/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆယ်ကျော်သက်အရွယ်မှာ-သွေးတိုးတဲ့အခါ

ဆယ်ကျော်သက်အရွယ်မှာ သွေးတိုးတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးတိုးရောဂါကို အသံတိတ် လူသတ်သမားလို့ ခေါ်ကြပါတယ်။ ယနေ့ခေတ်မှာ သွေးတိုးရောဂါ အင်မတန် အဖြစ်များလာပါတယ်။ ဒီလိုအဖြစ်များတဲ့အကြောင်းရင်း အဓိက ၂ ခု ရှိတယ်။ အဝလွန်ခြင်းနဲ့ သက်တမ်းရှည်လာခြင်းတို့ပါပဲ။

          ဒီလိုသွေးတိုးရောဂါဖြစ်တဲ့သူတွေဟာ ၉၀% လောက်အထိ မြင့်တက်လာတယ်လို့ သိရတယ်နော်။

          ဆရာဝန်တွေဟာ သွေးတိုးရောဂါကို ဂရုတစိုက် ကုသလေ့ရှိကြတယ်။

          ဒါပေမဲ့ လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေမှာ သေချာဂရုစိုက်လေ့ရှိသေ်ာလည်း လူငယ်လူရွယ်တွေမှာတော့ ပေါ့ပေါ့ဆဆ ရှိတတ်ကြတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ လူငယ်လူရွယ်တွေမှာ သွေးတိုးတဲ့အခါ အလွယ်တကူ သတိမမူမိဘဲ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မကုဘဲထားလိုက်မိရင် နောက်ဆက်တွဲတွေ အများကြီး ဖြစ်လာနိုင်တယ်နော်။

          အသက်ငယ်ငယ်၊ အားကစားသမားတွေဟာ လှုပ်လှုပ်ရှားရှား နေလေ့ရှိတာကြောင့် သွေးတိုးလိုမျိုး ရောဂါတွေမဖြစ်နိုင်ဘူးလို့ ထင်မြင်တတ်ကြပါတယ်။

          ဒါပေမဲ့ လူငယ်လူရွယ်တွေမှာလည်း အဝလွန်ခြင်း၊ ဆီးချို၊ ကျောက်ကပ်ရောဂါတွေ အဖြစ်များလာတာကြောင့် သွေးတိုးရောဂါ အဖြစ်များလာကြတယ်။

          အထူးသဖြင့် အပေါ်သွေး တိုးတာများတယ်။

          ဒီလိုလူငယ်တွေဟာ နောက်ပိုင်းမှာ သွေးကြောတောင့်တင်းလာနိုင်ခြေ ပိုများပြီး လေဖြတ်ရောဂါတွေ၊ ကျောက်ကပ်နဲ့ ဦးနှောက်ထိခိုက်မှုတွေ ပိုဖြစ်လာနိုင်တယ်။

          လူငယ်လူရွယ်တွေမှာ အပေါ်သွေးတိုးတာဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်မြင်တတ်ကြတယ်။

          အားကစားသမားတွေမှာ တွေ့တတ်ကြတာကြောင့် နှလုံးသန်မာခြင်းရဲ့ လက္ခဏာတစ်ရပ်လို့တောင် မြင်တတ်ကြတယ်။

          ပုံမှန်သွေးပေါင်ဟာ အပေါ်သွေး ၁၂၀/အောက်သွေး ၈၀ လောက်သာ ပုံမှန်ရှိသင့်တယ်။

          သွေးပေါင် ၁၄၀/၉၀ နဲ့အထက် ပိုနေရင်တော့ သွေးတိုးတယ်လို့ ခေါ်နိုင်တယ်။

          အပေါ်သွေးတိုးတဲ့အခါ အပေါ်သွေးပဲတက်ပြီး အောက်သွေးက ပုံမှန်အတိုင်း ရှိနေတတ်တယ်။

          သွေးတိုးနေတဲ့ လူငယ်လူရွယ်တွေမှာ အပေါ်သွေးတစ်မျိုးတည်းပဲတိုးတိုး သွေးလွှတ်ကြောမကြီး တောင့်တင်းတာကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် ဆရာဝန်နဲ့ တောက်လျှောက် စစ်ဆေးပြီး ကုသဖို့ လို၊ မလို စောင့်ကြည့်သင့်တယ်။

          ဒီလိုသွေးတိုးလက္ခဏာတွေကို လျစ်လျူမရှုဘဲ နောက်မကျခင် အမြန်ကုသသင့်တယ်။

-         လူနေမှုပုံစံ ပြောင်းလဲသင့်တယ်။

-         ဆေးတွေနဲ့ လူနေမှုပုံစံ ပြောင်းလဲတာတွေနဲ့တင် သွေးတိုးကို ချလို့ရပါတယ်။

          အစားအသောက်ကို ပြုပြင်ပြောင်းလဲတာနဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်တာက သွေးတိုးကျစေဖို့ အဓိကပြုပြင်မှု ၂ ခုပါပဲ။ အမေရိကန် နှလုံးအဖွဲ့အစည်းကြီးက တစ်ပတ်ကို အနည်းဆုံး ၅ ရက်၊ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် ပုံမှန်ပမာဏလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသင့်တယ်လို့ သတ်မှတ်ထားပါတယ်။

          အစားအသောက်ဆိုရာမှာ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ များများစားပေးသင့်တယ်။

          သွေးပေါင်ထိန်းဖို့ ကြိုးစားရာမှာ ဆားကို လျှော့စားပေးဖို့လည်း လိုပါတယ်။

          သွေးတိုးရောဂါ အဖွဲ့အစည်းဥက္ကဋ္ဌနဲ့ နှလုံးရောဂါ အထူးကုဆရာဝန်ကြီးက ဆားကို တစ်ဝက်လောက် လျှော့စားတာဟာ သွေးတိုးကို ကျစေနိုင်တယ်လို့ ပြောတယ်။

          ဒါကြောင့် လူငယ်လူရွယ်တွေဆိုပြီးတော့ မကုဘဲထားရင် ပိုပိုဆိုးနိုင်တာမို့ သတိပြုဆင်ခြင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)