ခံတွင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ
သွားဆရာဝန်ဆီကို ပုံမှန်ပြသ စစ်ဆေးဖို့တောင် သိပ်မလုပ်ကြတဲ့ ဒီခေတ်မှာ ခံတွင်းကျန်းမာရေးကို ပေါ့ပေါ့ဆဆ ထားလာကြပါတယ်။ ခံတွင်းကျန်းမာရေးဟာ ကိုယ်တွင်းရောဂါတွေနဲ့ ဆက်စပ်နေတတ်တယ်ဆိုတဲ့ အကြောင်း ဗဟုသုတ ဖတ်ကြည့်ကြရအောင်။
● အနာမကျက်တဲ့ ပါးစပ်တွင်းအနာတွေ - ခံတွင်းမှာ အနီစက်လေးတွေ အနာလေးတွေ မကြာခဏဖြစ်တဲ့အခါ ဆီးချို စစ်ဆေးသင့်ပါတယ်။ အဖြူဖတ်လေးတွေ ဖြစ်တဲ့အခါ Leukoplakia လို့ခေါ်ပြီး သွေးဖြူဥရောဂါတွေ ဖြစ်နေတတ်သလို မှတ်ခရုပုံစံဆိုရင်လည်း ကိုယ်ခံအားကျရောဂါတချို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
● သွားတိုက်ရင်း သွေးထွက်တတ်ရင် သွားဖုံးမကျန်းမာတာကို ရည်ညွှန်းပြီး သွားအမြစ် မကျန်းမာတာ အခြေယိုင်နဲ့တာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သွား မဆုံးရှုံးခင် ပြသစစ်ဆေးသင့်ပါတယ်။
● ပါးစပ်နံတဲ့အခါ ရေများများ မသောက်တာ ရေဓာတ်ချို့တဲ့တာတွေအပြင် သွားဖုံးရောဂါ၊ လည်ချောင်းရောဂါနဲ့ တခြားရောဂါပိုးအမျိုးမျိုးကြောင့် ဖြစ်နေတတ်ပါတယ်။ မကြာခဏ ခံတွင်းက အနံ့ထွက်နေတတ်ရင်တော့ လည်ချောင်း အသက်ရှူလမ်းနဲ့ အာခံတွင်းမှာ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးကုသသင့်ပါပြီ။
● ရုတ်တရက် အပူအအေး မခံနိုင်တာတွေရှိခဲ့ရင် သွားအခြေ ပြည်တည်တာ ဖြစ်တတ်ပါတယ်။ အမြန်ဆုံး မကုခဲ့ရင် သွေးဆိပ်ပျံနှံ့ပြီး အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
>> ကျန်းမာတဲ့ သွားနဲ့ခံတွင်း ရရှိဖို့ -
● တစ်ရက် နှစ်ကြိမ် သွားတိုက်ပါ။
● ပလုတ်ကျင်းပါ။
● သွားကြားပွတ်ကြိုးနဲ့ ပွတ်တိုက် သန့်စင်ပါ။
● သွားတိုက်နည်း မှန်ကန်ပါစေ။
● ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး သုံးပါ။
● သွားဆရာဝန်ထံ ပုံမှန်ပြသပါ၊
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















