ခေါင်းသန်း
အရေပြားကပ်ပါးကောင်ဖြစ်တဲ့ ခေါင်းမှာစွဲတဲ့သန်းဟာ အဖြစ်များပြီး ကူးစက်မြန်တာကြောင့် မိခင်တိုင်းက ကလေးများ သန်းစွဲမှာကို စိုးရိမ်ကြပါတယ်။
Center for Disease Control and prevention (CDC) မှ ထုတ်ပြန်ချက်အရ နှစ်စဉ်ကလေးပေါင်း 12 သန်း ဟာ ဦးခေါင်းသန်းစွဲကပ်ခြင်းခံရတယ်လို့သိရပါတယ်။ များသောအားဖြင့် အသက် 3 နှစ်မှ 10 နှစ်အရွယ် ကလေးများဖြစ်ပါတယ်။ ကလေးငယ်များအတူတူ စုပေါင်းကစားရာမှ တစ်ယောက်မှတစ်ယောက်သို့ ကူးစက်သွား ခြင်းဖြစ်ပါတယ်။
အများထင်နေသလို ဦးခေါင်းသန်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာတွယ်တဲ့သန်းကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်ပြီး ဆီးခုံမွှေးမှာတွယ်တဲ့သန်းက ရောဂါပိုးရှိတဲ့ အိမ်ထောင်ဖက်နဲ့ အတူနေမိရာက ကူးတာဖြစ်ပါတယ်။
အရေပြားကပ်ပါးကောင်ဖြစ်တဲ့ သန်းဟာ သူအသက်ရှင်နေထိုင်ဖို့အတွက် လူသွေးကိုစုပ်ယူပါတယ်။ ဦးခေါင်းသန်းကိုက်ခြင်းကြောင့် ထွေထွေထူးထူး ရောဂါလက္ခဏာတွေ မခံစားရပေမယ့် အရေပြားယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။
ကလေးငယ်မှတဆင့် မိသားစုတစ်စုလုံးကို ကူးစက်သွားနိုင်တာကြောင့် ရေချိုးပေးချိန်နဲ့ခေါင်းဖြီးပေး ချိန်တို့မှာ ကလေးငယ်ရဲ့ခေါင်းမှာ သန်းရှိ/မရှိ သေချာစွာစစ်ဆေးပါ။ ဦးခေါင်းသန်းစွဲနေပါက ဘီးစိပ်သုံးပြီးရှင်းပေးပါ။ ဘီးစိပ်တိုက်ခြင်းက သန်းကောင်ရော၊ သန်းဥကိုပါ ရှင်းပေးနိုင်ပါတယ်။ အချိန်တခုယူပြီး စိတ်ရှည်လက်ရှည်နဲ့ လုပ်ပေးဖို့တော့လိုအပ်ပါတယ်။
သန်းသေဆေးလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သန်းသေဆေးက သန်းကောင်တွေကိုပဲ သေစေ တာကြောင့် သန်းဥတွေကိုပါရှင်းလင်းနိုင်အောင် ဘီးစိပ်အကူအညီယူရပါမယ်။ ပြင်းလွန်တဲ့အပူချိန်ဟာ သန်းတွေကို သေစေနိုင်တာကြောင့် အ၀တ် (အိပ်ရာခင်၊ ခေါင်းအုံးစွပ်) စတာတွေကို ရေနွေးနှင့် သေချာလျော်ဖွတ်ပါ။ မွေးပွရုပ်၊ ဦးထုပ်စတာတွေကို လေမှုတ်စက် (Dryer) နဲ့ မိနစ် 30 ခန့်မှုတ်ပြီးမှ အသုံးပြုပါ။
Dr. Htet Htet Aung
















