/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးပညာအရ-ရှင်းမပြနိုင်သော-အံ့ံဖွယ်ရောဂါ-ပျောက်ကင်းမှုများ

ဆေးပညာအရ ရှင်းမပြနိုင်သော အံ့ံဖွယ်ရောဂါ ပျောက်ကင်းမှုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        လည်ချောင်းကင်ဆာ ခံစားနေရတာ ကြာခဲ့တဲ့ လူတစ်ယောက်။ ကင်ဆာဆေး အကြိမ်လေးဆယ် သွင်းခဲ့ရပြီး ပေါင် ၆၀ ကျော် ထိုးကျသွားခဲ့ပါတယ်။ ယဲ့ယဲ့သာ ကျန်တော့တဲ့ ဂရက်ဟာ သူ့ရဲ့အသက်ကို ယေရှုဆီမှာ အပ်နှံလိုက်ပြီး ဘုရားကျောင်းကို နေ့စဉ်သွား ဆုတောင်းရင်း ဘဝကို ကုန်လွန်စေပါတယ်။ သူဟာ မှန်မှန်ပဲ ဆေးစစ်ချက်တွေ လုပ်နေခဲ့ပြီး အကျိတ်တွေ တစ်နေ့တခြား သေးလာ၊ ကျုံ့လာတာကို ဝမ်းပန်းတသာ တွေ့ခဲ့ရပါပြီ။ လေးနှစ်ကျော်ကြာတဲ့အခါ ဆရာဝန်တွေက သူ့လည်ချောင်းကပြွန်ကို ဖြုတ်ပစ်ခဲ့ပါတယ်။ အံသြစရာကောင်းလောက်အောင် အကျိတ်တွေ မရှိတော့ပါဘူး။ ဘာသာတရားမှာ အတိုင်းမသိ ငြိမ်းချမ်းမှု ယုံကြည်သက်ဝင်မှုဟာ လူတစ်ယောက်ကို မျှော်လင့်ချက်တွေနဲ့ လင်းလက်လာစေပြီး ကံဆိုးတာတွေကနေ ဆွဲထုတ်ကာ ကောင်းမွန်သာယာတဲ့ဘဝကို ရရှိစေတာလို့ ယူဆရပါတယ်။

 

●        ဆေးကျောင်းသားလေးတစ်ယောက် စာမေးပွဲခန်းထဲကို စတိုင်ကျကျ လျှောက်ဝင်လာပါတယ်။ ဂျူတီကုတ်လေးနဲ့ သန့်သန့်ခန့်ခန့်ကောင်လေးဟာ လူနာရှေ့မှာ ရပ်လိုက်ပါတယ်။ လူနာအစစ် မဟုတ်ပါဘူး။ လူနာအမှတ်နဲ့ စမ်းသပ်မေးမြန်းရမှာပါ။ လူနာအတုရဲ့ ဗိုက်ကိုစမ်းသပ်လိုက်တဲ့ခဏမှာ ဗိုက်ထဲက တဒိန်းဒိန်း သွေးတိုးနေတဲ့ အကျိတ်တစ်ခုကို ထူးဆန်းစွာ စမ်းသပ်မိပါတယ်။ ဆေးကျောင်းသားလေးဟာ အူကြောင်ကြောင် ဖြစ်သွားပြီး ထပ်စမ်းကာ ဆရာတွေကို ပြောလိုက်ပါတယ်။ လူနာအဖြစ် သရုပ်ဆောင်တဲ့ အန်ကယ်ကြီးမှာ တကယ်ပဲ သွေးကြောမကြီး ဖောင်းကြွနာ ရှိနေပါပြီ။  အချိန်မရွေး ပေါက်ကွဲပြဿနာပေးပြီး သွေးယို သေဆုံးနိုင်ပါတယ်။ အရင်က လုံးဝမသိခဲ့တဲ့အဖြစ်ပါ။ လူနာအဖြစ် သရုပ်ဆောင်ရင်း ရောဂါမထင်မှတ်ဘဲ တွေ့ခဲ့ရတဲ့အဖြစ်ပါ။ ၇၅ နှစ်အရွယ် ဂျင်မ်ဟာ  အချိန်မီ ကုသမှုခံယူခဲ့ပြီး အခုထိ ကျန်းမာနေခဲ့ပါတယ်။

 

●        ၁၂ နှစ်အရွယ် မိန်းကလေးရဲ့ ဦးနှောက်ထဲမှာ ဝမ်းကိုက်ပိုးတစ်မျိုးဖြစ်တဲ့ အမီးဘားပိုး ဝင်နေသတဲ့။ အမီးဘားပိုးဟာ မိန်းကလေးရဲ့ ဦးနှောက်ကို ကိုက်ဖြတ်စားသောက်နေပြီး ၉၉ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ရှိနေပါတယ်။ ချောင်းတစ်ခုမှာ အဖော်တွေနဲ့ ရေကူးရင်း ပိုးကူးစက်ခံခဲ့ရတာပါ။ လုံးဝသတိလစ် မေ့မျောနေခဲ့ပြီး နောက်ဆုံး မျှော်လင့်ချက် မရှိတော့တဲ့ အချိန်ကျမှ ပြန်လည်နိုးထ သတိရလာခဲ့တာပါ။ တကယ့်ကံကောင်းခြင်း ဖြစ်ပါတယ်။ သူနဲ့အတူ ကူးစက်ခံရတဲ့ တခြားကောင်လေးကတော့ ဆုံးပါးသွားခဲ့ပါတယ်။ သူမသာ အသက်ရှင် ကျန်ရစ်ခဲ့တာပါ။

 

●        ကလေးမွေးပြီး ရုတ်တရက် သတိလစ်သွားတဲ့ ရူဘီကတော့ ရေမွှာရည် သွေးထဲရောက်သွားတာပါ။ သေဆုံးနိုင်စွမ်း လုံးဝမြင့်မားတဲ့ ရေမွှာရည် သွေးတွင်းရောက်ရောဂါဖြစ်ပါတယ်။  မွေးပြီး နှစ်နာရီတိတိ ပြန်လည်နိုးထလာအောင် ကြိုးစားကုသခဲ့ကြပေမယ့် ရူဘီတယောက် အသက်မရှူတော့ပါဘူး။ နောက်ဆုံး အသက်ရှူစက်ကို ပိတ်ချတော့မယ်ဆိုမှ သူမဟာ အလိုအလျောက် သွေးပြန်ခုန်လာခဲ့ပြီး သတိပြန်ရလာခဲ့ပါတယ်။ အခုချိန်မှာတော့ ကောင်းကောင်းကြီး ပြန်လည်ထူထောင် ကျန်းမာနေပြီပေါ့။

 

●        အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မိုက်ကယ်ဟာ နှလုံးရောဂါ အကြီးအကျယ် ခံစားခဲ့ရပါတယ်။ သေနိုင်တယ်ဆိုတာ မိသားစုက လက်ခံထားပါပြီ။ နှလုံးကြွက်သားကိုလည်း ဗိုင်းရပ်စ်ပိုး ဝင်ရောက်နေသေးတယ်။ နှလုံးအစားမထိုးရင် သူ မရှင်နိုင်တော့ဘူး။ ဒါပေမဲ့ နှလုံးစက်ပေါ်ကို တင်လိုက်တဲ့ခဏမှာ သူရဲ့နှလုံးဟာ အလိုအလျောက် ပြန်လည် အလုပ်လုပ်လာခဲ့ပါတယ်။ မိုက်ကယ် တစ်ယောက် သေရွာပြန်ခဲ့ပြီလေ။ နှလုံးဟာ တဖြည်းဖြည်း သူ့ဘာသာ ပြန်ကောင်းလာခဲ့ပြီး နေကောင်း ကျန်းမာတဲ့ လူတယောက်အဖြစ် ဆေးရုံဆင်းခဲ့ရပါတယ်။ သဘာဝတရားရဲ့ ကူညီဖေးမနိုင်စွမ်းကို လျှော့တွက်လို့ မရဘူးဆိုတဲ့ သင်ခန်းစာပါပဲ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)