နာတာရှည် အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါ ကုသရာတွင်
အဆုတ်ထဲရှိ လေအိတ်ငယ်များနဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းပြီး ပျက်စီးလာတဲ့အခါ နာတာရှည် အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပြီး အသက် 45 နှစ်ကျော်မှာ ဖြစ်လေ့ရှိပါတယ်။
ရောဂါ ရှိ၊ မရှိ သိစေနိုင်ဖို့ အသက်ရှူကိရိယာတစ်မျိုးနဲ့ အားကုန် ရှူသွင်းရှူထုတ်ပြီး အသက်ရှူနိုင်စွမ်းကို စစ်ဆေးစမ်းသပ်ရပါမယ်။
>> ကုသနည်းများကတော့
● ရှူဆေးနဲ့ ဆေးမှုန့်ရှူစက်များ
ရောဂါအတွက် ပေးတဲ့ရှူဆေးနဲ့ ဆေးမှုန့်ရှူစက်များကို အသုံးပြုနည်း သေချာလေ့လာပြီး စနစ်တကျ အသုံးပြုသင့်ပါတယ်။ ဒီဆေးများကို ရှူပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ကျယ်စေနိုင်ပြီး အသက်ရှူရ လွယ်ကူလာကာ ရောဂါပိုမဆိုးအောင် ထိန်းပေးနိုင်တဲ့အပြင် ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။
● ယာယီသက်သာရှူဆေး
ရှူဆေး အများအပြားရှိတဲ့အထဲမှ အသုံးများဆုံးဖြစ်တဲ့ albuterol လို့ခေါ်တဲ့ အသက်ရှူချောင် ရှူဆေးဟာ ရောဂါရှိသူတွေမှာ အရေးပေါ် ရင်ချောင်ဆေးအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ဒီ albuterol ရှူဆေးဟာ ဂေါက်ရှူဆေးအနေနဲ့ လာတတ်တဲ့အပြင် ဆေးမှုန်ရှူဆေးအနေနဲ့လည်း လာတတ်ပါသေးတယ်။
● ပုံမှန်ရှူဆေး
Salmeterol (serevent) နဲ့ Advair စတဲ့ ရှူဆေးတွေဟာ ရင်ချောင်ဆေး salmeterol နဲ့ စတီးရွိုက် fluticasone နှစ်မျိုး ပေါင်းထားတာပဲ ဖြစ်ပါတယ်။ ဒီရှူဆေးတွေဟာလည်း ပုံမှန်ရှူဆေးအနေနဲ့ 12 နာရီခြားတစ်ခါ ရှူပေးရပါမယ်။
● အသက်ရှူလမ်းကြောင်း ရှင်းလင်းပေးခြင်း
Tiotropium (Spiriva) လို့ခေါ်တဲ့ ရင်ချောင်ဆေးတွေဟာ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေကို ရှင်းလင်းပေးပြီး အသက်ရှူ ချောင်စေနိုင်ပါတယ်။
● အောက်ဆီဂျင်
ရောဂါပြင်းထန်သူတွေမှာ အောက်ဆီဂျင်ကို အိုးနဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ ရှူပေးရပါတယ်။ အောက်ဆီဂျင်ကို ဘယ်လိုရှူပေးရမယ် ဆိုတာဟာ အဆုတ်ရောဂါ အနုအရင့်နဲ့ အသက်ရှူရ ခက်ခဲမှုတို့အပေါ် မူတည်နေပါတယ်။
● အသက်ရှူပုံ
အသက်ရှူပုံ ပြောင်းလဲခြင်းဖြင့် အသက်ရှူရခက်ခြင်းကို သက်သာစေနိုင်ပါတယ်။ 4 စက္ကန့်ခန့် နှာခေါင်းမှတစ်ဆင့် ရှူပြီး 6 စက္ကန့်မှ 8 စက္ကန့်ခန့် နှုတ်ခမ်းကို စုကာ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း ကပ်သွားခြင်းကို ကာကွယ်ပေးနိုင်ပြီး အသက်ရှူခြင်းကို လွယ်ကူစေနိုင်ပါတယ်။
● သင့်တင့်မျှတစွာ စားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းဖြင့် အဆုတ်ရောဂါကို ကုသနိုင်ပါတယ်။ အဆုတ်ပွရောဂါ ရှိသူတွေဟာ ပိန်ပြီး အာဟာရ ချို့တဲ့နေတတ်ပါတယ်။ ဒါပေမဲ့ အဆုတ်လမ်းကြောင်းငယ် ရောင်သူတွေမှာ အဝလွန်နေတတ်ပါတယ်။ အဝလွန်ခြင်းကြောင့် အဆုတ်ပေါ် ပိုပြီးဒဏ်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အဆုတ်ရောင်၊ အဆုတ်ပွရောဂါ နှစ်မျိုးလုံးမှာ ကျန်းမာရေးနဲ့ သင့်လျော်တဲ့အစားအစာများ စားသုံးပေးသင့်ပါတယ်။
● တုပ်ကွေးကာကွယ်ဆေး
အဆုတ်ပွ၊ အဆုတ်ရောင် ရောဂါရှိသူတွေမှာ တုပ်ကွေးဝင်တဲ့အခါ အအေးမိ အဆုတ်ရောင်ပြီး ရောဂါ ပိုမိုဆိုးရွားသွားနိုင်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်။
ဒါ့အပြင် တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းဖြင့် ရောဂါဖောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
● အအေးမိ အဆုတ်ရောင်ရောဂါ
အဆုတ်ပွ၊ အဆုတ်ရောင် ရောဂါသမားတွေဟာ အအေးမိ အဆုတ်ရောင် မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်များက ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းတတ်ကြပါတယ်။ တစ်ကြိမ်ထိုးရုံဖြင့် လုံလောက်တတ်လေ့ ရှိပေမယ့် အသက် 65 နှစ်ကျော်မှ ထိုးသူတွေမှာ နောက်တစ်ကြိမ်ထိုးဖို့ လိုအပ်တတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















