ကြွက်တက်သူတိုင်းသိထားသင့်တဲ့ ပိုတက်ဆီယမ်အကြောင်း
ပိုတက်ဆီယမ်ဓာတ်ဟာ နှလုံး၊ ကျောက်ကပ်နဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အလုပ် လုပ်ဆောင်နိုင်ရန် အတွက်ခန္ဓာကိုယ်မှမရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် ဆုံးရှုံးပါက ကြွက်တက်ခြင်း၊ သွေးဖိအားများခြင်း (သွေးပေါင်တက်ခြင်း)၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ကင်ဆာရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သားသမီးမရနိုင်ခြင်း စတဲ့ရောဂါတွေ ဖြစ်နိုင်ချေကို မြင့်မားစေပါတယ်။
ပုံမှန်အားဖြင့် အစားအစာမှာ ပါ၀င်တဲ့ ပိုတက်ဆီယမ်ဓာတ်နဲ့ လုံလောက်ပေမယ့် အချို့သောသူများတွင် ပိုတက်ဆီယမ်ဓာတ် ပါ၀င်သောဆေးသောက်ဖို့ လိုအပ်နိုင်ပါတယ်။
ပိုတမ်ဆီယမ်ချို့တဲ့နိုင်ချေရှိသောသူများ
1. ဆီးဆေး၊ သနေ္နတားဆေး သောက်သုံးနေသူများ
2. ပင်ပင်ပန်းပန်း အလုပ် လုပ်ရသူများ
3. အားကစားသမားများ
4. အစာအိမ်နှင့် အူလမ်းကြောင်းရောဂါခံစားနေရသူများ
5. အစားအသောက်စားသုံးမှု မမှန်ကန်သော ရောဂါရှိသူများ
6. ဆေးလိပ်သောက်သူများ
7. အရက်၊ မူးယစ်ဆေးဝါးသုံးစွဲသူများ
တစ်နေ့တာအတွက် ပိုတက်ဆီယမ်ရယူသင့်သောပမာဏ
နေ့စဉ်စားသုံးနေကျ အစားအစာများမှ ပိုတက်ဆီယမ်ဓာတ် လုံလောက်စွာရရှိနိုင်ပါတယ်။ ပိုတက်ဆီယမ်များပြီး ဆိုဒီယမ်နည်းသော အစားအစာများကို စားခြင်းဖြင့် သွေးဖိအားများခြင်း၊ လေဖြတ်ခြင်းတို့ မှ ကာကွယ်ပေးနိုင်ပါတယ်။
ပိုတက်ဆီယမ် လိုအပ်ချက်
အသက်အရွယ် တစ်နေ့တာအတွက် လိုအပ်ချက်
6 လသားအရွယ် 400 မီလီဂရမ်
7-12 လသားအရွယ် 700 မီလီဂရမ်
1-3 နှစ်အရွယ် 3000 မီလီဂရမ်
4-8 နှစ်အရွယ် 3800 မီလီဂရမ်
9-13 နှစ်အရွယ် 4500 မီလီဂရမ်
14 နှစ်နှင့်အထက် 4700 မီလီဂရမ်
အသက် 18 နှစ် နှင့် အထက် 4700 မီလီဂရမ်
ကိုယ်၀န်ဆောင်မိခင် 4700 မီလီဂရမ်
နို့တိုက်မိခင် 5100 မီလီဂရမ်
ပုံမှန်အားဖြင့်ပိုလျံသော ပိုတက်ဆီယမ်ဓာတ်ကို ကျောက်ကပ်မှ စွန့်ထုတ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိသူများ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်အနာ စသည့်ရောဂါရှိသူများဟာ ပိုတက်ဆီယမ်ပါသော ဆေးဝါးများ မသောက်ခင် ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။
ပိုတက်ဆီယမ်ရရှိနိုင်သော အစားအစာအရင်းအမြစ်များ
1. ငှက်ပျောသီး
2. ထောပတ်သီး
3. အခွံမာသီး (ဗာဒံစေ့၊ မြေပဲ)
4. အချဉ်ဓာတ်ပါသောသစ်သီး
5. အရွက်ဖားဖား အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
6. နို့
7. အာလူး
8. ခရမ်းချဉ်သီး
9. သစ်သီးခြောက် (စပျစ်သီးခြောက်၊ တရုတ်ဆီးသီးခြောက်၊ စွန်ပလွံသီး)
10. ဒေါက်ခွရွက်
11. ပဲစေ့၊ ပဲသီးတောင့်
သတိပြုရန်
အသီးအရွက်များကို ချက်ပြုတ်ကြော်လှော်ပါက ပိုတက်ဆီယမ်ဓာတ်ပျက်ပြယ်စေနိုင်တာကြောင့် ရေစင်စင် စစ်ဆေးပြီး လတ်လတ်ဆတ်ဆတ်တို့စရာအဖြစ် စားသုံးပေးပါ။
Cho Thet
















