ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ
လူအတော်များများဟာ ရံဖန်ရံခါ ဒီမသက်မသာ ကြို့ထိုးတဲ့ဒဏ်ကို ခဏတာ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ ကြို့ထိုးတာဟာ ရက်ရှည်လများ ကြာရှည်လာပြီဆိုရင်တော့ ရောဂါတစ်စုံတစ်ရာ ရှိနေနိုင်ပါပြီ။
>> ကြို့ထိုးတယ်ဆိုတာ ဘာလဲ?
အသက်ရှူတဲ့အခါ နံရိုးကြား ကြွက်သားတွေနဲ့ နံရိုးအောက် ရင်ခေါင်းနဲ့ ဗိုက်ခြားထားတဲ့ Diaphragm ကြွက်သားလွှာကို အသုံးပြုပါတယ်။ အသက်ရှူသွင်းဖို့ ဒီ Diaphragm ကြွက်သားလွှာက ကျုံ့ပေးရပါတယ်။
အစားအသောက်တွေကို မြန်မြန် သို့မဟုတ် များများစားမိတဲ့အခါ အစာအိမ်ဟာ ပြန့်ကျယ်လာပြီး အပေါ်မှာရှိတဲ့ Diaphragm ကို လာလာတွန်းပါတယ်။ ဒီအခါ Diaphragmက အသက်ရှူတဲ့အခါမှာလို ဆက်တိုက်ဆက်တိုက် ကျုံ့ကျုံ့သွားတဲ့အတွက် ကြို့ထိုးခြင်းဆိုတာ ဖြစ်ပေါ်လာပါတယ်။
>> ဘာကြောင့် ကြို့ထိုးထိုးနေတာလဲ?
တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေကို ထိန်းချုပ်တဲ့အာရုံကြောမှာ တစ်ခုခုဖြစ်တဲ့အခါလည်း ကြို့ထိုးတတ်ပါသေးတယ်။ ဒါကြောင့် အပူအအေး ပြောင်းလဲတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ ကြို့ထိုးတတ်တာပါ။ ရုတ်တရက် လန့်သွားတဲ့အခါ ကြို့ထိုးတာ ရပ်သွားတာာလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။
တောက်လျှောက် အချိန်ကြာကြာ ကြိ့ုထိုးနေတာဟာ ဦးနှောက်၊ အာရုံကြောမ၊ Diaphragm နဲ့ ရင်ဘတ်ကြွက်သားတွေမှာ ပြဿနာတစ်ခုခု ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
ကြို့ထိုးတာပျောက်အောင် လုပ်နည်းတွေဟာ တစ်ယောက်တစ်မျိုး အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံ အသက်ရှူ အောင့်ထားတာက အလုပ်ဖြစ်နိုင်သလို စက္ကူအိတ်ထဲ အသက် ရှူသွင်းရှူထုတ် လုပ်တာကလည်း အဆုတ်ထဲ CO2 တွေ များစေပြီး ကြွက်သားတွေ ပြေလျော့စေကာ ကြို့ထိုးတာကို ပျောက်ကင်းစေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















