ချင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ဟင်းချက်တဲ့အခါမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုတဲ့ချင်းဟာ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။
● အစာချေစနစ်ကို အားပေးပါတယ်။
ချင်းမှာပါတဲ့ ဓာတ်တချို့ဟာ ဗိုက်မကောင်းတာကို သက်သာစေပါတယ်။ ပြီးတော့ အစာချေဖျက်ရာမှာ လိုအပ်တဲ့ သွားရည်နဲ့ သည်းခြေရည်ထွက်တာကိုလည်း အားပေးပြီး အစာချေလမ်းကြောင်းတစ်လျှောက် အစာတွေ ဖြတ်သန်းနေတုန်းမှာလည်း အစာအိမ်၊ အူတွေ ညှစ်တာကို တားဆီးပေးပါတယ်။
ပြီးတော့ အစာတွေ စီးဆင်းရာမှာ မြန်ဆန်စေတဲ့အတွက်ကြောင့် အူမကြီးကင်ဆာနဲ့ ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။
● မအီမသာဖြစ်တာကိုလည်း သက်သာစေပါတယ်။
ကင်ဆာသမားတွေ ကုသမှုခံယူတဲ့အခါ ဖြစ်တတ်တဲ့ မအီမသာဖြစ်ခြင်းကို ချင်းအစိမ်းလိုက် ဝါးတာ၊ ချင်းလက်ဖက်ရည် သောက်တာက သက်သာစေပါတယ်။
ကားမူးတဲ့အခါမျိုးမှာလည်း ချင်းကို အသုံးပြုတာက မအီမသာဖြစ်တာကို သက်သာစေပေမယ့် ပျို့အန်တာကိုတော့ မတားဆီးနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာအတွက်လည်း သုံးပေးနိုင်ပါတယ်။
● အအေးမိ၊ တုပ်ကွေး ဖြစ်တာတွေအတွက်လည်း ကောင်းပါတယ်။
အေးတဲ့ရာသီမှာ ချင်းပြုတ်ရည်သောက်တာ အရမ်းကောင်းပါတယ်။ ချွေးထွက်အောင် လုပ်ပေးပြီး ခန္ဓာကိုယ်အတွင်းထဲက နွေးလာအောင် လုပ်ပေးပါတယ်။
ချင်းကို လှီးပြီး ရေနွေးခွက်ထဲ ထည့်ပေးရုံနဲ့ သောက်လို့ရပါပြီ။ တချို့ကလည်း သံပရာရည် ၊ ပျားရည် စတာတွေ ထည့်သောက်ကြပါတယ်။
အအေးမိ၊ တုပ်ကွေး ဖြစ်တာတွေအတွက်လည်း ကောင်းတဲ့ဆေးတစ်ခွက်ပါ။
● နာကျင်တာကိုလည်း သက်သာစေပါတယ်။
ချင်းဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကြွက်သားနာကျင်တာကို သက်သာစေပါတယ်။ ဒါ့အပြင် ရာသီလာရင် ဖြစ်တတ်တဲ့ ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။
● ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။
ချင်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ရောင်ရမ်းတာတွေကို ကုသတဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ ချင်းကို အရိုးအဆစ်ရောင်ရမ်းတဲ့နေရာမှာလည်း သုံးလို့ရပါတယ်။
● နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်။
ချင်းဟာ ခန္ဓာကိုယ်က အဆီတွေကို လျော့ကျစေတဲ့အပြင် သွေးခဲဖြစ်တာကိုလည်း တားဆီးပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
>> ဆိုးကျိုးတွေကရော
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ တချို့လူတွေမှာ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်တက်တာ ဆိုးတာမျိုး၊ ဝမ်းလျှောစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ၊ သည်းခြေကျောက်တည်တဲ့ လူနာတွေ၊ သွေးမတိတ်တဲ့ရောဂါရှိတဲ့ လူတွေမှာတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးစွဲသင့်ပါတယ်။
Dr. Htar (www.drmyanmar.com)














