/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေရောင်ခြည်ရဲ့ဆိုးကျိုးများ

နေရောင်ခြည်ရဲ့ဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အရေပြားကင်ဆာဖြစ်ခြင်း

          ခရမ်းလွန်ရောင်ခြည်ဟာ ကင်ဆာဖြစ်ပွားမှုကို အားပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Basal cell carcinoma, squamous cell carcinoma နဲ့ melanoma စတဲ့ အရေပြားကင်ဆာ (3) မျိုးလုံးကို ဖြစ်ပွားစေနိုင်ပါတယ်။ အရေပြားကင်ဆာအားလုံးရဲ့ 90 ရာခိုင်နှုန်းဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပါတယ်။

 

2.      နေလောင်စေခြင်း

          ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားက ဆဲလ်တွေကို သေကြေစေနိုင်ပါတယ်။ ဒီလိုပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ အရေပြားမှာ သွေးအသွားအလာ များလာတဲ့အတွက် အရေပြားဟာ နီရဲပြီး နေလောင်လာတာပဲ ဖြစ်ပါတယ်။

 

3.      ကိုယ်ခံစွမ်းအားကို ကျဆင်းစေခြင်း

          နေရောင်နဲ့ ကြာကြာထိတွေ့တဲ့အခါ ကိုယ်ခံစွမ်းအားကိုကျဆင်းစေနိုင်ပါတယ်။ နေရောင်နဲ့ ထိတွေ့ပြီး 24 နာရီအတွင်းမှာ ခန္ဓာကိုယ်ရဲ့ တိုက်ခိုက်ရေးလုပ်သား သွေးဖြူ ဥတွေဟာ ပုံမှန် အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလို နေရောင် ခဏခဏခံလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းလာစေပါတယ်။ ကိုယ်ခံစွမ်းအားဟာ ခန္ဓာကိုယ်မှာ ဘတ်တီးရီယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ ကပ်ပါးပိုးတွေ၊ အဆိပ်အတောက်တွေကို တိုက်ဖျက်ပေးပါတယ်။ ကိုယ်ခံစွမ်းအား ကုန်ဆုံးပြီး သေဆုံးသွားတဲ့ အရာတစ်ခုဟာ မကြာမီမှာပဲ ပိုးမွှားတွေရဲ့ ဖြိုခွဲမှုကြောင့် ပုပ်ဆွေးရတာကို ကြည့်ခြင်းဖြင့် ကိုယ်ခံစွမ်းအားရဲ့ အရေးပါပုံကို သိနိုင်မှာပါ။

 

4.      မျက်လုံးထိခိုက်စေခြင်း

          နေရောင်ခြည်ကို တာရှည်ထိတွေ့သူတွေမှာ မျက်လုံးတစ်သျှူးတွေကို ထိခိုက်နိုင်ပြီး ခေတ္တမျက်လုံးကန်းသည်အထိ ဖြစ်စေနိုင်ပါတယ်။ နှစ်ရက်၊ သုံးရက်လောက်မှာ ပျောက်သွားတတ်ပေမယ့် နောက်ပိုင်းမှာ ပိုမိုဆိုးရွားတဲ့လက္ခဏာတွေကို ဖြစ်ပေါ်စေလာနိုင်ပါတယ်။ နေရောင်နည်းနည်းနဲ့ ထိတွေ့ရုံမျှနဲ့တောင် အတွင်းတိမ်လိုမျိုး ကြာလာရင် အမြင်ချို့ယွင်းစေတတ်တဲ့ မျက်လုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ မျက်လုံးကို ထိခိုက်စေရာမှာ တဖြည်းဖြည်းချင်း စုလာပြီး ဖြစ်တတ်တာကြောင့် အခုချိန်မှစပြီး ကာကွယ်မယ်ဆိုရင်တောင် မှီလောက်ပါသေးတယ်။

 

5.      အရွယ်ကျစေခြင်း

          ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့အောက်မှာရှိတဲ့ ကော်လဂျင်နဲ့ ကြွက်သားအလွှာတွေကို ဖျက်ဆီးနိုင်တဲ့အတွက် အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အရေပြား လျော့တွဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လက်မောင်း အပြင်သားနဲ့ အတွင်းသားတို့ရဲ့ အသားအရောင်၊ အရေးကြောင်းတို့ကို ကြည့်ခြင်းဖြင့် နေလောင်ဒဏ် ဘယ်လောက်ထိဆိုးကြောင်း သိနိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အရွယ်ကျခြင်းဟာလည်း တဖြည်းဖြည်းချင်း စုလာပြီး ဖြစ်တတ်တာကြောင့် အခုကစပြီး နေရောင်ကာခရင်မ်တွေနဲ့ ကာကွယ်လိုက်ပါ။ နေရောင်ခံခြင်းက အခုချိန်မှာ ညိုတိုတိုနဲ့ ကြည့်ကောင်းစေပေမယ့် ကြာလာတဲ့အခါ လျော့ရဲရဲအသားနဲ့ အရေပြားကင်ဆာတို့ကို ဖြစ်စေလာနိုင်ပါတယ်။

 

6.      ပလတ်စတစ်တွေကို အရည်ပျော်စေခြင်း

          ပလတ်စတစ်၊ နိုင်လွန်နဲ့ ပိုလီစတိုင်ရင် စတာတွေဟာ နေရောင်နဲ့ ထိတွေ့တဲ့အခါ ပျော့ပြောင်းပြီး အရည်ပျော်တတ်ပါတယ်။

 

7.      အရောင်ကျစေခြင်း

          အရောင်တင်မှုန့်တွေ၊ အလှပြင်ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ပလတ်စတစ်နဲ့ အခြားပစ္စည်းတွေမှာ ပါဝင်တဲ့ အရောင်ခြယ်ပစ္စည်းတွေနဲ့ ဆိုးဆေးတွေဟာ နေရောင်နဲ့ ထိတွေ့တဲ့အခါ အရောင်ကျတတ်တဲ့အတွက် အဝတ်အစား၊ အိမ်ထောင်ပရိဘောဂတွေနဲ့ ပန်းချီကားတွေကို နေရောင်နဲ့မထိတွေ့အောင် ထားသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)