတာရှည် ကျောက်ကပ်ရောဂါကနေပြီး နောက်ဆုံးအဆင့် ကျောက်ကပ် ပျက်စီးသွားပြီဆိုရင် ကျောက်ကပ် အစားထိုး ကုသမှု မခံယူရင် (သို့) ကျောက်ကပ် မဆေးရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

 

>>    ဆေးရုံ၊ ဆေးခန်း ဘယ်အချိန်သွားမလဲ?

          နာတာရှည် ကျောက်ကပ်ရောဂါက ဆိုးရွားတဲ့ ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်းကို ဖြစ်စေတဲ့အတွက် ပုံမမှန်တဲ့ လက္ခဏာတွေ တွေ့ရင် ဆေးခန်းပြဖို့ အရေးကြီးပါတယ်။ ဆီးချို၊ သွေးတိုး (သို့) ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ အခြားကျန်းမာရေးပြဿနာတွေ ရှိပါက ဆရာ၀န်က အရေးကြီးတဲ့ လက္ခဏာတွေကို ပုံမှန်စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

 

>>    ကျောက်ကပ်ရောဂါကို ဘယ်လိုကာကွယ်နိုင်သလဲ?

          ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ရောဂါဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို လျှော့ချဖို့ပါပဲ။ နေထိုင်မှုပုံစံကြောင့်ဖြစ်တဲ့ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုကို ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် ထိန်းထားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းနဲ့ အဆီနည်းတဲ့ စားသောက်မှုပုံစံက လျော့ကျစေပါတယ်။ တကယ့်ကို ကိုယ့်မိသားစုထဲမှာ ရောဂါရာဇ၀င် ရှိတယ် (သို့) ဆီးချိုရောဂါ ရှိတယ်ဆိုရင် ဆရာ၀န်နဲ့ ပုံမှန်ပြသစစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

          ဆားလျှော့စားခြင်းကလည်း အရေးပါ,ပါတယ်။ ဒါကြောင့် အစားအစာတွေမှာ ဆားလျှော့ထည့်ပါ၊ အသင့်အစားအစာတွေဆိုရင် ဆိုဒီယမ် ပါ၀င်မှုကို သေချာဖတ်ပါ။ အရက်၊ ဆေးလိပ် မသောက်ခြင်းကလည်း နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)