/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေဖဝါး-နှိပ်နယ်ကြမလား

ခြေဖဝါး နှိပ်နယ်ကြမလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီခေတ်ပိုင်းမှာ ရီဖလက်ဆိုလိုဂျီဆိုတဲ့ စကားလုံးလေးတစ်လုံး ခေတ်စားလာပါတယ်။ ခန္ဓာကိုယ်ရဲ့ ဧရိယာဇုန်တွေကို သတ်မှတ်ထားတဲ့ ဖိအားအနည်းအများနဲ့ နှိပ်နယ်ပေးခြင်းဖြင့် နေကောင်း ကျန်းမာ သက်သာစေတာ ဖြစ်ပါတယ်။ ခြေဖဝါး နှိပ်နယ်ပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးထူးတွေကတော့ အံ့မခန်းပါပဲ။

          ခြေဖဝါး ပုံမှန်နှိပ်နယ်ပေးခြင်းအားဖြင့် ခြေထောက် ကိုက်တာ၊ ညောင်းတာတွေကို သက်သာစေပါတယ်။ သွေးလည်ပတ်မှု ကောင်းသွားတဲ့အတွက် ခြေထောက် ကျင်တာ၊ ကြွက်တက်တာတွေ အတွက်တော့ ရှယ်ကုထုံးလေးပါပဲ။

          ခြေထောက် အရိုးကျန်းမာရေး ကောင်းလာစေပြီး ခြေထောက်ကို သန်စွမ်းလာစေပါတယ်။

          ခြေဖဝါး အကြောတင်တာ၊ ရောင်ရမ်းတာတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ခြေထောက် အသာအယာ နှိပ်နယ်ပေးခြင်းကို ရောင်ရမ်းတာ သိပ်မဆိုးရင် ကြိုးစားကြည့်သင့်ပြီး ပြင်းထန်စွာ နာကျင်တာ၊ အကြောတင်တာတွေအတွက်ကိုတော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ကို ပြဖို့လိုပါတယ်။

ကိုယ်တွင်းကိုယ်ပ ရောဂါဝေဒနာအမျိုးမျိုးကြောင့် ခြေထောက်တွေ နာကျင် ကိုက်ခဲနေတတ်တာမျိုး၊ ကြွက်သားတွေ တင်းကျပ်ကျပ် ခံစားနေရတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုအချိန်ဆို ခြေဖဝါး နှိပ်နယ်ပေးခြင်းဟာ သက်သာလာဖို့ တစ်တပ်တစ်အား အကူအညီ ပေးနိုင်လိမ့်မယ်။

          ခြေဖဝါးနှိပ်နယ်ပေးခြင်းဖြင့်  ခြေထောက်တစ်ခုပဲ နေလို့ကောင်းလာမယ်ဆိုတာ မမှန်ကန်ပါဘူး။ ခြေဖဝါး မကြာခဏ နှိပ်နယ်ပေးခြင်းဖြင့် တစ်ကိုယ်လုံးက အာရုံကြောတွေ လန်းဆန်းစေပြီး ပေါ့ပါးလန်းဆန်းကာ အထူးတလည် နေလို့ကောင်းသွားတဲ့ ခံစားချက်ကို ရရှိစေမှာပါ။

          ခန္ဓာကိုယ်ကို ယခင်နဲ့မတူ ပေါ့ပါးသွက်လက်သွားစေတယ် ဆိုတာတော့ ခြေဖဝါးလေး နှိပ်နယ်ပေးတာ ခံယူဖူးသူတိုင်း သိပါတယ်။

          သွေးအားနည်းရင် မကြာခဏ ခြေဖဝါး နှိပ်ပေးသင့်တယ်လို့လည်း ဆိုကြပါတယ်။ နှိပ်နယ်ပေးခြင်းအားဖြင့် သွေးကြောတွေမှာ သွေးလည်ပတ်မှု ကောင်းသွားစေတာနဲ့ ဆိုင်မယ်လို့ ယူဆကြပါတယ်။

          အခါအားလျော်စွာ ခြေဖဝါးလေး နှိပ်နယ်ပေးတာဟာ နာတာရှည် ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ ဂေါက်ရောဂါနဲ့ အာရုံကြောဝေဒနာ အမျိုးမျိုးကို ကာကွယ်ပေးတယ်လို့လည်း ဆိုကြပါတယ်။ အပ်စိုက်ကုထုံး၊ အကြောဖိအားကုထုံးတို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုလို့အကျိုးရှိစေပါတယ်။

          ဒီနေရာမှာ တစ်ခုသတိထားရမှာက အနှိပ်ပညာဟာ နက်နဲပါတယ်။ သိမ်လည်း သိမ်မွေ့တဲ့ပညာရပ်ပါ။ သေချာလေ့လာ ဆည်းပူးထားတဲ့ ကျွမ်းကျင်အနှိပ်ပညာရှင်နဲ့သာ ခြေဖဝါးနှိပ်နယ် ကုသမှု ခံယူသင့်ပါတယ်။ ခြေဖဝါးဟာ အကြောဆုံနေရာ ဖြစ်တဲ့အတွက် နှိပ်နယ်ပေးသူဟာ မကျွမ်းကျင်သူ ဖြစ်မယ်ဆိုရင်တော့ မှားယွင်းစွာ နှိပ်မိပြီး အကျိုးမရတဲ့အပြင် ဆိုးကျိုးပါ ဖြစ်နိုင်တဲ့အကြောင်း တစ်ဆက်တည်း အသိပေးလိုက် ရပါတယ်။

www.drmyanmar.com