စိတ်ဖိစီးမှုနဲ့ သောကတွေကို သက်သာစေဖို့ နှိပ်နယ်ကြမယ်
စိတ်ဖိစိးတဲ့အခါ သောကနဲ့ ရတက်တွေ ပွေတဲ့အခါ နည်းပေါင်းစုံနဲ့ စိတ်ဖြေရာ ရှာကြပါတယ်။ သီချင်းနားထောင်မယ်၊ တရားထိုင်မယ်၊ ရှော့ပင်းသွားမယ်၊ ခရီးထွက်မယ်ပေါ့။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ အရင်းတည်ရာ ကိုယ်ဘာသာကိုယ်ရော သက်သာရာသက်သာကြောင်း စိတ်ပါလက်ပါ နှိပ်မပေးချင်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် နှိပ်မယ်ဆိုရင် ဘယ်နားတွေနှိပ်ရင် ဖိစီးမှုတွေ လျော့ပါး ပြေပျောက်သွားလေမလဲနော်။ အလုပ်ထဲမှာဖြစ်ဖြစ်၊ သင်တန်းမှာပဲဖြစ်ဖြစ် စိတ်လိုလက်ရလေး နှိပ်နယ်ပေးလိုက်တော့ နေရထိုင်ရ ပေါ့ပါးသွားပြီး အထိုက်အလျောက် ဖိစီးမှုလေးတွေ စိတ်ပင်ပန်းရတာတွေ သက်သာစေတာပေါ့။
>> ဘယ်နေရာလေးတွေကို နှိပ်ရင် ကောင်းမလဲ?
● လက်ကောက်၀တ်နဲ့ သုံးလက်မခန့်အကွာ လက်ခလယ်နဲ့တည့်တည့် လက်ဖျံနေရာလေးကို အသာအယာ ဖိနှိပ်ပေးပါ။ လက်မလေးနဲ့ စက်၀ိုင်းပုံစံ၀ိုင်းပြီး နှိပ်ပေးနိုင်ပါတယ်။
● လည်ပင်းနဲ့ ကပ်နေတဲ့ ပခုံးနေရာလေး။ လက်ကလေးနဲ့ဆုပ်ပြီး နှိပ်ပေးပါ။ အသာဖိပြီး ဆုပ်နယ်ပေးပါ။
● ချိုင်းနဲ့ကပ်ရက် ရင်ဘတ်နဲ့ လက်မောင်းထိနေတဲ့ နေရာလေးကို လက်ဖဝါးလေးနဲ့ အသာအယာ ဖိနှိပ်ပေးနိုင်ပါတယ်။
● ဦးခေါင်းနဲ့ဆက်တဲ့ တည့်တည့်နေရာ ဂုတ်ကြောလေးကို လက်ညှိုးလေးနဲ့ လက်မနဲ့ အသာဖိပြီး လေးငါးခါလောက် ဆွဲပေး၊ နှိပ်ပေးလိုက်ပါ။
● ခြေဖဝါးမှာ ခြေမနဲ့ ခြေညှိုးကြား နေရာလေးကို ဖိဆွဲပြီး နှိပ်ပေးပါ။
ဘယ်နေရာကိုပဲနှိပ်နှိပ် ကြမ်းတမ်းစွာ အားသုံးပြီး မဖိနဲ့ အလွန်အကျွံ မဆုပ်နယ်ပါနဲ့။ အသင့်အတင့်အားလေးနဲ့ ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ နှိပ်ပေးမှ ထိရောက်ပါတယ်။ ဗက်ဆလင်း သို့မဟုတ် မုန်ညင်းဆီလေး နည်းနည်းထည့်ပြီးနှိပ်တော့ ပိုမိုချောမွေ့ပြီး နှိပ်ရလွယ်စေပါတယ်။ တကယ်တော့ နှိပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို်ယ် အရေးတယူ ပြန်လည်ပြုစုပေးတဲ့ နည်းကောင်းတစ်ခုမို့လို့ စိတ်ပင်ပန်းလာတိုင်း ခြေပစ်လက်ပစ် နားပစ်လိုက်ပြီး ဖော်ပြပါနေရာလေးတွေကို ညင်ညင်သာသာ အားလေးနဲ့ နှိပ်ပေးလိုက်ပါတော့နော်။ အနှိပ်စင်တာတွေကိုလည်း သွားရောက် အနားယူနိုင်ပါတယ်။ မိမိဘာသာပဲနှိပ်နှိပ်၊ ချစ်သူကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ်၊ ကိုယ့်မိဘကိုပဲ နှိပ်ပေးပေး သောကပြေစေပြီး ပေါ့ပါးသွားစေမယ့် အချက်အချာကျတဲ့ အနှိပ်နေရာလေးတွေအကြောင်း ဗဟုသုတ မျှေ၀လိုက်ရပါတယ်။
ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)
















