/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကြောင့်ဖြစ်သော-ကျန်းမာရေးပြဿနာများ

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်၊ ခံစားချက်တွေအပြင် ကိုယ်ခန္ဓာမှာပါ အပြောင်းအလဲတွေ ဖြစ်လာတတ်ကြပါတယ်။

          ဦးနှောက်နဲ့ ကိုယ်ခန္ဓာရဲ့ ဆက်သွယ်မှုဟာ အလွန်ပဲ ထူးဆန်းပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မတူသလိုဘဲ ပတ်ဝန်းကျင်နဲ့ လိုအပ်ချက်တွေအပေါ် စိတ်ခံစားမှု တုံ့ပြန်ပုံပေါ်လိုက်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း၊ အရေပြား၊ အဆစ်အမြစ်နဲ့ သွေးလည်ပတ်မှုပြဿနာတွေ ပေါ်လာတတ်ပါတယ်။

          စိတ်ဖိစီးမှုကြောင့် ဖြစ်လာတတ်တဲ့ရောဂါတွေ အများကြီး ရှိပါတယ်။ အဖြစ်များတဲ့ အခြေအနေတွေကတော့ -

၁။     အမြဲတမ်း ပင်ပန်းနုံးချိနေခြင်း

          ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ ကိုယ်ခန္ဓာက Cortisol ဆိုတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပြီး လိုအပ်တဲ့အားအင်နဲ့ ကာကွယ်မှုကို ပေးပါတယ်။ ဒါပေမဲ့ ခဏတစ်ဖြုတ် မဟုတ်ဘဲ အကြာကြီး တောက်လျှောက် ထုတ်လွှတ်တဲ့အခါ (ဥပမာ - အလုပ်၊ ဘဝပြဿနာတွေကြောင့် စိတ်ဖိစီးခြင်း ဖြစ်တဲ့အခါမျိုးမှာ) ခန္ဓာကိုယ်က တစ်ချိန်လုံး အလုပ်လုပ်နေရသလိုဖြစ်ပြီး ပင်ပန်းလာတတ်ပါတယ်။

 

၂။     ဗိုက်အောင့်စေနိုင်ခြင်း

          Cortisol ဟော်မုန်းနဲ့အတူ ဖိစီးမှုဟော်မုန်း နောက်တစ်မျိုးဖြစ်တဲ့ epinephrine ဟော်မုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြဿနာဖြစ်စေပြီး ဗိုက်အောင့်စေနိုင်ပါတယ်။

 

၃။     ရင်ဘတ်အောင့်ခြင်း

          သတင်းဆိုးတွေ ကြားရတဲ့အခါ ရုတ်တရက် ရင်ဘတ်ထဲက စူးအောင့်သွားတတ်တာဟာ အာရုံကြောလွှတ်ပစ္စည်း (neurotransmitters) တွေကြောင့်ပါ။ ခန္ဓာကိုယ်မှာ ဦးနှောက်အပြင် အာရုံကြောလွှတ်ပစ္စည်းတွေ အများအပြား ရှိပါတယ်။ စိတ်ပူပန်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ အရေးပေါ်အာရုံကြောစနစ် (sympathetic nervous system) က အာရုံကြောလွှတ်ပစ္စည်းတွေ ထုတ်လွှတ်လိုက်ပါတယ်။ ဒါကြောင့် နှလုံးက ဘာမှမဖြစ်ပါဘဲ ရင်ဘတ်အောင့်တတ်ပါတယ်။ တစ်ခါတလေ ရင်ဘတ်အောင့်တာဟာ အစာအိမ်အက်ဆစ် ဆန်တက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ရင်ဘတ်အောင့်ရင် ဆရာဝန်နဲ့ ပြသပါ။

 

၄။     သာမန်ထက် ပိုပြီးဆံပင်ကျွတ်လာခြင်း

          စိတ်ဖိစီးမှု များတဲ့အခါ ထွက်လာတတ်တဲ့ ဖိစီးမှုဟော်မုန်း Cortisol ကြောင့် ခန္ဓာကိုယ်က အစာအာဟာရတွေကို ပိုအရေးကြီးတဲ့နေရာတွေကို ပေးပို့စေတဲ့အခါ ဆံပင်အမြစ်တွေဆီကို လုံလောက်တဲ့အာဟာရဓာတ် မရတာကြောင့် ဆံပင်အရှည် ရပ်သွားတာ၊ နှေးသွားတာနဲ့ နောက်ဆုံး ကျွတ်တာအထိ ဖြစ်နိုင်ပါတယ်။ အရေပြားဆရာဝန်တွေကို အထူးခေါင်းလျှော်ရည်တွေ၊ အာဟာရဓာတ်တွေပေးပြီး ဆံပင်ကျွတ်တာ နည်းအောင် ကြိုးစားကြပေမယ့် အကောင်းဆုံးက စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ပါပဲ။

 

၅။     အရေပြားမှာ အနီကွက်တွေ ပေါ်လာခြင်း

          ပုံမှန်အရေပြားမှာလည်း အနီကွက်တွေ ပေါ်လာတတ်သလို အထူးသဖြင့် အရေပြား ရောင်ရမ်းတဲ့ရောဂါတွေဖြစ်တဲ့ ကြွပ်ပွေးနဲ့ နှင်းခူတွေမှာ ပိုဆိုးတတ်ပါတယ်။ ကြွပ်ပွေးဆိုတာဟာ အရေပြားမှာဖြစ်တတ်တဲ့ နီနီရဲရဲ မာမာအကွက်တွေဖြစ်ပြီး ယားယံတတ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် လွဲမှားပြီး အရေပြားကို ပွားစေတဲ့အခါ ဒီလိုကြွပ်ပွေး ဖြစ်တတ်ပါတယ်။ နှင်းခူဟာလည်း အလွန်အဖြစ်များပြီး အရေပြားမှာ နီနီရဲရဲအကွက်တွေ ဖြစ်လာတတ်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။

 

၆။     ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

          တစ်ခါတလေ စိတ်ဖိစီးမှုများတဲ့အခါ ဝမ်းပျက်တတ်ကြပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အာရုံကြောလွှတ်ပစ္စည်းတွေဟာ ဦးနှောက်မှာရှိတာတွေနဲ့ အတူတူပါပဲ။ ဒါကြောင့် ဦးနှောက်ထဲမှာ အပြောင်းအလဲတစ်ခုခု ဖြစ်တဲ့အခါ အူမှာပါ အာရုံကြောလွှတ်ပစ္စည်းတွေ အများကြီး ထွက်လာပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းရောင်ရမ်းရောဂါ imflammatory bowel disease ရှိတဲ့ လူတွေမှာ ပိုဆိုးနိုင်ပါတယ်။

 

၇။     ဝက်ခြံတွေ ပေါက်လာခြင်း

          ဒါဟာလည်း ဖိစီးမှုကို တန့်ပြန်တဲ့ ရောင်ရမ်းမှုတစ်ခုဖြစ်ပြီး ဝက်ခြံတွေပေါက်စေကာ အရေပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

          ဒီရောဂါအခြေအနေတွေ တွေ့ကြုံနေရပြီး ကုသလို့ မပျောက်ကင်းနိုင်ဘူးဖြစ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ပါ။

          စိတ်ဖိစီးမှုကို လျှော့ချဖို့ ပြောရတာ လွယ်ပေမယ့် တကယ်တမ်း အလုပ် ခက်ပါတယ်။ ဘဝမှာ စိတ်ဖိစီးမှုကို လုံးလုံးကြီး ပယ်ဖျောက်ဖို့လည်း မဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို ထိန်းချုပ်နို်င်ဖို့ ဒီအရာတွေကို အဖြေရှာဖွေရာမှာ ပြောင်းလဲ အသုံးချလိုက်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အလုပ်အသစ် ပြောင်းပါ။ အရေးပါတဲ့အရာတွေကို ဦးစားပေးပါ။ စိတ်ဖိစီးမှုကို ဘယ်လိုမှ မဖြေဖျောက်နိုင်ရင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

Dr. Emerald (www.drmyanmar.com)