ခြေဖမိုးနဲ့ ခြေကျင်းဝတ် နာကျင်ရောင်ရမ်းခြင်းကို သက်သာစေမည့် အကောင်းဆုံးနည်းလမ်းများ
အချိန်အကြာကြီး မတ်တပ်ရပ်ရတဲ့အခါ၊ ခရီးဝေးသွားရတဲ့အခါနဲ့ ခွဲစိတ်ပြီးခါစ အချိန်တွေမှာ ခြေဖမိုးနဲ့ ခြေကျင်းဝတ်တွေမှာ ဖောင်းပြီး ရောင်လာတာမျိုးကို ကြုံတွေ့ဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ အများအားဖြင့် ခြေထောက်တွေ ရောင်လေ့ရှိပါတယ်။
ဒီလို ရောင်လာ၊ ဖောင်းလာတဲ့အခါ နေရခက်ပြီး တစ်ခါတလေဆိုရင် လှုပ်ရှားလို့တောင် မကောင်းဘူး ဖြစ်တတ်ပါတယ်။ ဒီလိုခြေထောက်ရောင်ရတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်တွေက ခြေထောက်မှာ လာစုခြင်းကြောင့်ပါ။ ခြေထောက်နှစ်ဖက်စလုံးမှာ ဖြစ်လေ့ရှိပြီး အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။
ဒီလိုခြေထောက်ရောင်တာတွေကို သက်သာစေဖို့နဲ့ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ -
1. Compression socks - အနီးအနားက ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ ရရှိနိုင်ပြီး နာကျင်ခြင်းနဲ့ ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ခြေဖမိုးတွေမှာ အရည်များ စုပုံလာခြင်းတွေကို သက်သာစေပါတယ်။
2. ခြေထောက်မြှောက်ထားခြင်း - အရောင်သက်သာစေဖို့အတွက် ထိုင်ရင်ပဲဖြစ်ဖြစ်၊ လှဲနေရင်ပဲဖြစ်ဖြစ် ခြေထောက်ကို အမြင့်တစ်ခုခုပေါ်မှာ တင်ထားပေးနိုင်ပါတယ်။ လဲှလျောင်းပြီး ခြေထောက်မြှောက်ကာ နံရံကိုကန်ထားတဲ့ ယောဂအနေအထားမျိုးကလည်း သက်သာစေပါတယ်။
3. လေ့ကျင့်ခန်း - တစ်နေရာထဲမှာ အချိန်အကြာကြီးထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းတွေက ခြေထောက်ရောင်စေပါတယ်။ ဒူးခေါင်းကို လှုပ်ပြီး ခြေကျင်းဝတ်ကို ကော့လိုက်ချလိုက်လုပ်ပေးခြင်းဖြင့် အရောင်ကျစေနိုင်ပါတယ်။ ရေကူးလေ့ကျင့်ခန်းလည်း ပြုလုပ်နိုင်ပါတယ်။
4. ကိုယ်အလေးချိန် လျှော့ချပါ။ ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် အရောင်ကျစေရုံသာမက ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
5. ဆားခါး - ဆားခါးထည့်ထားတဲ့ ရေအေးထဲမှာ ခြေကျင်းဝတ် မြုပ်တဲ့အထိ ထည့်ပြီး ၁၅-၂၀ မိနစ်ခန့် စိမ်ထားပေးခြင်းဖြင့် ရောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။
6. မဂ္ဂနီဆီယမ် ဖြည့်စွက်ဆေးများ - တစ်နေ့ကို မဂ္ဂနီဆီယမ် 200-400 mg သောက်ခြင်းအားဖြင့် ရောင်ခြင်းနဲ့ နာခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်နဲ့ နှလုံးရောဂါတွေ ရှိတယ်ဆိုရင်တော့ မဂ္ဂနီဆီယမ် မသောက်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
တစ်ကြိမ်ကို တစ်နည်းထက်ပိုပြီး ပြုလုပ်တာက အကောင်းဆုံးပါပဲ။ ဥပမာ - လမ်းလျှောက်တယ်ဆိုရင် နောက်မှာ ခြေအိတ်လည်း စွပ်ပေးပါ။ ရေကူးတာနဲ့ ယောဂကျင့်စဉ် တွဲလုပ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)














